စက်တင် ၁၆၊ ၂၀၂၆

The Kaladan Post

မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများနှင့် စီးပွားရေး ကျဆင်းမှုများကြောင့် ကလေးသူငယ် ၄ ဒသမ ၉ သန်း အပါအဝင် လူဦးရေ ၁၆ ဒသမ ၂ သန်းသည် လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က စက်တင်ဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၆ ခုနှစ် ဇွန်လကုန်အထိ စာရင်းများအရ နိုင်ငံတစ်ဝန်း ပြည်တွင်း နေရပ်စွန့်ခွာရသူ ၃ ဒသမ ၈ သန်းနီးပါး ရှိလာခဲ့ပြီး ယင်းအနက် ၁ ဒသမ ၈ သန်းကျော်မှာ အနောက်မြောက်ဒေသတွင် ဖြစ်တယ်လို့ ဆိုပါတယ်။ ထို့အပြင် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးခိုလှုံနေရသည့် ဒုက္ခသည် အရေအတွက်မှာလည်း ၁ ဒသမ ၆ သန်းအထိ ရှိလာခဲ့ပါတယ်။

နိုင်ငံတစ်ဝန်းတွင် စားနပ်ရိက္ခာ မလုံလောက်သူ ၁၂ ဒသမ ၄ သန်း ရှိနေပြီး လောင်စာဆီ ဈေးနှုန်းမြင့်တက်မှုများကြောင့် နောက်ထပ် ၃ ဒသမ ၅ သန်းမှ ၅ သန်းအထိ စားနပ်ရိက္ခာ မလုံလောက်မှုဘေးနှင့် ရင်ဆိုင်ရနိုင်ပါတယ်။ ၂၀၂၆ ခုနှစ် ပထမ ၆ လအတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူ အရပ်သား ၄၈၇ ဦး ရှိခဲ့ပြီး ယင်းတို့အနက် ၁၁၃ ဦးမှာ ကလေးသူငယ်များ ဖြစ်ကြပါတယ်။

ကျန်းမာရေးကဏ္ဍတွင်လည်း ၂၀၁၈ ခုနှစ်မှစ၍ အသက် ၅ နှစ်အောက် ကလေးငယ် ၁ ဒသမ ၅ သန်းကျော်မှာ အခြေခံ ကာကွယ်ဆေးများ ထိုးနှံခွင့် မရရှိဘဲ ဖြစ်နေပါတယ်။ ပဋိပက္ခများကြောင့် ကလေးသူငယ် ၃ ဒသမ ၄ သန်းခန့်မှာ ပညာသင်ကြားခွင့် အခွင့်အလမ်းများ ဆုံးရှုံးနေရပြီး ပညာရေး အထောက်အပံ့များကို အရေးပေါ် လိုအပ်လျက် ရှိပါတယ်။

UNICEF အနေဖြင့် ၂၀၂၆ ခုနှစ်အတွင်း လူဦးရေ ၃ ဒသမ ၃ သန်းကို အကူအညီပေးရန် အမေရိကန်ဒေါ်လာ ၂၆၇ ဒသမ ၂ သန်း တောင်းခံထားသော်လည်း နှစ်ဝက်အထိ ဒေါ်လာ ၉၅ ဒသမ ၄ သန်းသာ ရရှိထားသဖြင့် ရန်ပုံငွေ ၆၄ ရာခိုင်နှုန်း (ဒေါ်လာ ၁၇၁ ဒသမ ၇ သန်း) လိုအပ်ချက်နှင့် ရင်ဆိုင်နေရပါတယ်။

Source – UNICEF