စက်တင် ၁၆၊ ၂၀၂၆

The Kaladan Post

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ကြား ကုန်စည်သယ်ယူပို့ဆောင်ရေး အငြင်းပွားရာမှ စစ်ဆေးရေးဂိတ် မီးရှို့ခံခဲ့ရပြီးနောက် ရှင်လက်ဝ- Khaikhy (ဆိန်းခုံ) ကုန်သွယ်ရေးလမ်းကြောင်းကို စက်တင်ဘာလ ၁၅ ရက်မှ ၁၇ ရက်အထိ ၃ ရက်ကြာ ယာယီ ပိတ်ထားလိုက်ပါတယ်။

အဆိုပါ ဖြစ်စဉ်သည် စက်တင်ဘာလ ၁၄ ရက် နံနက်ပိုင်းတွင် မီဇိုရမ်ပြည်နယ် Siaha ခရိုင်၊ Khaikhy ရွာအနီး Salalui မြစ်ကမ်း၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ ရခိုင်ဘက်သို့ စက်လှေဖြင့် ကုန်စည်သယ်ယူခွင့်နှင့် ကုန်ပစ္စည်းရှားပါးမှုတို့ကြောင့် ရခိုင်ကုန်သည်များနှင့် မာရာလူငယ်အသင်း (MTP-Khaikhy) စေတနာ့ဝန်ထမ်းများ စကားများ ရန်ဖြစ်ခဲ့ကြရာမှ MTP စစ်ဆေးရေးဂိတ် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

အဆိုပါ ဖြစ်စဉ်အတွင်း စက်လှေ မှတ်တမ်းစာအုပ်များနှင့် စာရင်းစာအုပ်များ စုတ်ဖြဲခံခဲ့ရသည့်အပြင် ငွေကျပ် ရူပီး ၁၀,၀၀၀ ခန့် ပျောက်ဆုံးသွားခဲ့သည်ဟု MTP အဖွဲ့က ပြောကြားခဲ့ပါတယ်။ ထို့နောက် အနီးရှိ Lopu ရွာမှ ဒေသခံများနှင့် အာသံရိုင်ဖယ် တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီးနောက် ရခိုင်ကုန်သည်များ ဆုတ်ခွာသွားခဲ့သဖြင့် အခြေအနေ ပြန်လည် တည်ငြိမ်သွားခဲ့တာ ဖြစ်ပါတယ်။

ဖြစ်စဉ်နှင့် ပတ်သက်၍ MTP ဌာနချုပ်က အရေးပေါ် အစည်းအဝေး ပြုလုပ်ကာ Phura ဌာနချုပ်ခွဲနှင့် ပူးပေါင်း၍ ဖြစ်စဉ် အရင်းအမြစ်ကို ကွင်းဆင်း စစ်ဆေးသွားမည်ဟု ထုတ်ပြန်ထားပါတယ်။ ထို့အပြင် တရားဝင် မထုတ်ပြန်မီ မီဒီယာများသို့ ဖြေကြားခြင်း မပြုရန်၊ သတင်းမှားများ မဖြန့်ကြရန်နှင့် သောင်တင်နေသော ကုန်သည်များအနေဖြင့် ဌာနချုပ်၏ ညွှန်ကြားချက်ကို စောင့်ဆိုင်းကြရန် အသိပေးထားပါတယ်။

ယခုကဲ့သို့ ရုတ်တရက် လမ်းပိတ်လိုက်ခြင်းကြောင့် မိုးရွာသွန်းမှုနှင့် သိုလှောင်ရုံ မရှိခြင်းတို့ကြောင့် ကြက်ဥ၊ ကြက်သွန်၊ ဂျင်းနှင့် ငရုတ်သီး စသည့် အထားမခံသော ကုန်စည်များ ပျက်စီးဆုံးရှုံးနိုင်ကြောင်း ကုန်သည်များက ဆိုပါတယ်။ စစ်ကောင်စီ၏ ပိတ်ဆို့မှုများကြောင့် ရခိုင်ဒေသအတွက် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှတစ်ဆင့် မီဇိုရမ်သို့ ဆက်သွယ်ထားသည့် အဆိုပါ လမ်းကြောင်းသည် အဓိက အသက်သွေးကြောဖြစ်နေပြီး တစ်ရက်လျှင် ကားနှင့် စက်လှေ အစီး ၁၀၀ ကျော်ဖြင့် ကုန်သွယ်မှု ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

Source – Narinjara / The Times of India