စက်တင် ၇၊ ၂၀၂၆
The Kaladan Post
အမေရိကန်နှင့် အီရန်တို့အကြား ဟော်မုဇ် ရေလက်ကြားအနီးရှိ ရေနံတင် သင်္ဘောများကို အပြန်အလှန် တိုက်ခိုက်မှုများကြောင့် ရေနံထောက်ပံ့မှု ပြတ်တောက်မည်ကို စိုးရိမ်မှုများ မြင့်တက်လာပြီး စက်တင်ဘာလ ၇ ရက် တနင်္လာနေ့တွင် ကမ္ဘာ့ရေနံစိမ်း စျေးနှုန်းများ ဆက်လက် မြင့်တက်ခဲ့ပါတယ်။
အမေရိကန် WTI ရေနံစိမ်း စျေးနှုန်းသည် ၀.၇၂ ရာခိုင်နှုန်း (၆၆ ဆင့်) မြင့်တက်ကာ တစ်ဘီပါလျှင် ၉၂.၁၄ ဒေါ်လာ ဖြစ်လာပြီး ဘရန့် (Brent) ရေနံစိမ်း စျေးနှုန်းမှာလည်း ၀.၅၄ ရာခိုင်နှုန်း (၅၂ ဆင့်) မြင့်တက်ကာ တစ်ဘီပါလျှင် ၉၆.၈၀ ဒေါ်လာသို့ ရောက်ရှိခဲ့ပါတယ်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်းကလည်း ဘရန့် ရေနံစိမ်း စျေးနှုန်း ၇.၈ ရာခိုင်နှုန်းနှင့် WTI ရေနံစိမ်း စျေးနှုန်း ၁၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ပါတယ်။
အမေရိကန် ဗဟိုစစ်ဌာနချုပ်က စနေနေ့တွင် အီရန် ရေနံတင်သင်္ဘော ၃ စီးကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး အဆိုပါ အထဲတွင် အီရန်၏ အဓိက ရေနံတင်ပို့ရာ ခါဂ်ကျွန်း (Kharg Island) အနီးရှိ သင်္ဘောတစ်စီး ပါဝင်ခဲ့ပါတယ်။ အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ကလည်း ဟော်မုဇ် ရေလက်ကြားအတွင်း ခွင့်ပြုချက်မရှိဘဲ သွားလာနေသည့် ရေနံတင်သင်္ဘော ၃ စီးနှင့် အခြားနေရာရှိ အမေရိကန် ရေယာဉ် ၃ စီးကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့ရေနံ ထောက်ပံ့မှု၏ ၅ ပုံ ၁ ပုံခန့် ဖြတ်သန်းသွားလာနေသည့် အဆိုပါ ဟော်မုဇ် ရေလက်ကြားအတွင်း လွန်ခဲ့သည့် ၁၀ ရက်အတွင်း ကုန်စည်တင် သင်္ဘော ကူးသန်းသွားလာမှုမှာ တစ်ရက်လျှင် ပျမ်းမျှ ၁၀ စီးခန့်သာ ရှိတော့ကြောင်း Kpler ဒေတာများအရ သိရပါတယ်။ အီရန် အမျိုးသား လုံခြုံရေး ကောင်စီ အတွင်းရေးမှူး မိုဆန်ရီဇာအီ (Mohsen Rezaei) ကလည်း လာမည့် ရက်များအတွင်း ရေလက်ကြား ပြင်ပတွင် ကန့်သတ်ဇုန် ထုတ်ပြန်သွားမည်ဟု ပြောကြားထားပါတယ်။
အိုပက်ပလပ်စ် (OPEC+) အဖွဲ့ကမူ တနင်္ဂနွေနေ့ အစည်းအဝေးအပြီးတွင် အောက်တိုဘာလအတွက် ရေနံထုတ်လုပ်မှု မူဝါဒကို ပြောင်းလဲခြင်း မရှိဘဲ ပုံမှန်အတိုင်း ထိန်းသိမ်းထားရန် ဆုံးဖြတ်ခဲ့ပါတယ်။
Source – Angel One