စက်တင် ၁၆၊ ၂၀၂၆
The Kaladan Post
မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် ရိုဟင်ဂျာ ဒုက္ခသည် ၂၀၀,၀၀၀ ခန့်အား နေရပ်ပြန်လည် ပို့ဆောင်ရေး လုပ်ငန်းစဉ်များကို အရှိန်မြှင့်နိုင်ရန်အတွက် ဦးမင်းအောင်လှိုင်ကို တရားဝင် လာရောက်လည်ပတ်ရန် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် (Anwar Ibrahim) က ပြောကြားလိုက်ပါတယ်။
ဒေသခံ ပြည်သူများအကြား စိုးရိမ်မှုနှင့် ဒေါသများ မြင့်တက်လာစေသည့် ရိုဟင်ဂျာ ဒုက္ခသည် အကျပ်အတည်းကို သံတမန်ရေး နည်းလမ်းဖြင့် ရေရှည် အဖြေရှာရန် ယခုကဲ့သို့ ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ရှင်းပြခဲ့ပါတယ်။ မူလ ဆွေးနွေးမှုများအရ မြန်မာအစိုးရက ရိုဟင်ဂျာ ၅,၀၀၀ ဦးကို အဆင့်လိုက် ပြန်လည်လက်ခံရန် သဘောတူထားပြီး ပထမအသုတ်အဖြစ် လူ ၁,၅၀၀ ကို လာမည့် တစ်ပတ် သို့မဟုတ် နှစ်ပတ်အတွင်း စတင် ပို့ဆောင်သွားမည် ဖြစ်ပါတယ်။
“Sembang Oh Yeah” အစီအစဉ်တွင် ဝန်ကြီးချုပ် အန်နဝါက “ကျွန်တော် ဖိတ်ခေါ်ပြီး ပြောပြချင်တာကတော့ ကျွန်တော်တို့ မိတ်ဆွေဖြစ်နိုင်တယ်၊ ကုန်သွယ်နိုင်တယ်… ဒါပေမဲ့ မြန်မာနိုင်ငံအနေနဲ့ (ဒုက္ခသည်တွေကို) ပြန်လက်ခံရပါမယ်” ဟု ပြောဆိုခဲ့ပါတယ်။ ၎င်းက ဆက်လက်ပြီး “အကယ်၍ လူတစ်သိန်း ဒါမှမဟုတ် နှစ်သိန်းကို တစ်ကြိမ်တည်း ပြန်မခေါ်နိုင်ရင်တောင် အဆင့်လိုက် ပြန်ခေါ်ပါ” ဟု ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
မလေးရှားနိုင်ငံ အနေဖြင့် ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေးအတွက် အဝတ်အထည်၊ အစားအသောက်နှင့် သင်္ဘောစရိတ် စသည့် ထောက်ပံ့ပို့ဆောင်ရေး ကုန်ကျစရိတ်များကို ကျခံပေးရန် အသင့်ရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။ အကျဉ်းစခန်းများတွင် လူတစ်ဦးလျှင် တစ်ရက် ရင်းဂစ် ၅၀ မှ ၂၀၀ အထိ ကုန်ကျနေခြင်းနှင့် နှိုင်းယှဉ်ပါက ပြန်လည်ပို့ဆောင်ခြင်းက ပိုမို ကုန်ကျစရိတ် သက်သာစေမည် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒုက္ခသည်များ အလုံးအရင်း ရောက်ရှိလာမှုသည် ယခင် အစိုးရလက်ထက်က လူထုစုဝေးပွဲများ ပြုလုပ်၍ ကြိုဆိုခဲ့သည့် လုပ်ရပ်များကြောင့် ဖြစ်သည်ဟုလည်း အန်နဝါ က ဝေဖန်ခဲ့ပါတယ်။ ပြီးခဲ့သည့် ဇူလိုင်လက နှစ်နိုင်ငံ သံတမန်ရေးအရ ဆွေးနွေးပြီးနောက် ရိုဟင်ဂျာ ၅,၀၀၀ ဦးကို ပြန်လည်လက်ခံရန် မြန်မာဘက်က သဘောတူခဲ့ခြင်း ဖြစ်ပြီး ယင်းသည် ဒုက္ခသည်ပြဿနာကို သံတမန်ရေးအရ အစပြု ဖြေရှင်းနိုင်သည့် ခြေလှမ်းဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။
Source – Free Malaysia Today