ဩဂုတ် ၁၇၊ ၂၀၂၆
The Kaladan Post
ယူကရိန်းသို့ ခရစ်ပတိုငွေကြေး ထောက်ပံ့ခဲ့သည့် သုံးစွဲသူ၏ အချက်အလက်များကို ရုရှား အာဏာပိုင်များထံ ဘိုင်နန့်စ် (Binance) ကုမ္ပဏီက လွှဲပြောင်းပေးခဲ့ပြီး ယင်းအချက်အလက်များကို ရုရှား IT ကျွမ်းကျင်သူတစ်ဦးအား အကြမ်းဖက်မှု ငွေကြေးထောက်ပံ့မှုဖြင့် တရားစွဲဆိုရာတွင် သက်သေအဖြစ် အသုံးပြုခဲ့ကြောင်း တရားဥပဒေစိုးမိုးရေး စာရွက်စာတမ်းများအရ တနင်္လာနေ့ (ဩဂုတ်လ ၁၇ ရက်) တွင် သိရပါတယ်။
၂၀၂၃ ခုနှစ်တွင် ရုရှားနိုင်ငံမှ လုံးဝ ထွက်ခွာခဲ့ပြီဟု ကြေညာထားသည့် ဘိုင်နန့်စ်သည် ၂၀၂၅ ခုနှစ် စက်တင်ဘာလက ဖမ်းဆီးခံခဲ့ရသူ ယူရီ ဘီလင်ကီး (Yuri Belenkiy) ၏ ခရစ်ပတိုငွေကြေး လွှဲပြောင်းမှု အချက်အလက်များကို ရုရှားထံ ပေးပို့ခဲ့ခြင်း ဖြစ်ပါတယ်။ ဘီလင်ကီးသည် ယူကရိန်း စစ်ဘက်သို့ အမေရိကန်ဒေါ်လာ ၇၀၀ ကျော် ထောက်ပံ့ခဲ့သဖြင့် အကြမ်းဖက်မှု ငွေကြေးထောက်ပံ့မှု စွပ်စွဲချက်ဖြင့် တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။
ဘိုင်နန့်စ် ပြောရေးဆိုခွင့်ရှိသူက “ဘိုင်နန့်စ်အနေနဲ့ မည်သည့် စီရင်ပိုင်ခွင့် ဥပဒေကိုမျှ ပြဋ္ဌာန်းခြင်း သို့မဟုတ် စိုးမိုးဆောင်ရွက်ခြင်း မရှိသလို အစိုးရတွေ တရားဥပဒေဆိုင်ရာ အမှုတွေမှာ အချက်အလက်တွေကို ဘယ်လိုသုံးမလဲဆိုတာ ဆုံးဖြတ်ပေးတာမျိုး မရှိပါဘူး” ဟု ထုတ်ပြန်ထားပါတယ်။ ၎င်းက ဆက်လက်ပြီး ကမ္ဘာတစ်ဝန်းရှိ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းများ၏ တရားဝင် တောင်းဆိုချက်များကို ဥပဒေနှင့်အညီ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဆိုပါတယ်။
The First Department အဖွဲ့အစည်းမှ အကြီးအကဲ ဒီမီထရီ ဇိုင်ယာဘက်ခ် (Dmitry Zair-Bek) က ရုရှားမှ ထွက်ခွာခဲ့ပြီဟု ကြေညာထားသည့် ခရစ်ပတို ကုမ္ပဏီကြီးတစ်ခုက ယခုကဲ့သို့ အာဏာပိုင်များ တောင်းဆိုသည်နှင့် အချက်အလက်များ ထုတ်ပေးခဲ့ခြင်းအပေါ် ဝေဖန်ခဲ့ပါတယ်။ ဘူဂေးရီးယား နေထိုင်ခွင့် ရရှိထားသည့် ဘီလင်ကီး၏ အချက်အလက်များကို ပေးပို့ခဲ့ခြင်းသည် ဥရောပ သမဂ္ဂ၏ အချက်အလက် ကာကွယ်ရေး ဥပဒေ (GDPR) အား ချိုးဖောက်ရာ ရောက်နိုင်ကြောင်း ဥပဒေကျွမ်းကျင်သူများက ထောက်ပြထားကြပါတယ်။
Source – Reuters