စက်တင် ၁၀၊ ၂၀၂၆

The Kaladan Post

ဖိလစ်ပိုင်နိုင်ငံ ပါလာဝမ် (Palawan) ပြည်နယ် ကော်ရွန် (Coron) ကမ်းလွန်တွင် ကူးတို့သင်္ဘောတစ်စင်း မီးလောင်ကျွမ်းခဲ့သဖြင့် အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး ၈၆ ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံ၏ ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

မြို့တော် မနီလာမှ ခရီးသည် ၁၁၇ ဦးနှင့် သင်္ဘောသား ၁၇ ဦး တင်ဆောင်လာသည့် MV June Aster သင်္ဘောသည် ခရီးသွားများ စည်ကားရာ ကော်ရွန်သို့ ဆိုက်ကပ်ရန် နာရီပိုင်းအလို ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီခန့်တွင် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ပါတယ်။ ကယ်ဆယ်ရေး အဖွဲ့များက လူ ၄၃ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ဘာရန်ဂေး တာဒါ (Barangay Turda) ရှိ ကယ်ဆယ်ရေး စခန်းသို့ ပို့ဆောင်ထားပါတယ်။

ကြာသပတေးနေ့ နံနက် ၁၁ နာရီအထိ မီးလောင်ကျွမ်းနေဆဲဖြစ်ပြီး ရေစီးသန်ခြင်းနှင့် ရာသီဥတုဆိုးရွားခြင်းတို့ကြောင့် မီးငြှိမ်းသတ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အခက်အခဲ ဖြစ်နေရပါတယ်။ ကမ်းခြေစောင့်တပ် ပြောရေးဆိုခွင့်ရှိသူက ရေစီးကြမ်းသဖြင့် မီးလောင်နေသည့် သင်္ဘောမှာ မူလ အကူအညီတောင်းခံခဲ့သည့်နေရာမှ ၇.၆၈ ရေမိုင်အထိ လွင့်မျောသွားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အရေးပေါ် ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူတစ်ဦးက ၎င်းတို့အနေဖြင့် ယခုကဲ့သို့ ကြေကွဲဖွယ် ကပ်ဘေးမျိုးကို တစ်ခါမျှ မကြုံဖူးကြောင်း BBC သို့ ပြောဆိုခဲ့ပါတယ်။ ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များသည် ဆေးရုံများနှင့် လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းအချက်အလက် ရရှိရေး စိုးရိမ်တကြီး စောင့်ဆိုင်းနေကြပြီး မီးလောင်ရသည့် အကြောင်းရင်းကိုမူ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

ကျွန်းပေါင်း ၇,၁၀၀ ကျော်ရှိသည့် ဖိလစ်ပိုင်နိုင်ငံတွင် မုန်တိုင်းဒဏ်၊ စက်ယန္တရား ထိန်းသိမ်းမှု အားနည်းခြင်းနှင့် ဘေးကင်းရေး ဥပဒေများ လိုက်နာမှု မရှိခြင်းတို့ကြောင့် ရေကြောင်း မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။ ၂၀၂၃ ခုနှစ်ကလည်း MV Lady Mary Joy 3 ခရီးသည်တင် သင်္ဘော မီးလောင်ကျွမ်းမှုကြောင့် လူ ၃၁ ဦး သေဆုံးခဲ့ဖူးပြီး ယခု ဖြစ်စဉ်သည် မကြာသေးမီ နှစ်များအတွင်း အဆိုးရွားဆုံး ရေကြောင်း ကပ်ဘေးတစ်ခု ဖြစ်လာဖွယ် ရှိနေပါတယ်။

Source – BBC