ဩဂုတ် ၁၇၊ ၂၀၂၆

The Kaladan Post

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းတွင် ပမာဏ ၇.၇ ရှိ အားပြင်း ငလျင် လှုပ်ခတ်ခဲ့သဖြင့် နည်းဆုံး လူ ၅၃ ဦး သေဆုံးခဲ့ပြီး ၁၃၀ ကျော် ဒဏ်ရာရကာ လူပေါင်း ၅,၀၀၀ ခန့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း တနင်္ဂနွေနေ့ (ဩဂုတ်လ ၁၆ ရက်) တွင် အာဏာပိုင်များက ထုတ်ပြန်လိုက်ပါတယ်။

စနေနေ့က လှုပ်ခတ်ခဲ့သည့် ယခု ငလျင်သည် ၂၀၂၂ ခုနှစ်နောက်ပိုင်း အင်ဒိုနီးရှား၏ အသေအပျောက် အများဆုံး ငလျင်ဖြစ်ပြီး စစ်ခါ (Sikka) ဒေသမှ လူပေါင်း ၃,၃၀၀ ကျော် ဘေးလွတ်ရာ စခန်းများသို့ ရွှေ့ပြောင်းခဲ့ရပါတယ်။ ငလျင်အပြီးတွင် နောက်ဆက်တွဲ ငလျင်ငယ် ပေါင်း ၁,၀၀၀ နီးပါး လှုပ်ခတ်ခဲ့ကြောင်း သဘာဝဘေးအန္တရာယ် ဆိုင်ရာ အေဂျင်စီ (BNPB) က ဆိုပါတယ်။

တပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် ၃,၅၀၀ ကျော်ကို ကယ်ဆယ်ရေးအတွက် စေလွှတ်ထားပြီး အရှေ့နူဆာတန်ဂါရာ ပြည်နယ်တွင် အရေးပေါ် အခြေအနေ ထုတ်ပြန်ထားပါတယ်။ ဒေသခံ အေဂျင်စီအကြီးအကဲ မာဂရီသာ က “ကျွန်မတို့ဆီမှာ ငလျင်ခကြာခဏ လှုပ်လေ့ရှိပေမဲ့ အခု ငလျင်ကတော့ ၁၉၉၂ ခုနှစ်တုန်းက စိတ်ဒဏ်ရာတွေကို အမှန်တကယ် ပြန်လည်အမှတ်ရစေပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

အသက် ၆၇ နှစ်အရွယ် အသက်ရှင်ကျန်ရစ်သူ ယုဗီယန်တာ ဆင်းန် (Yuvienta Saen) က လေဖြတ်နေသည့် ခင်ပွန်းဖြစ်သူကို ထားရစ်ခဲ့ရပုံကို “သူက မင်းပြေးတော့၊ ငါ့ရဲ့ကံကြမ္မာကို ဘုရားသခင်ဆီပဲ ပုံအပ်လိုက်ပြီလို့ ပြောခဲ့ပါတယ်” ဟု ရိုက်တာ သတင်းဌာနသို့ ပြန်လည် ပြောပြခဲ့ပါတယ်။

Source – Reuters