စက်တင် ၁၂၊ ၂၀၂၆

The Kaladan Post

မြန်မာနိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် နေရပ်စွန့်ခွာရမှုများမှ အရပ်သားများကို ကာကွယ်ပေးရေးသည် အရေးတကြီးဆုံး လိုအပ်ချက်ဖြစ်ပြီး လူသားချင်းစာနာမှု အကူအညီများကို စစ်ကောင်စီလမ်းကြောင်းမှ မဟုတ်ဘဲ နယ်စပ်ဖြတ်ကျော်၍ ဒေသခံအဖွဲ့များထံ တိုက်ရိုက်ပေးအပ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကယ်လီ အီး ကာရီ (Kelley E. Currie) က တိုက်တွန်းလိုက်ပါတယ်။

တွမ်အန်ဒရူးစ် (Tom Andrews) ၏ နေရာတွင် မေလ ၁ ရက်မှစ၍ တာဝန်လွှဲပြောင်းရယူခဲ့သည့် ကယ်လီ ကာရီ က DVB နှင့် သီးသန့် အင်တာဗျူးတွင် ၎င်း၏ လုပ်ငန်း ဦးစားပေးများကို ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ၎င်းသည် အရပ်ဘက် အဖွဲ့အစည်းပေါင်း ၅၀ ခန့်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး လာမည့် အောက်တိုဘာလ ၂၇ ရက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တင်သွင်းမည့် အစီရင်ခံစာအတွက် ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဧပြီလ ၁၀ ရက်နေ့တွင် မင်းအောင်လှိုင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခများ ပိုမိုပြင်းထန်လာမှုနှင့် စစ်ကောင်စီအား အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်း အင်အားကြီးနိုင်ငံများက ကူညီထောက်ပံ့နေမှုများကို အဓိကထား စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အိန္ဒိယ၊ တရုတ်၊ ရုရှားနှင့် အချို့သော အာဆီယံ နိုင်ငံများ၏ နေပြည်တော်နှင့် ထိတွေ့ဆက်ဆံမှုများအပေါ် ပြည်သူများက အလွန် စိတ်ပျက်လက်ပျက် ဖြစ်နေကြကြောင်း ၎င်းက ထောက်ပြခဲ့ပါတယ်။

ကယ်လီ ကာရီ က နိုင်ငံတကာ အလှူရှင်များအနေဖြင့် စစ်ကောင်စီက အကူအညီများကို လက်နက်သဖွယ် အသုံးချခွင့် မပြုသင့်ကြောင်းနှင့် ဒေသခံ အမျိုးသမီး ကွန်ရက်များနှင့် အဖွဲ့အစည်းများထံ တိုက်ရိုက် ရောက်ရှိစေမည့် ရန်ပုံငွေ လမ်းကြောင်းများကို အသုံးပြုရန် တိုက်တွန်းခဲ့ပါတယ်။ ၎င်းက စစ်ကောင်စီ ထိန်းချုပ်မှုအောက်တွင် မရှိသော ဒေသများသို့ နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးသည် “ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ပြဿနာ မဟုတ်ဘဲ နိုင်ငံရေးဆန္ဒ ရှိမရှိ ဆိုသည့် ပြဿနာသာ ဖြစ်တယ်” ဟု ပြောကြားခဲ့ပါတယ်။

အာဆီယံအနေဖြင့်လည်း စစ်ကောင်စီဘက်ကိုသာ အလေးထားသည့် အဖွဲ့အစည်းမျိုး မဟုတ်ဘဲ ပြည်သူကို ဗဟိုပြုသည့် အာဆီယံအဖြစ် ရပ်တည်ရန် ၎င်းက တောင်းဆိုခဲ့ပါတယ်။ ထို့အပြင် ဂျနီဗာ မစ်ရှင်နှင့် နယူးယောက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တို့မှတစ်ဆင့် မြန်မာနိုင်ငံတွင်းသို့ သွားရောက်ခွင့် တရားဝင် တောင်းဆိုထားပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည့် မည်သည့် နေရာမဆို သွားရောက်ရန် အသင့်ရှိကြောင်း အတည်ပြုခဲ့ပါတယ်။

Source – DVB