ရက် ၁၀၀ အတွင်း စစ်ကောင်စီက ၁,၀၄၅ ကြိမ် လူ့အခွင့်အရေးချိုးဖောက်ဟု NUG ပြော

ဩဂုတ် ၂၁
The Kaladan Post
ဧပြီ ၂၀ ရက်ကနေ ဇွန် ၃၀ ရက်အထိ ရက်ပေါင်း ၁၀၀ ကျော်အတွင်း စစ်ကောင်စီက တစ်နိုင်ငံလုံးမှာ လေကြောင်းတိုက်ခိုက်မှု ၁,၁၇၄ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား ၂၇၇ ဦး သေဆုံးခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။ အဲဒီကာလအတွင်း တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ၃၉၆ ခု မှတ်တမ်းတင်ထားပြီး စစ်ကိုင်းတိုင်းမှာ တိုက်ခိုက်မှု ၂၄၉ ကြိမ်နဲ့ အများဆုံးဖြစ်ပြီး ချင်းပြည်နယ်နဲ့ မကွေးတိုင်းတို့မှာလည်း ထိခိုက်မှုတွေ များပြားခဲ့ကြောင်း သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုများအတွင်း သေဆုံးသူ ၂၇၇ ဦးထဲမှာ အသက် ၁၈ နှစ်အောက် ကလေး ၄၅ ဦး ပါဝင်ပြီး အရပ်သား ၄၃၁ ဦး ဒဏ်ရာရခဲ့သလို စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံနဲ့ နေအိမ်တွေပါ ပျက်စီးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၂၀ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၁၆၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုကာ ချင်းပြည်နယ်မှာ အဆိုပါဖြစ်စဉ်တွေ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အထူးသဖြင့် မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေမှာ ကလေးငယ်တွေနဲ့ အရပ်သားတွေ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အဲဒီကာလအတွင်း တရားဥပဒေပြင်ပသတ်ဖြတ်မှု၊ အဓမ္မခိုင်းစေမှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ မတရားဖမ်းဆီးမှုတွေ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု ၁,၀၄၅ မှုကို မှတ်တမ်းတင်ထားပြီး နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတွေကို ချိုးဖောက်နေတယ်လို့ NUG ဘက်က ပြောထားပါတယ်။
#NUG #လေကြောင်းတိုက်ခိုက်မှု #လူ့အခွင့်အရေး #စစ်ကိုင်းတိုင်း #မြန်မာ့အရေး


ပေါ်တာဆွဲခံ လူငယ်တွေကို အသက်မဆုံးရှုံးခင် ထွက်လာပြီး အလင်းဝင်ကြရန် PDF တိုက်တွန်း

ဩဂုတ် ၂၁
The Kaladan Post
မြန်မာနိုင်ငံအတွင်း လူငယ်များ ပေါ်တာဆွဲခံရပြီး စစ်သင်တန်းအမြန်ပေးကာ ရခိုင်၊ စစ်ကိုင်း၊ ကချင်၊ မကွေးနဲ့ ချင်းပြည်နယ်တို့က စစ်မျက်နှာတွေကို ပို့ဆောင်ခံနေရတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်က ပြောဆိုလာပါတယ်။ ဒီအခြေအနေကြောင့် မိသားစုတွေအနေနဲ့ သားသမီးတွေရဲ့ လုံခြုံရေးအတွက် နေ့စဉ်စိုးရိမ်နေရပြီး လူငယ်တွေရဲ့ အသက်နဲ့ အနာဂတ်အပေါ် ထိခိုက်မှုတွေ ရှိနေတယ်လို့ အသိပေးထားပါတယ်။
ထို့ကြောင့် ပေါ်တာဆွဲခံရသူတွေအနေနဲ့ ရှေ့တန်းရောက်ချိန် အခွင့်အရေးရပါက နီးစပ်ရာ တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်သွယ်ပြီး အလင်းဝင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က တိုက်တွန်းထားပါတယ်။ PDF ဘက်က အလင်းဝင်လာသူတွေကို လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ပေး နေပြီး လူငယ်အရင်းအမြစ်တွေ မပြုန်းတီးစေရေးကို ရည်ရွယ်တယ်လို့ ဆိုထားပါတယ်။
မိဘတွေအနေနဲ့လည်း ပေါ်တာဆွဲခံရနိုင်တဲ့ အန္တရာယ်နဲ့ အလင်းဝင်နိုင်တဲ့ လမ်းကြောင်းတွေကို သားသမီးတွေအား ကြိုတင်အသိပေးထားဖို့ တိုက်တွန်းထားပါတယ်။ ဒါ့အပြင် စစ်ပွဲကြောင့် လူငယ်တွေရဲ့ အသက်ဆုံးရှုံးမှုနဲ့ မိသားစုတွေ ပိုမိုနစ်နာရမှုတွေ မဖြစ်စေရေးအတွက် လက်ရှိအခြေအနေကို အလေးအနက်ထား စဉ်းစားဖို့ PDF ဘက်က တိုက်တွန်းထားပါတယ်။
#ပေါ်တာဆွဲခံရမှု #လူငယ်များ #အလင်းဝင်ရေး #ပြည်သူ့ကာကွယ်ရေးတပ်မတော်

မြောင်မြို့နယ် ဘုန်းကြီးကျောင်း ဓမ္မာရုံ လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံး

ဩဂုတ် ၂၁
The Kaladan Post
ဩဂုတ် ၂၁ ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ဆွဲလဲအိုကျေးရွာ ရွာဦးဘုန်းကြီးကျောင်း ဓမ္မာရုံမှာ ဥပုသ်သီလတရားပွဲ ပြုလုပ်နေချိန် လေကြောင်းတိုက်ခိုက်ခံခဲ့ရတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ လေကြောင်းကနေ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် သံဃာတော်တချို့အပါအဝင် ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုအတွင်း ကနဦးသတင်းတွေအရ ဖြစ်စဉ်နေရာမှာ လူ ၇ ဦး သေဆုံးခဲ့ပြီး နောက်ပိုင်း သေဆုံးသူအရေအတွက် ပိုမိုမြင့်တက်လာနိုင်တယ်လို့ ဒေသခံတွေက ပြောထားပါတယ်။
ထို့ပြင် ဒဏ်ရာရရှိသူတွေထဲမှာ ပြင်းထန်ဒဏ်ရာရသူတွေရှိတာကြောင့် အရေးပေါ်ကယ်ဆယ်ရေးနဲ့ ဆေးကုသမှုပေးနိုင်ရေး ဆောင်ရွက်နေကြောင်း သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုအပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပေမယ့် နောက်ထပ်လေကြောင်းတိုက်ခိုက်မှု ဖြစ်လာနိုင်တဲ့အတွက် ဒေသခံတွေ စိုးရိမ်နေရကြောင်း သိရပါတယ်။
အလားတူ ဩဂုတ်လ၁၉ရက် နေ့ကလည်း မြောင်မြို့နယ်၊လှေတင်ဦး ကျေးရွာကို စစ်တပ်က ဗုံးကြဲခဲ့တာမို့ ပြည်သူ၂ဦး သေဆုံးပြီး ၁၉ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
#မြောင်မြို့နယ် #ဆွဲလဲအိုကျေးရွာ #လေကြောင်းတိုက်ခိုက်မှု #အရပ်သားထိခိုက်သေဆုံးမှု

လက်ပံတန်းမှာ PDF သတင်းထောက်လှမ်းသူ စစ်မှုထမ်းဟောင်းတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ဩဂုတ် ၂၁
The Kaladan Post
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ် ခေါင်းလောင်းတိုင်ကျေးရွာအနီးမှာ PDF အဖွဲ့တွေရဲ့ သတင်းကို ထောက်လှမ်းနေသူ ပြည်သူ့စစ်မှုထမ်းတစ်ဦးကို ဩဂုတ် ၁၈ ရက်က အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ရွှေတန်းမြေ PDF အဖွဲ့ထံမှ သိရပါတယ်။
အဆိုပါ ဖမ်းဆီးရမိသူဟာ စစ်မှုထမ်းအပတ်စဉ် ၂၃ သင်တန်းဆင်းတပ်သားဖြစ်ပြီး ကျေးရွာအတွင်း ပြန်လည်နေထိုင်ကာ PDF အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို စုံစမ်းထောက်လှမ်းပေးဖို့ တာဝန်ယူထား တယ်လို့ စစ်ဆေးစဥ် ထွက်ဆိုခဲ့ကြောင်း တပ်ဖွဲ့က ပြောဆိုထားပါတယ်။ အဲဒီနောက် သူ့ရဲ့ “ဆရာ” လို့ဆိုတဲ့ အသက် ၅၀ အရွယ် စစ်မှုထမ်းဟောင်း ဦးထွန်းထွန်းကို သွားရောက်ဖမ်းဆီးစဉ် ထွက်ပြေးခဲ့တာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးခဲ့တယ်လို့ အဖွဲ့ဘက်က ဆိုပါတယ်။
ဦးထွန်းထွန်းဟာ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး မိုင်းထိထားတာကြောင့် ခြေတစ်ဖက်ပြတ် နေသူဖြစ်သလို သာယာကုန်းကျေးရွာရှိ ရဲကင်းစခန်းကို မကြာခဏ ဝင်ထွက်သွားလာသူလည်း ဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့ ပြည်သူ့စစ်မှုထမ်းကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေထံ တင်ပြထားပြီး လိုအပ်သလို ဆက်လက်အရေးယူဆောင်ရွက်သွားမယ်လို့ ရွှေတန်းမြေ PDF က ပြောပါတယ်။
#လက်ပံတန်း #ပဲခူးတိုင်း #ပြည်သူ့စစ်မှုထမ်း #PDF #မြန်မာ့အရေး

မြန်မာ–ရုရှား ဆက်ဆံရေးနက်ရှိုင်းလာမှုအပေါ် နိုင်ငံတကာက အရေးပေါ်တုံ့ပြန်ရန် JFM တောင်းဆို

ဩဂုတ် ၂၁
The Kaladan Post
ရုရှားနဲ့ မြန်မာစစ်အုပ်စုကြား စစ်ရေးနဲ့ စီးပွားရေးဆက်ဆံရေး ပိုမိုနက်ရှိုင်းလာတာကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အလေးထားစောင့်ကြည့်ဖို့ လိုအပ်တယ်လို့ JFMက ပြောဆိုထားပါတယ်။ ရုရှားဘက်က မြန်မာစစ်တပ်ထံ စစ်လက်နက်နဲ့ စစ်ရေးအထောက်အပံ့ပေးနေပြီး အဆိုပါလက်နက်ကို မြန်မာစစ်တပ်က အရပ်သားတွေအပေါ် စစ်ဆင်ရေးတွေမှာ အသုံးပြုနေတယ်လို့ ဆိုထားပါတယ်။
ထို့ပြင် မြန်မာစစ်အုပ်စုသည် ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ သတ္တု၊ စွမ်းအင်နဲ့ ရေနက်ဆိပ်ကမ်းအပါအဝင် ကဏ္ဍအသီးသီးမှာ ရုရှားရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။ မြန်မာနဲ့ ရုရှားခေါင်းဆောင်တွေက အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တန်ပြန်၊ လျှော့ချနဲ့ ရှောင်ရှားနိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက်တွေ ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။
အဆိုပါဆက်ဆံရေးဟာ ရုရှားနဲ့ မြန်မာစစ်အုပ်စုအပေါ် ချမှတ်ထားတဲ့ နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှု တွေကို ထိရောက်မှုလျော့နည်းစေနိုင်တာကြောင့် စိုးရိမ်စရာဖြစ်လာတယ်လို့ JFMက သုံးသပ် ပြောဆိုထားပါတယ်။
ဒါကြောင့် နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာစစ်အုပ်စုနဲ့ ရုရှားကြား ဆက်ဆံရေးကို အထောက်အကူ ပြုနေသူတွေနဲ့ အကျိုးအမြတ်ရရှိနေသူတွေကိုပါ ပစ်မှတ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ တောင်းဆိုထားတာဖြစ်ကြောင်း သိရပါတယ်။
#မြန်မာစစ်အုပ်စု #ရုရှားမြန်မာဆက်ဆံရေး #ဒဏ်ခတ်ပိတ်ဆို့မှု #စစ်လက်နက်တင်ပို့မှု

NUG ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုမှ တော်လှန်ရေးဆက်လက်လုပ်ဆောင်မည်ဟု LDF ပြောဆို

ဩဂုတ် ၂၁
The Kaladan Post
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ ပုဏ္ဏဝတီ (LDF) ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဟာ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ မြို့နယ် ပကဖရဲ့ ကွပ်ကဲမှုကို ခံယူပြီး တော်လှန်ရေး တာဝန်တွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ယနေ့ ဩဂုတ် ၂၁ ရက်မှာ အသိပေးလာပါတယ်။
အဆိုပါအဖွဲ့ဟာ တောင်တွင်းကြီးမြို့နယ် ပကဖရဲ့ အုပ်ချုပ်ကွပ်ကဲမှုအောက်ကို အလုံးစုံ ဝင်ရောက် တာဖြစ်ပြီး အာဏာရှင်စနစ် အဆုံးသတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ထွန်းရေးအတွက် ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ တပ်ဖွဲ့ရဲ့ စီမံခန့်ခွဲမှုနဲ့ အုပ်ချုပ်ရေးကိစ္စတွေကိုလည်း မြို့နယ် ပကဖရဲ့ ညွှန်ကြားချက်နဲ့ လမ်းညွှန်မှုတွေအတိုင်း လိုက်နာဆောင်ရွက်သွားမယ်လို့ ပုဏ္ဏဝတီ (LDF) က အသိပေး ပြောဆိုထားပါတယ်။
ထို့ပြင် ရှေ့ဆက် တော်လှန်ရေးလုပ်ငန်းစဉ်တွေအတွက် ပြည်သူတွေအနေနဲ့ ဆက်လက်ကူညီထောက်ပံ့ ပေးကြဖို့လည်း ပုဏ္ဏဝတီ (LDF) က မေတ္တာရပ်ခံထားပါတယ်။
#ပုဏ္ဏဝတီLDF #တောင်တွင်းကြီး #မြို့နယ်ပကဖ #NUG #မြန်မာ့အရေး