စက်တင် ၁၆၊ ၂၀၂၆

The Kaladan Post

အာဆီယံ၏ စည်းလုံးညီညွတ်မှုနှင့် အသိုက်အဝန်း တည်ဆောက်ရေးကို တရုတ်နိုင်ငံအနေဖြင့် ဆက်လက် ထောက်ခံသွားမည်ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ (Wang Yi) က အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ ကာအိုကင်ဟွန်း (Kao Kim Hourn) နှင့် ပေကျင်းမြို့၌ တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။

တွေ့ဆုံစဉ် ဝန်ကြီး ဝမ်ယီက တရုတ်နှင့် အာဆီယံတို့သည် အပြန်အလှန် ယုံကြည်အားထားရသည့် မိတ်ဖက်ကောင်းများဖြစ်ပြီး တရုတ်နိုင်ငံ၏ အိမ်နီးချင်း သံတမန်ရေးတွင် အာဆီယံကို အထူးဦးစားပေးထားကြောင်း ပြောကြားခဲ့ပါတယ်။ ယခုနှစ်သည် တရုတ်-အာဆီယံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး ၅ နှစ်ပြည့်နှင့် ဆွေးနွေးဖက် ဆက်ဆံရေး ၃၅ နှစ်ပြည့် ဖြစ်သောကြောင့် နှစ်ဖက် ဆက်ဆံရေး တိုးတက်စေရန် အခွင့်အလမ်းကောင်းများနှင့် ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ဒေသတွင်း အခင်းအကျင်း၌ အာဆီယံ၏ ဗဟိုအချက်အချာကျမှုကို တရုတ်က အပြည့်အဝ ထောက်ခံပြီး ပိုမိုနီးကပ်သော တရုတ်-အာဆီယံ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရန် ဆန္ဒရှိကြောင်း ဝမ်ယီက ပြောဆိုခဲ့ပါတယ်။ ထို့အပြင် တောင်တရုတ်ပင်လယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် တောင်တရုတ်ပင်လယ်ဆိုင်ရာ အပြုအမူ အကောင်အထည်ဖော်ရေး ကြေညာချက် (DOC) ကို လက်တွေ့ကျင့်သုံးကာ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်း (COC) ဆွေးနွေးပွဲများကို အရှိန်မြှင့် ဆောင်ရွက်သွားလိုကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ ကာအိုကင်ဟွန်း ကလည်း အာဆီယံ-တရုတ် ဆက်ဆံရေးကို အဆင့်သစ်တစ်ခုသို့ တက်လှမ်းနိုင်ရေး လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့လိုကြောင်း ဆင်ဟွာသတင်းအရ သိရပါတယ်။ တောင်တရုတ်ပင်လယ် အရေးသည် အာဆီယံ-တရုတ် ဆက်ဆံရေးတွင် အတားအဆီးတစ်ခု မဖြစ်သင့်ဘဲ ပင်လယ်တွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို တရုတ်နှင့်အတူ ပူးတွဲ ထိန်းသိမ်းသွားရန် ဆန္ဒရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

Source – Sin Chew Daily