ဩဂုတ် ၆၊ ၂၀၂၆

The Kaladan Post

မစ်ရှီဂန်ပြည်နယ်၏ ဒီမိုကရက်တစ် အမေရိကန် ဆီးနိတ် ပဏာမရွေးကောက်ပွဲတွင် တိုးတက်လိုလားသူ အသက် ၄၁ နှစ်အရွယ် ဆရာဝန် အဗ္ဗဒူ အယ်လ်ဆာယက် (Abdul El-Sayed) က အနိုင်ရရှိခဲ့ပြီး လာမည့် နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲတွင် ရစ်ပါဘလီကန် အမတ်ဟောင်း မိုက်ရော်ဂျာစ် (Mike Rogers) နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု၊ စီးပွားရေးနှင့် အစ္စရေးသို့ စစ်ရေးအကူအညီများ ရပ်ဆိုင်းရေးကို အဓိကမဲဆွယ်ခဲ့သည့် အယ်လ်ဆာယက်သည် ပဏာမရွေးကောက်ပွဲတွင် အလယ်အလတ်ဝါဒီ လွှတ်တော်အမတ် ဟေးလီး စတီးဗင်းစ် (Haley Stevens) ကို အနိုင်ရခဲ့ခြင်း ဖြစ်ပါတယ်။ အယ်လ်ဆာယက်က “ပဏာမရွေးကောက်ပွဲမှာ ကျွန်တော်တို့ကြား ကွဲပြားမှုတွေရှိခဲ့ပေမဲ့ ကျွန်တော်တို့ကို စည်းလုံးစေတဲ့အရာနဲ့ နှိုင်းယှဉ်ရင် ဘာမှမဟုတ်ပါဘူး” ဟု ဗုဒ္ဓဟူးနေ့ (ဩဂုတ်လ ၅ ရက်) တွင် ပြောကြားခဲ့ပါတယ်။

ရစ်ပါဘလီကန်များဘက်ကမူ အယ်လ်ဆာယက်ကို လွန်ကဲသူအဖြစ် စွပ်စွဲတိုက်ခိုက်ခဲ့ကြပြီး သမ္မတ ထရမ့်က အယ်လ်ဆာယက်၏ အနိုင်ရမှုကို ရစ်ပါဘလီကန်ပါတီအတွက် သတင်းကောင်းဟု ဆိုခဲ့ပါတယ်။ ရစ်ပါဘလီကန် ကိုယ်စားလှယ် မိုက်ရော်ဂျာစ်ကလည်း “ဒီနိုဝင်ဘာမှာ ရွေးချယ်ရမှာက ရိုးရှင်းပါတယ်၊ အသိတရားနဲ့ စဉ်းစားမလား သို့မဟုတ် လုံးဝ ရူးသွပ်မှုကို ရွေးမလားပါပဲ” ဟု ပြောဆိုခဲ့ပါတယ်။

အယ်လ်ဆာယက် အနိုင်ရပါက အမေရိကန် ဆီးနိတ်လွှတ်တော်တွင် ပထမဆုံး မွတ်စလင် အမတ်ဖြစ်လာမည်ဖြစ်ပြီး မစ်ရှီဂန်ရှိ အာရပ်အမေရိကန် အသိုင်းအဝိုင်းများ၏ ထောက်ခံမှုကို ရရှိခဲ့ပါတယ်။ ဒီမိုကရက်တစ်ပါတီအနေဖြင့် နိုဝင်ဘာ ရွေးကောက်ပွဲတွင် ဆီးနိတ်လွှတ်တော် အများစုနေရာ ပြန်လည်ရရှိရန် မစ်ရှီဂန်ပြည်နယ် အနိုင်ရရှိရေးသည် အလွန်အရေးပါလျက် ရှိပါတယ်။

Source – Reuters