ဩဂုတ် ၂၈၊ ၂၀၂၆

The Kaladan Post

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအား သဘောတူညီချက်အရ မိမိဆန္ဒအလျောက် ပြန်လည် ပို့ဆောင်ပေးသည့် အစီအစဉ်၏ ပထမအသုတ်အဖြစ် မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို လာမည့် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပြန်လည် ပို့ဆောင်သွားမည်ဖြစ်ကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ယခု အစီအစဉ်သည် မြန်မာအစိုးရနှင့် သဘောတူညီထားသည့် မြန်မာနိုင်ငံသား ၅,၀၀၀ ပြန်လည်ပို့ဆောင်ရေး အစီအစဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနက “ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်မှာ မြန်မာရေတပ် စစ်သင်္ဘော နှစ်စီးနဲ့ ဆေးရုံသင်္ဘော တစ်စီးကို အသုံးပြုသွားမှာ ဖြစ်ပါတယ်” ဟု ထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ ၁၅ ရက်နေ့အထိ မလေးရှား လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် မြန်မာနိုင်ငံသား ၁၀,၃၈၈ ဦး ထိန်းသိမ်းခံထားရပြီး ၎င်းတို့အနက် ရိုဟင်ဂျာ ၄,၀၀၈ ဦးအား ဇီဝဆိုင်ရာနှင့် အထောက်အထား စိစစ်သည့် အစီအစဉ် (DPP) ကို ယခုနှစ်အတွင်း ပြုလုပ်သွားမည် ဖြစ်ပါတယ်။ ယင်း စိစစ်မှု ပြီးမြောက်သူများကို မလေးရှားအစိုးရက ယာယီနေထိုင်ခွင့် ပြုမည့် DPP ကတ်များ ထုတ်ပေးသွားမည် ဖြစ်ပါတယ်။

မလေးရှားနိုင်ငံရှိ ဒုက္ခသည် ၉၅ ရာခိုင်နှုန်းကျော်မှာ မြန်မာနိုင်ငံမှ လာရောက်သူများ (ရိုဟင်ဂျာ၊ ချင်း၊ ကရင်နှင့် မွန် တိုင်းရင်းသားများ) ဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနက “ကျွန်တော်တို့အနေနဲ့ မိမိဆန္ဒအလျောက် ပြန်ချင်သူတွေကို စိစစ်ဖော်ထုတ်သွားမှာ ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံနဲ့ ပူးပေါင်းပြီး အဆင့်လိုက် ပြန်လည်ပို့ဆောင်ရေးတွေကို ညှိနှိုင်းဆောင်ရွက်သွားမှာပါ” ဟု ဆိုထားပါတယ်။

Source – The Star