ဇူလိုင် ၂၄၊ ၂၀၂၆

The Kaladan Post

အိန္ဒိယနိုင်ငံမှာ ဆေးကျောင်းဝင်ခွင့် စာမေးပွဲမေးခွန်းတွေ ပေါက်ကြားခဲ့တဲ့အပေါ် တာဝန်ယူတဲ့အနေနဲ့ ပညာရေးဝန်ကြီး နုတ်ထွက်ပေးဖို့ လူငယ်ထောင်ပေါင်းများစွာက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆက်လက်ဆန္ဒပြနေကြပါတယ်။ ဒီအတောအတွင်း ၂၆ ရက်ကြာအောင် အစာငတ်ခံ ဆန္ဒပြခဲ့တဲ့ နာမည်ကျော် တက်ကြွလှုပ်ရှားသူ ဆိုနမ်ဝမ်ချက် (Sonam Wangchuk) ကတော့ အစိုးရဝန်ကြီးတွေနဲ့ အကြိတ်အနယ် ညှိနှိုင်းပြီးနောက် သောကြာနေ့မှာ ၎င်းရဲ့ သပိတ်ကို အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။ ဝမ်ချက်က ၎င်းရဲ့ လူမှုကွန်ရက်မှာ “နိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ဖြစ်လာမှာ စိုးရိမ်တာကြောင့်ရော၊ အချက်အလက် အတော်များများကို ညှိနှိုင်းပြီးနောက်မှာရော အခုလို အစာငတ်ခံ ဆန္ဒပြမှုကို ရပ်တန့်လိုက်တာပါ” လို့ ရေးသားခဲ့ပါတယ်။

ဒါပေမဲ့ “Cockroach Janta Party” (CJP) လို့ အမည်ရတဲ့ လူငယ်လှုပ်ရှားမှု အဖွဲ့ကတော့ ပညာရေးဝန်ကြီး Dharmendra Pradhan ရာထူးကနေ မဆင်းမချင်း သူတို့ရဲ့ တိုက်ပွဲကို ရပ်နားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ CJP တည်ထောင်သူ Abhijeet Dipke က “ဆိုနမ်ဆရာကြီးရဲ့ ပေးဆပ်မှုကို ကျွန်တော်တို့ အလဟဿ အဖြစ်မခံပါဘူး။ ဝန်ကြီး နုတ်မထွက်မချင်း ကျွန်တော်တို့ ဆက်ပြီး ဆန္ဒပြသွားမှာပါ” လို့ ဗီဒီယိုကတစ်ဆင့် ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ် မိုဒီကတော့ မေးခွန်းပေါက်ကြားမှုမှာ ပါဝင်သူတွေကို အရေးယူဖို့အတွက် အထူးတရားရုံးတွေ ဖွဲ့စည်းပေးမယ်လို့ ကတိပေးထားပေမဲ့ ဆန္ဒပြသူတွေကတော့ ဒါဟာ ပြဿနာရဲ့ အရင်းအမြစ်ကို ဖြေရှင်းတာမဟုတ်ဘူးလို့ ဆိုကာ ပယ်ချထားပါတယ်။ CJP ပြောရေးဆိုခွင့်ရှိသူ Ashutosh Ranka က “မိုဒီဂျီ… ဒီနိုင်ငံမှာ ဘာလို့ အခုလို မေးခွန်းတွေ ခဏခဏ ပေါက်ကြားနေရတာလဲဆိုတာကိုပဲ အရင်ပြောပြပေးပါ။ အထူးတရားရုံးတွေက တကယ့်ပြဿနာကို ဖြေရှင်းနိုင်သလားဆိုတာ ခင်ဗျားရော ကျွန်တော်တို့ရော အဖြေကို သိကြပြီးသားပါ” လို့ ဝေဖန်ခဲ့ပါတယ်။

လက်ရှိမှာ နယူးဒေလီမြို့တော်အတွင်း အခြေအနေတွေဟာ တင်းမာနေဆဲဖြစ်ပြီး အစိုးရက မက်ထရိုဘူတာရုံ ၁၆ ခုကို ပိတ်ထားသလို အင်တာနက် ဝန်ဆောင်မှုအချို့ကိုလည်း ဖြတ်တောက်ထားပါတယ်။ ဒီဆန္ဒပြပွဲတွေကို ဆယ်လ်မန်ခန်း၊ အာလီယာဘတ် နဲ့ ကာရီနာကပူးလ် တို့လို ဘောလိဝုဒ် ထိပ်သီးအနုပညာရှင်တွေကပါ လူမှုကွန်ရက်ကနေ ဝန်းရံထောက်ခံပေးနေကြတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း အဂတိလိုက်စားမှု၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုနဲ့ လယ်သမားအရေး ကိစ္စတွေကြောင့် အခုလို လူထုအုံကြွမှုတွေ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ဖူးပါတယ်။

အခု လူငယ်ထုရဲ့ စိန်ခေါ်မှုဟာ ၂၀၁၄ ခုနှစ် ဝန်ကြီးချုပ် မိုဒီ အာဏာရလာပြီးနောက်ပိုင်း အပြင်းထန်ဆုံး ရင်ဆိုင်နေရတဲ့ နိုင်ငံရေး အကျပ်အတည်းတစ်ခု ဖြစ်လာနေပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်းက မေးခွန်းပေါက်ကြားမှုကြောင့် ကျောင်းသား ၂ သန်းလောက် ဒုက္ခရောက်ခဲ့ရသလို ကျောင်းသားအချို့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့တဲ့အထိ ဖြစ်ပွားခဲ့တာကြောင့် လူငယ်ထုရဲ့ ဒေါသက အရှိန်လျော့မသွားဘဲ ရှိနေတာပါ။ အစိုးရဘက်ကတော့ ဆန္ဒပြသူတွေကို တွေ့ဆုံဆွေးနွေးဖို့ အစဉ်တစိုက် တိုက်တွန်းနေပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်မယ်လို့ ကတိပေးထားဆဲ ဖြစ်ပါတယ်။

သတင်းရင်းမြစ် – Reuters