ဩဂုတ် ၁၄၊ ၂၀၂၆
The Kaladan Post
အမေရိကန်ပြည်ထောင်စု တဲနက်ဆီး၊ အိုကလာဟိုးမားနှင့် အာလာဘားမား ပြည်နယ်တို့တွင် ကြာသပတေးနေ့ (ဩဂုတ်လ ၁၃ ရက်) က သေဒဏ်ကျ အကျဉ်းသား ၃ ဦးကို ဆေးထိုး၍ သေဒဏ် စီရင်ခဲ့ရာ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ် တစ်ရက်တည်း သေဒဏ် ၃ ခု စီရင်မှု ဖြစ်လာခဲ့ပါတယ်။
တဲနက်ဆီးပြည်နယ်တွင် ၁၉၈၅ ခုနှစ်က မိုတယ် ဝန်ထမ်းအမျိုးသမီးကို သတ်ဖြတ်ခဲ့သည့် အန်သိုနီ ဒါရဲလ် ဟိုင်းစ် (Anthony Darrell Hines) နှင့် အိုကလာဟိုးမားပြည်နယ်တွင် ၂၀၀၃ ခုနှစ်က ချစ်သူအမျိုးသမီးကို သတ်ခဲ့သည့် ကားလို့စ် ကူယက်စတာ-ရိုဒရီဂက်ဇ် (Carlos Cuesta-Rodriguez) တို့အား ၃၀ မိနစ်ခြားကာ သေဒဏ် စီရင်ခဲ့တာ ဖြစ်ပါတယ်။ ယင်းနောက် နာရီပိုင်းအကြာတွင် အာလာဘားမားပြည်နယ်၌ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် ဂျရဲမီ ဝီလျံစ် (Jeremy Williams) ကို သေဒဏ် စီရင်ခဲ့ပါတယ်။
အာလာဘားမားမှ သေဒဏ်ကျသူ ဂျရဲမီ ဝီလျံစ် က “ကျွန်တော့်ရဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်” ဟု မသေဆုံးမီ ပြောကြားခဲ့ပါတယ်။ အာလာဘားမား ပြည်နယ်အုပ်ချုပ်ရေးမှူး ကေး အိုင်ဗီ (Kay Ivey) က “ဒီလို ပြောမပြနိုင်အောင် ဆိုးရွားတဲ့ ပြစ်မှုမျိုးတွေကြောင့်ပဲ ကျွန်မတို့မှာ သေဒဏ်စီရင်ရေး ဥပဒေရှိနေရတာ ဖြစ်ပါတယ်” ဟု ထုတ်ပြန်ထားပါတယ်။
အမေရိကန်တွင် တစ်ရက်တည်း သေဒဏ် ၃ ခု စီရင်ခဲ့ခြင်းမှာ ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီ ၇ ရက်နေ့နောက်ပိုင်း ပထမဆုံး ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်အတွင်း ပြည်နယ် ၁၁ ခု၌ လူပေါင်း ၄၇ ဦးအထိ သေဒဏ် စီရင်ခဲ့ပြီး ၂၀၀၉ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး ပမာဏ ဖြစ်ခဲ့သလို ယခုနှစ်အတွင်း၌လည်း သေဒဏ် စီရင်ပြီးစီးသူ ၂၂ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။
Source – AP