စက်တင် ၁၇၊ ၂၀၂၆

The Kaladan Post

ခိုက်ခီ (Khaikhy) ရွာရှိ MTP ရုံးခွဲ တိုက်ခိုက်ဖျက်ဆီးခံရသည့် ဖြစ်စဉ်ကြောင့် ရခိုင်ပြည်နယ်ဘက်သို့ ဦးတည်သည့် ကုန်သွယ်ရေး လမ်းကြောင်းများကို စက်တင်ဘာလ ၁၆ ရက် ည ၇ နာရီမှစတင်ကာ ယာယီ ပိတ်ထားရန် မာရာလူငယ်အဖွဲ့ချုပ် (MTP) ဌာနချုပ်က ကြေညာလိုက်ပါတယ်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟာ (Siaha) မြို့ရှိ MTP အထွေထွေဌာနချုပ်တွင် စက်တင်ဘာလ ၁၆ ရက်က အရေးပေါ် အစည်းအဝေး ကျင်းပပြီးနောက် အဆိုပါ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ခိုက်ခီရွာရှိ MTP ရုံးခွဲအား ရခိုင်စက်လှေမောင်းသမားများက တိုက်ခိုက်ပြီး ဖျက်ဆီးခဲ့မှုအပေါ် ဌာနချုပ်က ပြင်းထန်စွာ ပြစ်တင်ရှုတ်ချထားပါတယ်။

အဆိုပါ တိုက်ခိုက်ဖျက်ဆီးမှုအား ကန့်ကွက်ရှုတ်ချသည့်အနေဖြင့် လိုဒေါ (Lodaw)၊ လိုမာဆု (Lomasu) နှင့် ခိုက်ခီ (Khaikhy) ကုန်သွယ်ရေး လမ်းကြောင်း ၃ ခုကိုသာ စက်တင်ဘာလ ၁၆ ရက် ည ၇ နာရီမှစ၍ ချက်ချင်း ယာယီ ပိတ်ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ယင်းထုတ်ပြန်ချက်ကို MTP ဥက္ကဋ္ဌ အက်စ် ဗာဘေးဟာဆာ (S. Vabeihasa) နှင့် အထွေထွေအတွင်းရေးမှူး အင်န် ဆော်လမွန် ဘေးဟလိုသာ (N. Solomon Beihlotha) တို့က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါ လမ်းကြောင်းပိတ်သိမ်းမှုနှင့် ပတ်သက်၍ ဆိုင်ဟာ ဒုတိယကော်မရှင်နာ၊ ရဲမှူး၊ အာသံရိုင်ဖယ် တပ်ဖွဲ့နှင့် ဒေသဆိုင်ရာ ကုန်သည်ကြီးများအသင်း အပါအဝင် သက်ဆိုင်ရာ အာဏာပိုင်များထံ အသိပေး အကြောင်းကြားထားတယ်လို့ သိရပါတယ်။

Source – Mara Thyutlia Py (MTP)