ဩဂုတ် ၂၁၊ ၂၀၂၆
The Kaladan Post
ထိုင်းအစိုးရအနေဖြင့် မြန်မာစစ်တပ်နှင့် ထိတွေ့ဆက်ဆံရေး တိုးမြှင့်လာမှုသည် စစ်ကောင်စီအား တရားဝင်အဖြစ် အသိအမှတ်ပြုရာ ရောက်စေပြီး အာဆီယံ၏ ဘုံရပ်တည်ချက်ကို ထိခိုက်စေကြောင်း အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (APHR)၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့် ကုလသမဂ္ဂ ကျွမ်းကျင်သူဟောင်းများက ဩဂုတ်လ ၂၁ ရက်နေ့တွင် ဝေဖန် ရှုတ်ချလိုက်ပါတယ်။
APHR ၏ ဩဂုတ်လ ၂၀ ရက်နေ့ ထုတ်ပြန်ချက်တွင် ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရကူလ် က ဩဂုတ်လ ၆ ရက်၌ မင်းအောင်လှိုင် ကို လက်ခံတွေ့ဆုံခဲ့ခြင်းနှင့် ဗိုလ်ချုပ် ရဲဝင်းဦး ထိုင်းသို့ သွားရောက်ခဲ့ခြင်းများကို ထောက်ပြထားပါတယ်။ အာဆီယံ၏ အချက် ၅ ချက်ပါ သဘောတူညီချက် မလိုက်နာသမျှ စစ်ခေါင်းဆောင်များကို အဆင့်မြင့် အစည်းအဝေးများ တက်ရောက်ခွင့် ကန့်သတ်ထားသည့် အာဆီယံ ကတိကဝတ်များကို ထိုင်းအစိုးရက လျစ်လျူရှုရာ ရောက်သည်ဟု ဆိုပါတယ်။
ဒါ့အပြင် ထိုင်းအာဏာပိုင်များက နယ်စပ်တွင် မြန်မာ တော်လှန်ရေးအဖွဲ့များ၏ ပစ္စည်းများကို သိမ်းဆည်းခဲ့သည့် ဖြစ်စဉ်များ ရှိနေသဖြင့် ထိုင်းနိုင်ငံအနေဖြင့် စစ်ကောင်စီ၏ စစ်ရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်မိနိုင်ကြောင်း APHR က သတိပေးထားပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ကာဆစ် ပီရိုမယာ နှင့် ကုလသမဂ္ဂ ကျွမ်းကျင်သူဟောင်းများဖြစ်ကြသည့် မာဇူကီ ဒါရူစမန်၊ ယန်ဟီးလီ နှင့် ခရစ် ဆီဒွိုက် တို့ကလည်း ယခု လုပ်ရပ်သည် အရပ်သားများအပေါ် အကြမ်းဖက်မှုများကို ပိုမို အားပေးရာ ရောက်သည်ဟု ထောက်ပြကြပါတယ်။
မင်းအောင်လှိုင် ထိုင်းမှ ပြန်ရောက်ပြီးနောက် အာဆီယံ အထူးကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခွင့်ကို စစ်ကောင်စီက ပယ်ချခဲ့ကြောင်းလည်း ၎င်းတို့က ဆိုပါတယ်။ ထိုင်းအစိုးရဘက်ကမူ မြန်မာစစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံခြင်းမှာ တရားဝင် အသိအမှတ်ပြုရန် မဟုတ်ဘဲ ဆွေးနွေးပွဲများတွင် ပါဝင်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ပြန်လည် တုံ့ပြန်ထားပါတယ်။