ဩဂုတ် ၂၁၊ ၂၀၂၆

The Kaladan Post

ဂါဇာ ပဋိပက္ခတွင် ကြားဝင် စေ့စပ်ပေးနေသည့် တူရကီ၊ အီဂျစ်နှင့် ကာတာနိုင်ငံတို့သည် မကြာသေးမီက အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုများကို ရှုတ်ချလိုက်ပြီး အရေးကြီးသော အချိန်အခါ၌ ယခု တိုက်ခိုက်မှုများသည် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို ထိခိုက်စေကြောင်း ကြာသပတေးနေ့ (ဩဂုတ်လ ၂၀ ရက်) တွင် သတိပေးလိုက်ပါတယ်။

အင်္ဂါနေ့မှစ၍ အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ဂါဇာတွင် ပါလက်စတိုင်း ၁၆ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ ကြားဝင် စေ့စပ်သူ ၃ နိုင်ငံ၏ ပူးတွဲ ထုတ်ပြန်ချက်တွင် “ဂါဇာ ပဋိပက္ခ အဆုံးသတ်ရေး ဘက်စုံ စီမံကိန်းကို အကောင်အထည်ဖော်ဖို့ အပြင်းအထန် ကြိုးပမ်းနေတဲ့ အရေးကြီး အချိန်အခါမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ ပိုမို ပြင်းထန်လာတာဟာ ဒေသတွင်းနဲ့ နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေကို ထိခိုက် စေပါတယ်” ဟု ရေးသားထားပါတယ်။

အမေရိကန် အထူးသံတမန် ဂျာရက်တ် ကူးရှ်နား (Jared Kushner) ၏ ဒေသတွင်း ခရီးစဉ်မှာ သမ္မတ ထရမ့်၏ ငြိမ်းချမ်းရေး စီမံကိန်းအတွက် တိုးတက်မှု မရရှိဘဲ ပြီးဆုံးခဲ့ပါတယ်။ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟု က ဟာမတ်စ်တို့ ရာနှုန်းပြည့် လက်နက် မဖြုတ်သိမ်းမီ အစ္စရေးတပ်များ ရုပ်သိမ်းမည် မဟုတ်ဟု ငြင်းဆန်ထားသလို ဟာမတ်စ်ဘက်ကလည်း အစ္စရေးတပ်များ အရင် ရုပ်သိမ်းရန် တောင်းဆိုနေကြပါတယ်။

ပြီးခဲ့သည့် အောက်တိုဘာလတွင် အပစ်အခတ် ရပ်စဲရေး သက်ဝင်ခဲ့ပြီးနောက်ပိုင်း ဂါဇာတွင် ပါလက်စတိုင်း ၁,၂၈၃ ဦး သေဆုံးခဲ့ပြီး အစ္စရေး စစ်သည် ၄ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများနှင့် အစ္စရေး စစ်တပ်က ထုတ်ပြန်ထားပါတယ်။

Source – Reuters