ဇူလိုင် ၁၊ ၂၀၂၆

The Kaladan Post

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တင်းကျပ်တဲ့ နှိမ်နင်းမှုတွေအပေါ် ပုပ်ရဟန်းမင်းကြီး လီယို (Pope Leo XIV) က အကြိမ်ကြိမ် ဝေဖန်ပြောဆိုခဲ့ပြီးနောက်၊ အမေရိကန် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် (JD Vance) က ဗာတီကန် (Vatican) ရဲ့ လူဝင်မှုကြီးကြပ်ရေးအပေါ် ရှုမြင်ပုံတွေကို သဘောမတူကြောင်းနဲ့ “စိုးရိမ်ဖွယ်ရာ (Troubling)” ဖြစ်ကြောင်း အင်္ဂါနေ့ (ဇွန်လ ၃၀ ရက်) မှာ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

ပထမဆုံး အမေရိကန်နွယ်ဖွား ပုပ်ရဟန်းမင်းကြီးဖြစ်တဲ့ လီယို ဟာ ထရမ့်အစိုးရလက်ထက်မှာ ရွှေ့ပြောင်းနေထိုင်သူတွေကို ဘယ်လိုဆက်ဆံနေသလဲဆိုတဲ့အပေါ် “နက်နက်ရှိုင်းရှိုင်း ပြန်လည်သုံးသပ်ဖို့” အမေရိကန်ကို တောင်းဆိုခဲ့သလို၊ ထရမ့်အစိုးရဟာ ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် “အလွန်ရိုင်းစိုင်းစွာ” နဲ့ “လူမဆန်စွာ” ဆက်ဆံနေတယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

ဒီဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ကိုယ်တိုင်လည်း ကက်သလစ်ဘာသာဝင်တစ်ဦးဖြစ်တဲ့ ဒုသမ္မတ ဗန့်စ် က Fox News ရဲ့ “The Ingraham Angle” အစီအစဉ်မှာ “အထူးသဖြင့် လူဝင်မှုကြီးကြပ်ရေးကိစ္စနဲ့ ပတ်သက်ပြီး ဗာတီကန်က ထွက်ပေါ်လာတဲ့ ပြောဆိုချက်တချို့ဟာ စိုးရိမ်စရာကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ အဆုံးမှာတော့ ဒီအမြင်တွေကို ကျွန်တော် သဘောမတူပါဘူး။ ကျွန်တော်တို့ရဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒတွေကို သဘောမတူတဲ့ ကက်သလစ် ခေါင်းဆောင်တွေနဲ့ စကားပြောဖြစ်တဲ့အခါ ကျွန်တော့်အနေနဲ့ ရန်လိုတဲ့သဘောထား မရှိပါဘူး။ သူတို့နဲ့ ဆွေးနွေးဖို့ ဖိတ်ခေါ်သလို၊ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းဝင်ရောက်လာမှုတွေမှာလည်း နစ်နာသူတွေ ရှိတယ်ဆိုတာကို သူတို့ သတိရစေဖို့ တိုက်တွန်းချင်ပါတယ်။” လို့ ဖြေကြားခဲ့ပါတယ်။

သမ္မတ ထရမ့် ဟာ အမေရိကန်ပြည်တွင်း လုံခြုံရေးကို တိုးတက်စေဖို့နဲ့ တရားမဝင် ဝင်ရောက်လာသူတွေကို တားဆီးဖို့ဆိုပြီး တင်းကျပ်တဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒတွေနဲ့ ပြည်နှင်ဒဏ်ပေးတဲ့ စီမံချက်တွေကို လုပ်ဆောင်နေတာပါ။ ဒါပေမဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒီလုပ်ရပ်တွေဟာ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ဥပဒေကြောင်းအရ ရပိုင်ခွင့်တွေကို ချိုးဖောက်နေပြီး အထူးသဖြင့် လူနည်းစု တိုင်းရင်းသားတွေအတွက် မလုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးနေတယ်လို့ ဝေဖန်နေကြပါတယ်။

ပုပ်ရဟန်းမင်းကြီး လီယို ဟာ ထရမ့်အစိုးရရဲ့ အခြားမူဝါဒတွေကိုလည်း ဝေဖန်လေ့ရှိသူပါ။ ဂါဇာကိစ္စအတွက် ထရမ့်ကမ်းလှမ်းတဲ့ “Board of Peace” အစီအစဉ်မှာ ပါဝင်ဖို့ကိုလည်း ဗာတီကန်က ငြင်းဆန်ထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့ အီရန်စစ်ပွဲကိုလည်း ပုပ်ရဟန်းမင်းကြီးက ဝေဖန်ခဲ့ပြီး၊ မကြာသေးမီက ဝါရှင်တန်နဲ့ တီဟီရန်ကြား ရရှိခဲ့တဲ့ ယာယီသဘောတူညီချက်ကနေတစ်ဆင့် စစ်ပွဲကြီး အဆုံးသတ်သွားဖို့ကိုသာ မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

သတင်း Source: Reuters