ဩဂုတ် ၂၂၊ ၂၀၂၆

The Kaladan Post

ယူကရိန်းနိုင်ငံ အလယ်ပိုင်းရှိ ဈေးဝယ်စင်တာတစ်ခုကို ရုရှားဒရုန်းများဖြင့် နှစ်ကြိမ် ဆက်တိုက် တိုက်ခိုက်ခဲ့သဖြင့် အနည်းဆုံး လူ ၁၆ ဦး သေဆုံးပြီး ၁၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သောကြာနေ့ (ဩဂုတ်လ ၂၁ ရက်) တွင် အာဏာပိုင်များက ထုတ်ပြန်လိုက်ပါတယ်။

သမ္မတ ဇယ်လင်းစကီး၏ မွေးရပ်မြေ ဖြစ်သည့် ခရီးဗီရီး (Kryvyi Rih) မြို့၌ နေ့ခင်းဘက် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ဒဏ်ရာရသူများထဲတွင် ကလေးငယ် ၂၂ ဦး ပါဝင်ကာ ၂၉ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေတယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး အိုလက်ဆန္ဒာ ဟန်ဇာ (Oleksandr Hanzha) က ဆိုပါတယ်။ ဒါ့အပြင် ကလေး ၂ ဦး အပါအဝင် ပြည်သူ ၉ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ပထမ ဒရုန်း တိုက်ခိုက်မှုအပြီး နာရီဝက်အကြာတွင် အရေးပေါ် ကူညီရေး ဝန်ထမ်းများကို ပစ်မှတ်ထား၍ ဒုတိယမြောက် ဒရုန်းဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သမ္မတ ဗိုလိုဒီမီယာ ဇယ်လင်းစကီး က ပြောကြားခဲ့ပါတယ်။ ဇယ်လင်းစကီးက “ဒီလို တိုက်ခိုက်မှုတွေဟာ အကြမ်းဖက် လုပ်ရပ်တွေထက် ဘာမှ မလျော့ပါဘူး… ကျွန်တော်တို့ဘက်က မုဒ်ချ တုံ့ပြန်သွားမှာပါ” ဟု Telegram တွင် ရေးသားထားပါတယ်။

သောကြာနေ့တွင် ပေါ်ပေါက်ခဲ့သည့် အခြား တိုက်ခိုက်မှုတစ်ခု၌ မိုင်ကိုလေ့ဗ် (Mykolaiv) ဒေသတွင် ဒရုန်းကျရောက်၍ ကလေး ၃ ဦး အပါအဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။ ကြာသပတေးနေ့ကလည်း မြို့တော် ကိယက်ဗ် ကို ရုရှားက ပဲ့ထိန်းဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့သဖြင့် လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

Source – Reuters