ဩဂုတ် ၂၈၊ ၂၀၂၆
The Kaladan Post
ရုရှားနိုင်ငံ၏ ပါဝင်မှု၊ ထိုင်းနိုင်ငံ၏ စိတ်ဝင်စားမှုတို့ဖြင့် ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းကို ပြန်လည် အသက်သွင်းရန် မြန်မာနိုင်ငံက ကြိုးပမ်းနေသော်လည်း နယ်မြေ မတည်ငြိမ်မှုများနှင့် ဖြစ်မြောက်နိုင်စွမ်းဆိုင်ရာ သံသယများ ရှိနေကြောင်း ဩဂုတ်လ ၂၈ ရက်နေ့ သတင်းဖော်ပြချက်များအရ သိရပါတယ်။
မလက္ကာ ရေလက်ကြားကို ရှောင်ကွင်း၍ အန်ဒမန် ပင်လယ်နှင့် အိန္ဒိယ သမုဒ္ဒရာသို့ အလျင်အမြန် ကုန်စည် ပို့ဆောင်နိုင်မည့် အဆိုပါ စီမံကိန်းတွင် ရုရှားက ၆၆၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ရေနံချက်စက်ရုံများ တည်ဆောက်ရန် အဆိုပြုထားပါတယ်။ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရကူးလ် က “ကျွန်တော်တို့ နှစ်နိုင်ငံ ထိုင်းနဲ့ မြန်မာဟာ ယုံကြည်မှု၊ စိတ်ချရမှုနဲ့ နှစ်နိုင်ငံ ပြည်သူတွေရဲ့ အပြန်အလှန် အကျိုးအမြတ်ပေါ် အခြေခံတဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စာမျက်နှာသစ်အတွက် အသင့်ဖြစ်နေပါပြီ” ဟု ပြောကြားခဲ့ပါတယ်။
ISEAS-Yusof Ishak အင်စတီကျူးမှ အီယန် စတိုးရီး (Ian Storey) က “ထားဝယ်ဟာ ရုရှားအတွက် အန်ဒမန် ပင်လယ်မှာ ခြေကုပ်ရရှိစေမှာဖြစ်ပြီး အိန္ဒိယ သမုဒ္ဒရာနဲ့ မလက္ကာ ရေလက်ကြားကို ဝင်ရောက်နိုင်ပါလိမ့်မယ်” ဟု သုံးသပ်ထားပါတယ်။ ETOs Watch Coalition မှ တီရာချိုင်း စန်ဂျာရိုအင်ကစ်တာဝွန် (Teerachai Sanjaroenkijthaworn) ကမူ ရုရှားကို ဆွဲသွင်းခြင်းသည် တရုတ်၏ လွှမ်းမိုးမှုကို ထိန်းညှိရန် ပထဝီနိုင်ငံရေးအရ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုပါတယ်။
သို့သော်လည်း စီမံကိန်း နယ်မြေအတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က နယ်မြေရှင်းလင်းရေး ပြုလုပ်နေသဖြင့် စီမံကိန်း အမြန် ပြန်စရန် မလွယ်ကူကြောင်း သုံးသပ်ကြပါတယ်။ ဓမ္မဆတ် တက္ကသိုလ်မှ ပါမောက္ခ ရုသ် ဘာနိုမြောင် (Ruth Banomyong) က “နိုင်ငံရေးအရ စိတ်ဝင်စားမှု ဒါမှမဟုတ် သံတမန်ရေးအရ ထုတ်ပြန်တာကို တကယ် ရင်းနှီးမြှုပ်နှံမယ့် ကတိကဝတ်နဲ့ ရောထွေး မပစ်သင့်ပါဘူး” ဟု ထောက်ပြထားပါတယ်။
Source – CNA