အောင်ဆန်းစုကြည်နှင့် ICRC တွေ့ဆုံမှုသည် ပြည်သူများနှင့် နိုင်ငံတကာဖိအားကြောင့်ဟု NUG ပြော
ဩဂုတ် ၅
The kaladan Post
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ တွေ့ဆုံမှုသည် နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်တောက်နေခဲ့သည့် နိုင်ငံ့ခေါင်းဆောင်၏ အခြေအနေအပေါ် ပြည်သူများ စိတ်သက်သာရာရစေသည့် အပြုသဘောဆောင် သော ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဆိုပါတယ်။
အဆိုပါတွေ့ဆုံမှုကို စစ်အုပ်စု၏ တရားဝင်မှုရရှိစေရန် သို့မဟုတ် နိုင်ငံတကာဥပဒေချိုးဖောက်မှုများကို ဖုံးကွယ်ရန် အသုံးချခြင်းမျိုး မဖြစ်သင့်ကြောင်း NUG က သတိပေးထားသလို ယခုအခြေအနေသည် နိုင်ငံတကာနှင့် မြန်မာပြည်သူများ၏ ဆက်တိုက်ဖိအားပေးမှုများကြောင့် ရရှိလာသည့် ရလဒ်ဖြစ် ကြောင်း ထောက်ပြထားပါတယ်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး၊ ထိန်းသိမ်းခံထားရသည့် အခြေအနေနှင့် အခြေခံ အခွင့်အရေးများအပေါ် စိုးရိမ်မှုများ ဆက်လက်ရှိနေဆဲဖြစ်ပြီး၊ ယခုတွေ့ဆုံမှုသည် နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေးကို အစားထိုးနိုင်မည်မဟုတ် ကြောင်းလည်း ဖော်ပြထားပါတယ်။
NUG အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး အတွက် မဟာမိတ်တော်လှန်ရေးအင်အားစုများ၊ နိုင်ငံတကာအသိုင်းအဝိုင်းများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ ကုလသမဂ္ဂ၊ အာဆီယံ၊ ဥရောပသမဂ္ဂ၊ အိမ်နီးချင်းနိုင်ငံများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်ခွင့်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆက်လက်တောင်းဆိုပေးနေကြသည့် နိုင်ငံတကာအသိုင်းအဝိုင်းကို NUG က ကျေးဇူးတင်ကြောင်း ပြောဆိုထားပါတယ်။
#MyanmarNews #NUG #AungSanSuuKyi #ICRC #WhatsHappeningInMyanmar

UWSA က အာဏာသိမ်းစစ်ကောင်စီကို မိဘကဲ့သို့ သဘောထားဟု ပြောဆို
ဩဂုတ် ၅
The kaladan Post
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တို့သည် ဩဂုတ် ၄ ရက်တွင် နှစ်ရက်တာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့ပြီး ဆွေးနွေးညှိနှိုင်းရရှိချက်များအား မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့ ကြောင်း သိရပါတယ်။
UWSP ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက နိုင်ငံရေးနည်းလမ်းဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းကာ ငြိမ်းချမ်းရေးလမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်မှုသည် နိုင်ငံ၏ ရေရှည်တည်ငြိမ်ရေးအတွက် အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။
NSPNC ဘက်ကလည်း UWSP သည် မြန်မာ–တရုတ်နယ်စပ်ဒေသတွင် အရေးပါသည့် အဖွဲ့အစည်း ဖြစ်ပြီး နှစ်ဖက်အကြား ဆက်လက်ထိတွေ့ဆက်ဆံမှုများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးအတွက် အရေးပါကြောင်း ပြောကြားခဲ့ပါတယ်။
UWSP ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်တွင် နိုင်ငံတော်အကြီးအကဲနှင့်လည်း တွေ့ဆုံခဲ့ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မူးယစ်ဆေးဝါးနှိမ်နင်းရေး၊ အွန်လိုင်းလောင်းကစားတိုက်ဖျက်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
တွေ့ဆုံးမှုအပြီး “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက “ဝ” အဖွဲ့အနေဖြင့် နိုင်ငံတော်ကို မိဘကဲ့သို့ သဘောထားပြီး နိုင်ငံတော်၏ စောင့်ရှောက်မှုအောက်တွင် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယမန်နေ့က နေပြည်တော်၌ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရပါတယ်။
#MyanmarNews #UWSP #UWSA #NSPNC #PeaceTalks

ရေကြည်တိုက်ပွဲတွင် စစ်ကောင်စီတပ် သေဆုံးမှုများပြီး တပ်ပျက်ဆုတ်သွား
ဩဂုတ် ၅
The kaladan Post
ရခိုင်-ဧရာဝတီအစပ် ရေကြည်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီတပ် အထိအခိုက်အကျအဆုံးများခဲ့ပြီး တပ်ပျက်ကာ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ဩဂုတ် ၅ ရက်တွင် ထုတ်ပြန်ထားပါတယ်။ ရုံးပင်ကျေးရွာအနီး ဩဂုတ် ၂ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှစ်ကြိမ်အတွင်း စစ်ကောင်စီတပ်ဘက်မှ အလောင်းများနှင့် လက်နက်ခဲယမ်း အချို့ကို သိမ်းဆည်းရရှိခဲ့ပြီး ထိုးစစ်ကို အောင်မြင်စွာ တန်ပြန် ဟန့်တားနိုင်ခဲ့ကြောင်း ဆိုထားပါတယ်။
ထို့ပြင် ဧရာဝတီတိုင်း သာပေါင်းမြို့နယ်အနီး၌လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ထံမှ လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း AA က အသိပေးထားပါတယ်။ AA က စစ်ကောင်စီသည် မကွေး၊ ပဲခူး၊ ဧရာဝတီနှင့် ချင်းတောင်ပိုင်းဒေသများတွင် ထိုးစစ်များ တိုးမြှင့်နေသလို အာရက္ခဒေသရှိ မြို့များနှင့် အရပ်သားနေရာများကို လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ဆက်တိုက်တိုက်ခိုက်နေကြောင်းလည်း ဖော်ပြထားပါတယ်။
လက်ရှိတွင် ရခိုင်-ဧရာဝတီအစပ်ဒေသ၌ တိုက်ပွဲများ နေ့စဉ်နီးပါး ဆက်လက်ဖြစ်ပွားနေပြီး မြေပြင်တိုက်ပွဲ မရှိသည့်နေ့များ၌ပင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ရှိနေကြောင်း AA က ထုတ်ပြန်ထားပါတယ်။
#AA #ရခိုင်သတင်း #ရေကြည်တိုက်ပွဲ #ဧရာဝတီ #MyanmarNews

CNO နှင့် စစ်ကောင်စီတို့ကြား ဆွေးနွေးပွဲကို ထောက်ခံကြိုဆို ဒေသခံအဖွဲ့အစည်းများ ပြောဆို
ဩဂုတ် ၅
The kaladan Post
ဖလမ်းမြို့နယ် ပြန်လည်ထူထောင်ရေးနှင့် စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်လာကာ ပုံမှန်လူမှုဘဝ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် CNO နှင့် စစ်ကောင်စီတို့ကြား ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေး မှုကို ဖလမ်းမျိုးနွယ်စောင့်ရှောက်ရေးအသင်း (Falam Humhual Pawlpi) နှင့် ဖလမ်းမြို့မိမြို့ဖများက အသီးသီး ထောက်ခံကြောင်း ထုတ်ပြန်ထားကြပါတယ်။
အဆိုပါဆွေးနွေးမှုသည် ဒေသခံများလုံခြုံစွာ နေရပ်ပြန်နိုင်ရေး၊ ဖလမ်းမြို့နှင့် ဖလမ်းမြို့နယ် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် လမ်းစဉ်တစ်ရပ် ဖြစ်တယ်လို့ ဖလမ်းမျိုးနွယ်စောင့်ရှောက်ရေးအသင်းက ဆိုထားပါတယ်။
အလားတူ ဖလမ်းမြို့မိမြို့ဖများကလည်း နှစ်နှစ်နီးပါး စစ်ဘေးရှောင်ခဲ့ရသည့် ဒေသခံများ၏ အခက်အခဲများကို အမြန်ဆုံး လျော့ပါးစေရေးနှင့် ဒေသတည်ငြိမ်ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေး မှုများကို အားပေးထောက်ခံကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
သို့သော် CNO ဘက်ကမူ အဆိုပါတွေ့ဆုံမှုသည် အဖွဲ့အစည်းတစ်ခုလုံး၏ ဆုံးဖြတ်ချက်မဟုတ်ဘဲ တာဝန်ရှိသူအချို့၏ ကိုယ်ပိုင်သဘောထားဖြင့် ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း ရှင်းလင်းထားပြီး၊ မဟာမိတ်အဖွဲ့များနှင့်အတူ တော်လှန်ရေးလမ်းစဉ်ကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဟု အသိပေးထားပါတယ်။
ထို့ပြင် NSPNC နှင့် တွေ့ဆုံခဲ့သည့် CNO ဥက္ကဋ္ဌကိုလည်း တာဝန်မှ ရပ်စဲလိုက်ကြောင်း CNO က ထုတ်ပြန်ထားပြီး၊ ယင်းတွေ့ဆုံမှုနှင့်ပတ်သက်၍ ဒေသတွင်းအဖွဲ့အစည်းများ၏ ထောက်ခံသဘောထား နှင့် CNO ၏ တရားဝင်ရပ်တည်ချက်တို့ကြား ကွဲပြားမှုများ ထွက်ပေါ်လာခဲ့ပါတယ်။
#Falam #ChinState #CNO #PeaceTalks #MyanmarNews

ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC တွေ့ဆုံမှုသည် နိုင်ငံတကာဖိအား အချိန်ဆွဲရန်လုပ်ရပ်ဖြစ်ဟု ဦးမင်းကိုနိုင် ပြောဆို
ဩဂုတ် ၅
The kaladan Post
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ICRC တာဝန်ရှိသူနှင့် တွေ့ဆုံခွင့်ပေးခဲ့ခြင်း သည် နိုင်ငံတကာဖိအားများကို အချိန်ဆွဲတုံ့ပြန်ရန်နှင့် ပြည်တွင်းပြည်ပတွင် သဘောထားကွဲပြားမှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်သည့် ဟန်ပြလုပ်ရပ်သာဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ဝေဖန်ပြောကြားခဲ့ပါတယ်။ ယခုလုပ်ရပ်သည် ယခင်စစ်အစိုးရလက်ထက်က အသုံးပြု ခဲ့သည့် နည်းလမ်းများနှင့် ဆင်တူကြောင်း ထောက်ပြခဲ့ပြီး၊ လာမည့် နိုင်ငံတကာသံတမန်ရေး အခြေအနေများနှင့် တိုက်ဆိုင်စွာ ပြုလုပ်ခဲ့ခြင်းမှာ နိုင်ငံရေးရည်ရွယ်ချက်များ ပါဝင်နေကြောင်း သုံးသပ်ပြောဆိုခဲ့ပါတယ်။
တစ်ဖက်တွင်လည်း ICRC ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တွေ့ဆုံမှုကို ကြိုဆိုခဲ့သော်လည်း ယင်းတွေ့ဆုံမှုကို မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းမှုအဖြစ် မမြင်သင့်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး၊ ထိန်းသိမ်းခံထားရသည့် အခြေအနေနှင့် အခြေခံအခွင့်အရေး များအပေါ် စိုးရိမ်မှုများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ က သတိပေး ထားပါတယ်။
အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကလည်း ICRC နှင့် တွေ့ဆုံခွင့်ရရှိခြင်းကို အပြု သဘောဆောင်သည့် ခြေလှမ်းတစ်ရပ်အဖြစ် ရှုမြင်ပြီး ယင်းတစ်ခုတည်းဖြင့် နိုင်ငံရေးအခြေအနေများ ပြောင်းလဲသွားသည်ဟု ကောက်ချက်ချရန် မသင့်ကြောင်းနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေးအတွက် ဆက်လက်ကြိုးပမ်းရန် လိုအပ်ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေးနှင့် အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးဖြေရှင်းချက်များ ဖော်ဆောင်ရန် တောင်းဆိုမှုများလည်း ဆက်လက်မြင့်တက်ပါတယ်။
#MyanmarNews #AungSanSuuKyi #ICRC #NUG #WhatsHappeningInMyanmar

တစ်လအတွင်း KNU တပ်မဟာ (၅) နယ်မြေတွင် စစ်ကောင်စီဘက်မှ ၂၃ ဦးသေဆုံး
ဩဂုတ် ၅
The kaladan Post
KNU တပ်မဟာ (၅) နယ်မြေ မူတြော်(ဖာပွန်)ခရိုင်အတွင်း ဇူလိုင်လတစ်လတာအတွင်း KNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း (၉၁) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ခွဲမှူး (ဗိုလ်ကြီး) အပါအဝင် (၂၃) ဦး သေဆုံးကာ (၅၅) ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU က ဩဂုတ်လ (၅) ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။ ဒဏ်ရာရရှိသူများထဲတွင် ဒုတပ်ရင်းမှူး (၂) ဦးနှင့် တပ်ခွဲမှူး(ဗိုလ်ကြီး) (၃) ဦး ပါဝင်ပြီး KNLA ဘက်ကလည်း စစ်ကောင်စီ၏ စစ်သုံးယာဉ် (၅) စီးကို ဖျက်ဆီးနိုင်ခဲ့ကာ မိမိတို့ဘက်မှ ထိခိုက်မှုအနည်းငယ်သာ ရှိခဲ့ကြောင်း သိရပါတယ်။
ထို့အပြင် စစ်ကောင်စီတပ်သည် တစ်လအတွင်း ဒရုန်းဖြင့် (၄၄) ကြိမ်၊ ဂျက်တိုက်လေယာဉ်ဖြင့် (၃၃) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ၁၂၀ မမ လက်နက်ကြီးများဖြင့် ကျေးရွာများကို (၁၈) ကြိမ် ပစ်ခတ်ခဲ့ကြောင်းလည်း KNU က ဆိုထားပါတယ်။ ယင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၅၀) လုံး၊ ဘာသာရေးအဆောက်အအုံများနှင့် စာသင်ကျောင်း များအပါအဝင် အဆောက်အအုံ (၄) လုံး ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
မူတြော်(ဖာပွန်)ဒေသအတွင်း စစ်ရေးအခြေအနေနှင့် အရပ်သားပြည်သူများအပေါ် ထိခိုက်မှုများကို ပြည်သူများ သိရှိနိုင်စေရန် ရည်ရွယ်၍ ထုတ်ပြန်ခြင်းဖြစ်ကြောင်း KNU က အသိပေးထားပါတယ်။
#MyanmarNews #KNU #KNLA #KarenState #WhatsHappeningInMyanmar
