ဇွန် ၁၅၊ ၂၀၂၆
The Kaladan Post
ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ (Keir Starmer) က အသက် ၁၆ နှစ်အောက် ကလေးတွေအတွက် ဆိုရှယ်မီဒီယာ ဝက်ဘ်ဆိုက်တွေကို လုံးဝပိတ်ပင်သွားမှာဖြစ်သလို၊ ဂိမ်းဆော့တဲ့ ပလက်ဖောင်းတွေနဲ့ တိုက်ရိုက်ထုတ်လွှင့်မှု (Livestream) တွေကိုလည်း တင်းကျပ်တဲ့ ကန့်သတ်ချက်တွေ ချမှတ်သွားမယ်လို့ ဇွန်လ ၁၅ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
ဒါဟာ ကမ္ဘာပေါ်မှာ အွန်လိုင်းအသုံးပြုမှုအပေါ် အတင်းကျပ်ဆုံး ကန့်သတ်ချက်တွေထဲက တစ်ခုဖြစ်လာမှာပါ။ ဝန်ကြီးချုပ် စတာမာက ဒီလို တင်းကျပ်တဲ့ ပြောင်းလဲမှုတွေဟာ ဗြိတိန်နိုင်ငံရဲ့ တန်ဖိုးထားမှုတွေကို ထင်ဟပ်စေမှာဖြစ်သလို၊ နည်းပညာကုမ္ပဏီကြီးတွေရဲ့ လွှမ်းမိုးမှုကို တွန်းလှန်ပြီး ကလေးတွေကို အွန်လိုင်းအန္တရာယ်ကနေ အကာအကွယ်ပေးဖို့ ရည်ရွယ်တာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
“ဒီလို လုံးဝပိတ်ပင်လိုက်တာဟာ မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်တယ်ဆိုတာ ကျွန်တော့်အတွက်တော့ ရှင်းလင်းပါတယ်။ ဒါဟာ မိဘတွေနဲ့ ကလေးတွေကြားက ပြောဆိုဆက်ဆံမှုတွေကို ပြောင်းလဲပေးမှာဖြစ်ပြီး ကျွန်ုပ်တို့ရဲ့ ကလေးတွေကို ပိုပြီး ဘေးကင်းပျော်ရွှင်စေမှာပါ” လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
ပိတ်ပင်မယ့် ဝက်ဘ်ဆိုက်တွေထဲမှာ TikTok၊ Snapchat နဲ့ Instagram တို့လို နာမည်ကြီး ပလက်ဖောင်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကလေးတွေအနေနဲ့ သူစိမ်းတွေနဲ့ စကားပြောလို့ရတဲ့ ဂိမ်းတွေနဲ့ လိုက်ဖ်လွှင့်တဲ့ ဝန်ဆောင်မှုတွေကိုလည်း အဓိကထား အရေးယူသွားမယ်လို့ သိရပါတယ်။
“ပြင်ပလောကမှာဆိုရင် သင့်ကလေးကို သင်ဘာမှမသိတဲ့ သူစိမ်းတစ်ယောက်၊ လူကြီးတစ်ယောက်နဲ့ အတူရှိနေဖို့ ခွင့်ပြုမှာလား။ မလုပ်ဘူးမဟုတ်လား။ ဒါကြောင့် အခုလို အွန်လိုင်းပေါ်က ကိစ္စတွေကိုလည်း ကျွန်တော်တို့ အရေးယူဆောင်ရွက်နေတာ ဖြစ်ပါတယ်” လို့ ဝန်ကြီးချုပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
လက်ရှိမှာ ဆိုရှယ်မီဒီယာတွေကြောင့် ကလေးတွေရဲ့ စိတ်ကျန်းမာရေးအပေါ် ထိခိုက်မှုတွေရှိနေတဲ့အတွက် ဗြိတိန်က မိဘအများစုကလည်း ဒီအစီအစဉ်ကို ထောက်ခံနေကြတယ်လို့ သိရပါတယ်။ ဒီပိတ်ပင်မှုဟာ လာမယ့်နှစ် နွေဦးကာလလောက်မှာ စတင် အသက်ဝင်လာနိုင်ခြေ ရှိတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။
Source: Reuters (Paul Sandle and Sarah Young)