ဇွန် ၁၁၊ ၂၀၂၆
The Kaladan Post
 
အမေရိကန်အစိုးရရဲ့ လျှို့ဝှက်ချက်တွေနဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို ရယူနိုင်ဖို့အတွက် အမေရိကန်ဝန်ထမ်းတွေကို ပစ်မှတ်ထား စည်းရုံးနေတဲ့ ဝက်ဘ်ဆိုက် ၁၃ ခုကို ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို (FBI) က သိမ်းဆည်းလိုက်တယ်လို့ အမေရိကန် တရားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
 
အဆိုပါ ဝက်ဘ်ဆိုက်တွေဟာ အကြံပေးကုမ္ပဏီ (Consulting firms) တွေအဖြစ် ဟန်ဆောင်ထားတာဖြစ်ပြီး လုံုံခြုံရေးဆိုင်ရာ ခွင့်ပြုချက် (Security Clearance) ရရှိထားတဲ့ အစိုးရဝန်ထမ်းဟောင်းတွေနဲ့ လက်ရှိဝန်ထမ်းတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေရှိနေသယောင် လိမ်လည်ကြော်ငြာထားတာ ဖြစ်တယ်လို့ သိရပါတယ်။ တကယ်တမ်းမှာတော့ အဲဒီကုမ္ပဏီတွေဟာ အတုအယောင်တွေသာ ဖြစ်တယ်လို့ အရာရှိတွေက ဆိုပါတယ်။
 
ဒီဝက်ဘ်ဆိုက်တွေဟာ လူယုံကြည်မှုရဖို့အတွက် ခိုးယူထားတဲ့ အထောက်အထားတွေနဲ့ AI (ဉာဏ်ရည်တု) အသုံးပြုပြီး ဖန်တီးထားတဲ့ လူပုံစံတွေကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် LinkedIn လိုမျိုး အလုပ်အကိုင်ရှာဖွေရေး လူမှုကွန်ရက်တွေကတစ်ဆင့် အမေရိကန်ဝန်ထမ်းတွေကို ဆက်သွယ်ပြီး သူတို့ရဲ့ လုပ်ငန်းခွင်နဲ့ သက်ဆိုင်တဲ့ အစီရင်ခံစာတွေနဲ့ လျှို့ဝှက်အချက်အလက်တွေပေးရင် ငွေကြေးအမြောက်အမြားပေးမယ်လို့ မြှူဆွယ်ခဲ့ကြတာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
 
“အဲဒီလုပ်ငန်းကို လုပ်ဆောင်နေသူတွေဟာ သူတို့ရဲ့ တကယ့်အထောက်အထားကို ဖုံးကွယ်ဖို့အတွက် ခရစ်ပတိုငွေကြေး (Cryptocurrency) နဲ့ အွန်လိုင်းငွေပေးချေမှုစနစ်တွေကို အသုံးပြုခဲ့ကြပါတယ်” လို့ တရားရေးဝန်ကြီးဌာနက ဆိုပါတယ်။
 
FBI ရဲ့ ဆိုက်ဘာဌာန တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Dan Wierzbicki က “ဒီအချက်အလက်တွေကို သံသယဖြစ်ဖွယ် ဆက်သွယ်မှုတွေရှိတယ်လို့ လာရောက်တိုင်ကြားတဲ့သူတွေဆီကနေတစ်ဆင့် သိရှိခဲ့တာပါ။ ‘ဒါဟာ တကယ့်ကို ထူးဆန်းတယ်၊ ကျွန်တော်တို့ကို ပုံမှန်မဟုတ်တဲ့ ငွေပေးချေမှုစနစ်တွေနဲ့ ငွေပေးနေတယ်’ ဆိုပြီး လာပြောကြတာပါ” လို့ အင်တာဗျူးတစ်ခုမှာ ထည့်သွင်းပြောကြားထားပါတယ်။
 
ပြီးခဲ့တဲ့အပတ်ကလည်း အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဩစတြေးလျနဲ့ နယူးဇီလန်တို့ ပါဝင်တဲ့ Five Eyes ထောက်လှမ်းရေးမဟာမိတ်အဖွဲ့က တရုတ်နိုင်ငံဟာ အလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုက်တွေကတစ်ဆင့် သူလျှိုအဖြစ် စည်းရုံးတာတွေ လုပ်ဆောင်နေတယ်လို့ သတိပေးချက် ထုတ်ပြန်ထားခဲ့ပါသေးတယ်။
 
ဝါရှင်တန်မြို့ရှိ တရုတ်သံရုံးကတော့ ဒီစွပ်စွဲချက်တွေဟာ လုံးဝလုပ်ကြံဖန်တီးထားတဲ့ အရာတွေသာဖြစ်ပြီး နာမည်ဖျက်ဖို့ ကြိုးစားတာဖြစ်တယ်လို့ တုံ့ပြန်ငြင်းဆိုထားကြောင်း သိရှိရပါတယ်။ FBI အနေနဲ့ အခုလို ဝက်ဘ်ဆိုက်မျိုးတွေ နောက်ထပ် ရှိနေနိုင်သေးတာကြောင့် ပြည်သူတွေအနေနဲ့ သတိပြုကြဖို့နဲ့ သံသယရှိပါက အကြောင်းကြားပေးဖို့လည်း တိုက်တွန်းထားပါတယ်။
 
Source: Associated Press (AP)