ဩဂုတ် ၁၁၊ ၂၀၂၆
The Kaladan Post
ဟာမတ်စ်အဖွဲ့ကို “စစ်မှန်စွာ လက်နက်ဖြုတ်သိမ်းခြင်း” (genuinely disarmed) မပြုလုပ်မချင်း တပ်ရုပ်သိမ်းမည်မဟုတ်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟုက ငြင်းဆိုထားသော်လည်း သမ္မတ ထရမ့်၏ ဂါဇာငြိမ်းချမ်းရေး စီမံကိန်းမှာ ဆက်လက် အသက်ဝင် လှုပ်ရှားနေဆဲဖြစ်ကြောင်း ငြိမ်းချမ်းရေးကောင်စီ (Board of Peace) တာဝန်ရှိသူတစ်ဦးက တနင်္လာနေ့ (ဩဂုတ်လ ၁၀ ရက်) တွင် ပြောကြားလိုက်ပါတယ်။
အဆိုပါ တာဝန်ရှိသူက “ဒီစီမံကိန်းဟာ ဆက်လက် အသက်ဝင်နေပြီး တိုးတက်မှုတွေ ရှိနေပါတယ်” ဟု ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။ ၎င်းက ဆက်လက်ပြီး လုပ်ငန်းစဉ်များကို မြေပြင်တွင် လက်တွေ့အကောင်အထည်ဖော်မှုနှင့် စိစစ်မှုများအပေါ် အခြေခံထားပြီး အဆင့်တစ်ခုစီအလိုက် သတ်မှတ်ထားသည့် ကတိကဝတ်များ ပြည့်မီမှသာ ရှေ့ဆက်ဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။
ဝန်ကြီးချုပ် နက်တန်ယာဟုသည် ၎င်း၏ လက်ယာဝါဒီ အစိုးရအဖွဲ့ထံ ရုပ်မြင်သံကြားမှတစ်ဆင့် ငြိမ်းချမ်းရေး စီမံကိန်းကို လက်မခံကြောင်း ထပ်လောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ သမ္မတ ထရမ့်၏ စီမံကိန်းတွင် အစ္စရေးတပ်များ ရုပ်သိမ်းရေး၊ ဟာမတ်စ်တို့ လက်နက်ဖြုတ်သိမ်းရေးနှင့် နိုင်ငံတကာ တည်ငြိမ်ရေးတပ်ဖွဲ့က ပါလက်စတိုင်း ရဲတပ်ဖွဲ့သစ်နှင့် ပူးပေါင်း၍ လုံခြုံရေး ရယူရေးတို့ ပါဝင်ပါတယ်။
ငြိမ်းချမ်းရေးကောင်စီ တာဝန်ရှိသူက “လမ်းပြမြေပုံဟာ ငြိမ်းချမ်းရေးကောင်စီနဲ့ ဟာမတ်စ်တို့ကြားမှာ ဖြစ်ပြီး အစ္စရေးနဲ့ ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေပါတယ်။ အစ္စရေးအနေနဲ့ မြေပြင်မှာ အတည်ပြုနိုင်တဲ့ ခြေလှမ်းတွေ မစတင်မီ ယုံကြည်မှုတစ်ခုတည်းပေါ် မူတည်ပြီး လုပ်ဆောင်ဖို့ တောင်းဆိုမှာ မဟုတ်ပါဘူး” ဟု ထည့်သွင်း ပြောကြားခဲ့ပါတယ်။
Source – Reuters