ဇူလိုင် ၂၄၊ ၂၀၂၆

The Kaladan Post

မလေးရှားနိုင်ငံအတွင်း ခိုလှုံခွင့်တောင်းခံသူတွေကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့အတွက် ကိုယ်ပိုင် မှတ်ပုံတင်စနစ်တစ်ခု တည်ဆောက်နေတာကြောင့် ဒုက္ခသည်အသစ်တွေကို မှတ်ပုံတင်ပေးနေတာကို ယာယီရပ်ဆိုင်းထားဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကို မလေးရှားအစိုးရက တောင်းဆိုလိုက်ပါတယ်။ အခုနှစ် ဇန်နဝါရီလကမှ စတင်လိုက်တဲ့ မလေးရှားရဲ့ ကိုယ်ပိုင်ဒုက္ခသည်မှတ်ပုံတင်ခြင်း အစီအစဉ် (DPP) ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အခုလို ဆောင်ရွက်ရတာဖြစ်ကြောင်း [မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာန] က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

မလေးရှား နိုင်ငံခြားရေး ဒုတိယဝန်ကြီး Lukanisman Awang Sauni က “DPP အစီအစဉ်ကတစ်ဆင့် အစိုးရအနေနဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေရဲ့ မှတ်တမ်းအပေါ်မှာပဲ အပြည့်အဝ မှီခိုမနေတော့ဘဲ ဒုက္ခသည်တွေရဲ့ မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးတာ၊ စောင့်ကြည့်တာနဲ့ စည်းကမ်းထိန်းသိမ်းတာတွေကို ပိုပြီး စနစ်တကျ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်” လို့ လွှတ်တော်အတွင်းမှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။ အခုလို မှတ်ပုံတင်ခြင်းတွေကို ရပ်ဆိုင်းထားတာဟာ UNHCR အနေနဲ့ ဒုက္ခသည်တွေကို တတိယနိုင်ငံတွေဆီ ပြန်လည်နေရာချထားရေး ကိစ္စရပ်တွေမှာ ပိုပြီး အာရုံစိုက်နိုင်စေဖို့လည်း ရည်ရွယ်တယ်လို့ ဆိုပါတယ်။

[UNHCR] ရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်အထိ မလေးရှားမှာ မှတ်ပုံတင်ထားတဲ့ ဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံသူပေါင်း ၂ သိန်း ၁ သောင်းကျော် (၂၁၅,၆၀၀) ရှိနေပြီး အဲဒီထဲက တစ်ဝက်ကျော်ဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာ မူဆလင်တွေ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံဟာ ၁၉၅၁ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းမှာ လက်မှတ်ရေးထိုးထားခြင်း မရှိတာကြောင့် ဒုက္ခသည်တွေကို တရားဝင် အလုပ်လုပ်ကိုင်ခွင့် ဒါမှမဟုတ် ပညာသင်ကြားခွင့်တွေ ပေးအပ်ထားခြင်း မရှိပါဘူး။ လတ်တလောမှာလည်း မလေးရှား လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရိုဟင်ဂျာတွေအပေါ် အမုန်းပွားစေမယ့် ပြောဆိုချက်တွေနဲ့ သတင်းအမှားတွေ ပျံ့နှံ့နေတာကြောင့် အစိုးရအနေနဲ့ ဒုက္ခသည်ကိစ္စကို ပိုမိုတင်းကျပ်စွာ ကိုင်တွယ်လာတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒုတိယဝန်ကြီးက လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသား ၅,၀၀၀ နီးပါးကိုလည်း မြန်မာဘက်က သဘောတူညီချက်ရရင် ရေတပ်သင်္ဘောတွေနဲ့ ပြန်လည် ပို့ဆောင်သွားဖို့ စီစဉ်နေတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ မလေးရှားအစိုးရဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းကလည်း တရားရုံးရဲ့ တားမြစ်မိန့်ရှိနေတဲ့ကြားက မြန်မာနိုင်ငံသား ၁,၀၀၀ ကျော်ကို သင်္ဘောနဲ့ ပြန်လည်ပို့ဆောင်ခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ UNHCR မလေးရှားရုံးဘက်က အစိုးရရဲ့ အခုတောင်းဆိုချက်အပေါ် တစ်စုံတစ်ရာ ပြန်လည်တုံ့ပြန်ခြင်း မရှိသေးပါဘူး။

သတင်းရင်းမြစ် – Reuters