ဇူလိုင် ၂၃၊ ၂၀၂၆

The Kaladan Post

အာရှတစ်လွှားက ချမ်းသာကြွယ်ဝတဲ့ မိသားစုတွေနဲ့ ရန်ပုံငွေမန်နေဂျာတွေဟာ အရင်ကလို အားကစားပွဲတွေကို စပွန်ဆာပေးရုံတင် မဟုတ်တော့ဘဲ အားကစားအသင်းတွေနဲ့ နည်းပညာလုပ်ငန်းတွေမှာ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ စံချိန်တင်အောင် လုပ်ဆောင်လာကြပါတယ်။ အာရှ-ပစိဖိတ်ဒေသရဲ့ အားကစားနဲ့ဆိုင်တဲ့ လုပ်ငန်းပေါင်းစည်း ဝယ်ယူမှု (M&A) တန်ဖိုးဟာ အခုနှစ် ဇူလိုင်လလယ်အထိ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၉ ဘီလီယံအထိ ရောက်ရှိသွားခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့နှစ်ကထက် ၁၂ ဆကျော် ပိုမိုများပြားလာတာဖြစ်ကြောင်း LSEG ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဒီလို ရင်းနှီးမြှုပ်နှံမှုတွေ မြင့်တက်လာရတာဟာ အာရှမှာ အားကစားကြည့်ရှုသူ ပရိသတ်တွေ ပိုမိုများပြားလာတာနဲ့ ထုတ်လွှင့်မှုဆိုင်ရာ မူပိုင်ခွင့် (Media Rights) ဈေးနှုန်းတွေ တက်လာတာကြောင့် ရေရှည်မှာ အကျိုးအမြတ် ပိုရနိုင်မယ်လို့ တွက်ဆထားကြလို့ ဖြစ်ပါတယ်။ စပိန်ဘောလုံးကလပ် ဗလင်စီယာအသင်းကို ထိန်းချုပ်ထားတဲ့ စင်ကာပူစီးပွားရေးလုပ်ငန်းရှင် Kiat Lim က “အာရုံစိုက်မှုဆိုတာ ငွေကြေးတစ်မျိုးပါပဲ။ ကြည့်ရှုသူ များလေလေ၊ ရုပ်သံလွှင့်ဌာနတွေက မူပိုင်ခွင့်အတွက် ပိုပေးရလေလေပါပဲ။ ဒီမူပိုင်ခွင့် တန်ဖိုးတွေ တက်လာတာနဲ့အမျှ အသင်းတွေဆီကိုလည်း ဝင်ငွေတွေ စီးဝင်လာတာ ဖြစ်ပါတယ်” လို့ Reuters ကို ပြောကြားခဲ့ပါတယ်။

ခရစ်ကက်နှင့် ဘေ့စ်ဘောလောက၏ အားပြိုင်မှု
အိန္ဒိယနိုင်ငံမှာဆိုရင် အိုင်ပီအယ်လ် (IPL) ခရစ်ကက်အသင်းတွေရဲ့ တန်ဖိုးဟာ အဆမတန် မြင့်တက်နေပါတယ်။ ‘Lucknow Super Giants’ အသင်းပိုင်ရှင် Goenka မိသားစုဟာ သူတို့ရဲ့ ရှယ်ယာ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းလောက်ကို ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံကနေ ၂ ဘီလီယံကြား တန်ဖိုးသတ်မှတ်ပြီး ရောင်းချဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လကလည်း ‘Royal Challengers Bengaluru’ အသင်းကို ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံနဲ့ ရောင်းချခဲ့သလို၊ မေလမှာတော့ ‘Rajasthan Royals’ အသင်းရဲ့ ရှယ်ယာ ၉၃ ရာခိုင်နှုန်းကို ဒေါ်လာ ၁ ဒသမ ၆၅ ဘီလီယံနဲ့ ဝယ်ယူခဲ့ကြပါသေးတယ်။

Citigroup မှ အဆင့်မြင့်အရာရှိ John Hutcheson ကတော့ ရင်းနှီးမြှုပ်နှံသူတွေဟာ အားကစားလုပ်ငန်းကို AI နည်းပညာတွေနဲ့ အစားထိုးလို့မရတဲ့ “AI Proof” လုပ်ငန်းတစ်ခုအဖြစ် ရှုမြင်လာကြတယ်လို့ ဆိုပါတယ်။ ၎င်းက “အာရှက အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတွေဆီကနေ အခုလို အားကစားကဏ္ဍမှာ ရင်းနှီးမြှုပ်နှံချင်တယ်ဆိုတဲ့ ဖုန်းခေါ်ဆိုမှုတွေ မနှစ်ကထက် အများကြီး ပိုရလာပါတယ်” လို့ ရှင်းပြခဲ့ပါတယ်။ လက်ရှိမှာ အာရှဒေသဟာ NBA ဘတ်စကက်ဘော၊ ဥရောပဘောလုံးပွဲတွေနဲ့ Formula One ကားပြိုင်ပွဲတွေအတွက် အင်မတန် အလားအလာကောင်းတဲ့ ဈေးကွက်ကြီးတစ်ခု ဖြစ်လာနေပြီ ဖြစ်ပါတယ်။

သတင်း Source: Reuters