စစ်ကိုင်းမြို့တွင် စစ်ကောင်စီတပ် ဌာနဆိုင်ရာရုံးဝန်ထမ်းများကို CDM ပြုလုပ်ရန် ထပ်မံသတိပေး
စက်တင် ၁၄
The Kaladan Post
စစ်ကိုင်းမြို့အတွင်းရှိ စစ်ကောင်စီကို အထောက်အပံ့ပေးနေတဲ့ ဌာနဆိုင်ရာရုံးတွေက ဝန်ထမ်းတွေကို ပြည်သူနဲ့အတူ ရပ်တည်ပြီး CDM ပြုလုပ်ကြရန် ယနေ့စက်တင်ဘာလ ၁၄ ရက်တွင် လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က ထပ်မံသတိပေးထားပါတယ်။ အဆိုပါသတိပေးချက်ကို ဩဂုတ် ၂၅ ရက်က ပထမအကြိမ် ထုတ်ပြန်ခဲ့ပြီး စက်တင်ဘာ ၁၁ ရက်မှာ စစ်ကိုင်းမြို့ မြေစာရင်းရုံးနဲ့ သစ်တောရုံးကြားမှာ ပါဆယ်မိုင်းတစ်လုံး ဖောက်ခွဲပြီးနောက် ထပ်မံအသိပေးခဲ့တာလို့ ဆိုပါတယ်။
သတိပေးချက်ကို မလိုက်နာပါက ဌာနဆိုင်ရာရုံးတွေကို တိုက်ခိုက်မှု လုပ်ဆောင်လာချိန် ဝန်ထမ်းတွေ ထိခိုက်မှုရှိလာရင် ကိုယ်တိုင်တာဝန်ယူရမယ်လို့ပြောထားပြီး တပ်ဖွဲ့ဘက်ကနေတာဝန်ယူမည်မဟုတ်ဟု ဆိုထားပါတယ်။ ဒါ့အပြင် ဌာနဆိုင်ရာဝန်ထမ်းတွေကို ရုံးမတက်ဘဲ အမြန်ဆုံးရှောင်ထွက်ကြဖို့နဲ့ စစ်ကောင်စီနဲ့ ပူးပေါင်း မဆောင်ရွက်ဘဲ ပြည်သူဘက်က ရပ်တည်ဖို့ တိုက်တွန်းထားပါတယ်။
#thekaladanpost #စစ်ကိုင်းမြို့ #CDM #ဌာနဆိုင်ရာဝန်ထမ်းများ #စစ်ကောင်စီ #မြန်မာ့သတင်း

ဗန်းမော်မြို့နယ်တွင် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၃၀ ခန့်သေဆုံးပြီး ၁၀ ဦး ဖမ်းဆီး
စက်တင် ၁၄
The Kaladan Post
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်ကျေးရွာအနီးမှာ စက်တင်ဘာ ၁၃ ရက်က ဗန်းမော် ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို KIA ပူးပေါင်းတပ်က ကြိုတင်စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောပါတယ်။ အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃၀ ခန့် သေဆုံးပြီး ၁၀ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့သလို လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။
အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းမှာ ဗန်းမော်မြို့ကို စစ်ကူအဖြစ် ရောက်ရှိလာတဲ့ စစ်မှုထမ်း တပ်သားသစ်တွေအများအပြား ပါဝင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေကို ပြန်လည်သယ်ဆောင်သွားခဲ့ တယ်လို့ သတင်းရင်းမြစ်က ပြောဆိုပါတယ်။ အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ယမန်နေ့ စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းမှာ ဗန်းမော်ဘက်ကနေ စုန်ဆင်းလာတဲ့ စစ်သင်္ဘောတစ်စီးကို ဇင်းဘုံအနီး KIA ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့ရာ နစ်မြုပ်သွားကြောင်း သိရပါတယ်။ ကချင်ပြည်နယ်မှာ ဩဂုတ်လနှောင်းပိုင်းမှ စက်တင်ဘာလလယ်ပိုင်းအထိ KIA ပူးပေါင်းတပ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေးစစ်သင်္ဘောများနှင့် ကုန်တင်သင်္ဘောများအပါအဝင် သင်္ဘောစုစုပေါင်း ၁၆ စီး ဖျက်ဆီးနိုင်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ခန့်ကို လည်း စစ်သုံ့ပန်း ဖမ်းဆီးထားပြီးဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောဆိုထားပါတယ်။
#thekaladanpost #ဗန်းမော်မြို့နယ် #KIA #KPDF #ဧရာဝတီမြစ် #စစ်ရေးသတင်း

စဉ့်ကူးကနေ စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ
စက်တင် ၁၄
The Kaladan Post
စဉ့်ကူးမြို့နယ် အနောက်တောင်ခြမ်း ကျွန်းကြီးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒီကနေ့ စက်တင်ဘာလ ၁၄ ရက် မနက် ၉ နာရီဝန်းကျင်မှာ ၈၁ မမ လက်နက်ကြီးနဲ့ အနောက်ဘက်ကို ၂ ချက် ပစ်ခတ်ခဲ့တယ်လို့ ဝက်လက်မြို့နယ် ပကဖ အသိပေးလာပါတယ်။ လက်နက်ကြီးကျည်တစ်လုံး ဝက်လက်မြို့နယ် အရှေ့ခြမ်းက နေရာတစ်ခုမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦး လက်ထိမှန်ဒဏ်ရာရသလို အမျိုးသမီးတစ်ဦးလည်း လက်ကောက်ဝတ်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ပစ်ခတ်မှုဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားနေရာဘက်ကို လက်နက်ကြီးပစ်ခတ် တာဖြစ်တယ်လို့ ဝက်လက်မြို့နယ် ပကဖက ပြောထားပြီး ဒေသခံတွေကို လက်နက်ကြီးအန္တရာယ် သတိထားနေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။
အလားတူ ယမန်နေ့ စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ခွက် ရေနံမြေဘက်ကို တဲကြီးကျေးရွာ၌ တပ်စွဲထားတဲ့ စစ်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရေနံခတ်နေတဲ့ ပြည်သူတစ်ဦး ကျည်စထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ အဆိုပါ လက်နက်ကြီးပစ်ခတ်တဲ့ စစ်တပ်စစ်ကြောင်းဟာ တဲကြီးကျေးရွာတွင် တပ်စွဲထားတာ ၁၉ ရက်ခန့်ရှိနေပြီဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ကျောက်ခွက်ရေနံမြေအနီးသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေတာကြောင့် ဒေသခံအရပ်သား ထောင်နဲ့ချီ ဘေးလွတ်ရာသို့တိမ်းရှောင်နေကြကြောင်း ဒေသခံများက ပြောဆိုထားကြပါတယ်။
#thekaladanpost #စဉ့်ကူး #ဝက်လက် #လက်နက်ကြီးပစ်ခတ်မှု #အရပ်သားထိခိုက်မှု

နမခကနေ စစ်ကိုင်း တပ်မ ၃၃ သွားတဲ့ စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီး စစ်သား ၂၀ ကျော်သေဆုံး
စက်တင် ၁၄
The Kaladan Post
စစ်ကိုင်းတိုင်း၊ မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှ စစ်ကိုင်း တပ်မ ၃၃ ဘက်ကို သွားတဲ့ စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်သည့်အပြင် ကင်းပုန်းတပ်တွေကို ၈၀ မမ လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်ခဲ့တယ်လို့ ဒီနေ့ စက်တင်ဘာ ၁၄ ရက်မှာ လင်းယုန်ညီနောင် ပြောက်ကျားတပ်က ထုတ်ပြန်လာပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်သား ၂၀ ကျော် သေဆုံးခဲ့ပြီး ပျက်စီးသွား ကားကြီးကို လည်း လို့ ကရိန်းနဲ့ ပြန်ဆွဲယူသွားရတယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်တပ်က ပြန်လည်ပစ်ခတ်ရာ ညောင်ပင်စဉ်ရွာက အသက် ၂၃ နှစ်အရွယ် ကိုဝေဇင်ဦး သေဆုံးခဲ့ပြီး အသက် ၇၀ ဝန်းကျင် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ပြောက်ကျားတပ်ဘက်က ပြောပါတယ်။ ဒါ့အပြင် စက်တင်ဘာ ၁၁ ရက်က စစ်ကိုင်းမြို့ မြေစာရင်းရုံးနဲ့ သစ်တောရုံးကြားမှာ ပါဆယ်မိုင်းတစ်လုံး ဖောက်ခွဲခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းတွေကို CDM ပြုလုပ်ကြဖို့ ဒုတိယအကြိမ် ထပ်မံသတိပေးထားတယ်လို့ သိရပါတယ်။
တစ်ဖက်တွင်လည်း မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ရေနံမှော်တွေထဲက ရေနံတွင်းတွေကို ဖျက်ဆီးဖို့အတွက် စစ်တပ်ဟာ FPV ဒရုန်းတွေကို အသုံးပြုနေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့မှာ ကျောက်ခွက်ရေနံမှော်အနီးက တဲကြီးကျေးရွာကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျောက်ခွက်ရေနံမြေထဲက ရေနံတွင်း ၄တွင်းကို မိုင်းဆွဲ ဖျက်ဆီးခဲ့သလို ၉ ရက်နေ့ကလည်း နောက်ထပ်ရေနံတွင်းတွေကို ထပ်မံ ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ စစ်တပ်ဟာ ရေနံတွင်းအပြင် ၎င်းတို့ တပ်စွဲအထိုင်ချထားတဲ့ တဲကြီးကျေးရွာ ထဲက နေအိမ်တချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး၊ လက်ရှိမှာလည်း တဲကြီးကျေးရွာထဲမှာပဲ အင်အား ၇၀၀ လောက်နဲ့ တပ်စွဲထားတယ်လို့ သိရပါတယ်။
#thekaladanpost #စစ်ကိုင်းတိုင်း #နမခ #တပ်မ၃၃ #လင်းယုန်ညီနောင်
