ဩဂုတ် ၂၂၊ ၂၀၂၆
The Kaladan Post
အင်ဒိုနီးရှားနိုင်ငံ ရီအော (Riau) ကျွန်းစု ရေပြင်အတွင်း တန်ဇန်းနီးယား အလံတင် ကုန်တင်သင်္ဘောတစ်စီးပေါ်မှ အရည်ပြောင်း မက်သဖက်တမင်း (Liquid Meth) ၂.၆ မက်ထရစ်တန် ဖမ်းဆီးရမိခဲ့ပြီး မြန်မာနိုင်ငံသား ၁၀ ဦးကို ဖမ်းဆီးလိုက်ကြောင်း အာဏာပိုင်များက သောကြာနေ့ (ဩဂုတ်လ ၂၁ ရက်) တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ထုတ်ပြန်လိုက်ပါတယ်။
MV Ocean Porter ဟု အမည်တု တပ်ဆင်ထားသည့် အဆိုပါ သင်္ဘောပေါ်ရှိ ကုန်သေတ္တာပေါ်မှ ရေစည် ၈ စည်အတွင်း ၁.၆ တန်နှင့် ရေသန့်စင်ကန်အတွင်းမှ ၁ တန် အပါအဝင် မက်သဖက်တမင်း စုစုပေါင်း ၂.၆ တန်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ထို့အပြင် တရုတ်နိုင်ငံမှ ထွက်ရှိသည့် တရားမဝင် စီးကရက် ၁.၅ သန်းခန့်ကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။
အင်ဒိုနီးရှား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အေဂျင်စီ (BNN) အကြီးအကဲ ဆူယူဒီ အာရီယို ဆီတို (Suyudi Ario Seto) က “ဒါဟာ မူးယစ်ဆေးဝါး ပြစ်မှုတွေဟာ ခဲပုံစံကနေ အရည်ပုံစံ ပြောင်းလဲလာပြီး Vape သို့မဟုတ် အီလက်ထရွန်နစ် စီးကရက် သုံးစွဲမှုကနေတစ်ဆင့် ပြည်သူတွေရဲ့ လူနေမှုဘဝဆီ စိမ့်ဝင်လာနေတယ်ဆိုတာ အခိုင်အမာ သက်သေပြနေတာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။
ဖမ်းဆီးခံရသည့် မြန်မာ သင်္ဘောသား ၁၀ ဦးလုံးကို ကာရီမွန်း (Karimun) အကောက်ခွန် ဆိပ်ကမ်းသို့ ပို့ဆောင် စစ်ဆေးနေပြီး အင်ဒိုနီးရှား၏ တင်းကြပ်သော မူးယစ်ဆေးဝါး ဥပဒေအရ သေဒဏ်အထိ ကျခံရနိုင်ပါတယ်။ အဆိုပါ အဖွဲ့သည် ဩဂုတ်လ ၈ ရက်နေ့က ကီတာမင်း (Ketamine) ၁.၃ တန် ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်နှင့်လည်း ဆက်စပ်မှု ရှိကြောင်း အာဏာပိုင်များက ဆိုပါတယ်။
Source – Reuters