ဒီဇင် (၁၉) သတင်းတိုပေါင်းချုပ်
စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ကုလမှာ လုံးဝပယ်ချရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို ဒီဇင် ၁၉ The Kaladan Post ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အကြမ်းဖက်စစ်အုပ်စုကျင်းပရန် စီစဉ်ထားသည့် အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံတကာက လုံးဝပယ်ချရန် ကုလသမဂ္ဂ အထွေထွေညီလာခံ အဆင့်မြင့်အစည်းအဝေးတွင် ပြင်းပြင်းထန်ထန် တောင်းဆိုလိုက်သည်။ ဒီဇင်ဘာလ ၁၆ ရက်က ကျင်းပခဲ့သည့် သတင်းအချက်အလက်လူ့အဖွဲ့အစည်းဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေး (WSIS) ရလဒ်များ အကောင်အထည်ဖော်မှုကို ပြန်လည်သုံးသပ်သည့် အဆိုပါအစည်းအဝေးတွင် ၎င်းက စစ်အုပ်စုအာဏာသိမ်းပြီးနောက် ပြည်သူများအပေါ် အစုလိုက်အပြုံလိုက် စောင့်ကြည့်ထောက်လှမ်းမှု၊ အင်တာနက်ပိတ်ပင်ကန့်သတ်မှုများနှင့် ဂျာနယ်လစ်များကို ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် လွတ်လပ်တရားမျှတမှု လုံးဝမရှိနိုင်သည့် ရွေးကောက်ပွဲဖြစ်ကြောင်း ထောက်ပြခဲ့သည်။ ထို့ပြင် ယင်းရွေးကောက်ပွဲက နိုင်ငံတဝန်း အကြမ်းဖက်မှုကို ပိုမိုဆိုးရွားစေမည်ဖြစ်ပြီး စစ်အုပ်စု၏ ဝါဒဖြန့်ချိရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖုံးကွယ်ရန်သာ ရည်ရွယ်ကြောင်း သံအမတ်ကြီးက အလေးပေးပြောကြားခဲ့သည်။ သံအမတ်ကြီးက စစ်အုပ်စုသည် AI၊ မျက်နှာမှတ်သားစနစ်၊ CCTV နှင့် နိုင်ငံခြားနည်းပညာများကို အသုံးပြု၍ ပြည်သူများကို ခြေရာခံဖမ်းဆီးနေကြောင်း၊ ဂျာနယ်လစ် ၂၂၅ ဦးကို မတရားဖမ်းဆီးထားပြီး မီဒီယာသမား ၉ ဦး အသတ်ခံရကြောင်း ထောက်ပြခဲ့သည်။ ဤသို့သော ကြောက်ရွံ့ထိတ်လန့်မှုအောက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို နိုင်ငံတကာက ပယ်ချရန်နှင့် စစ်အုပ်စုအား တရားဝင်မှု မပေးအပ်ရန် အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းကို တိုက်တွန်းခဲ့သည်။ ပြည်သူများ အမြဲကြောက်ရွံ့နေရသည့် အခြေအနေတွင် လွတ်လပ်မှုမရှိသည့် ရွေးကောက်ပွဲက အကြမ်းဖက်မှုကို ပိုမိုကျယ်ပြန့်စေမည်သာဖြစ်ကြောင်း ၎င်းက သတိပေးခဲ့သည်။ မြစ်ဆုံစီမံကိန်း ပြန်စရန် စစ်တပ်လှုပ်ရှားနေချိန် ပြည်သူဆန္ဒကို အဓိကထားရန် KIO/KIA သတိပေး ဒီဇင် ၁၉ The Kaladan Post ပြည်သူလူထု၏ ပြင်းထန်ကန့်ကွက်မှုကြောင့် ၂၀၁၁ ခုနှစ်ကတည်းက ရပ်ဆိုင်းထားခဲ့သော ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို အာဏာသိမ်းစစ်တပ်က ပြန်လည်စတင်ရန် လုပ်ဆောင်နေသည့်အချိန်တွင် ပြည်သူလူထု၏ ဆန္ဒကို အဓိကအလေးထားရမည်ဖြစ်ကြောင်း KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သတိပေးပြောဆိုလိုက်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယခုနှစ် ဩဂုတ်လက မြစ်ဆုံစီမံကိန်း ဦးဆောင်အဖွဲ့ဖွဲ့စည်းကာ တရုတ်ကုမ္ပဏီနှင့် ပူးပေါင်း၍ သုတေသန၊ နည်းပညာ၊ ပြည်သူ့ဆက်ဆံရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းကလည်း တမံဒီဇိုင်းရွေးချယ်ပြီးစီးကြောင်း မကြာသေးမီက ထုတ်ဖော်ပြောဆိုထားသည်။ KIO/KIA အနေဖြင့် မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ လတ်တလော တရားဝင်သဘောထားထုတ်ပြန် ထားခြင်း မရှိသေးသော်လည်း “ပြည်သူလူထုရဲ့ ဆန္ဒက အဓိကကျတော့ အလေးအနက်ထားဖို့ ပြောချင်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက အလေးပေးပြောကြားခဲ့သည်။ စစ်တပ်အနေဖြင့် ကွန်ကရစ်မျက်နှာကျောက်ဖြည့်တမံ (CFRD) အမျိုးအစားဖြင့် တပ်ဆင်စက်အင်အား ၅၆၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် စီမံကိန်းကို နှစ်နိုင်ငံ စီးပွားရေးတွက်ခြေကိုက်အောင် ဆောင်ရွက်သွားမည်ဟု ကြေညာထားသော်လည်း ပြည်သူများ၏ ယခင်ကန့်ကွက်မှုများကို လျစ်လျူရှုပါက ပြဿနာများ ပိုမိုဆိုးရွားလာနိုင်ကြောင်း သတိပေးချက်များ ထွက်ပေါ်နေသည်။ နေပြည်တော်-မကွေး လမ်းပိုင်း စစ်တပ်ရိက္ခာယာဉ်တန်း မိုင်းဆွဲခံရ၍ စစ်သား ၂ ဦးသေ ဒီဇင် ၁၉ The Kaladan Post မကွေးတိုင်း၊ နေပြည်တော်-မကွေးလမ်းပိုင်း မိုင်တိုင် ၂၂ အနီးတွင် အကြမ်းဖက်စစ်တပ်၏ ကား ၆ စီးပါ ရိက္ခာယာဉ်တန်းကို မြို့သစ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီဇင်ဘာလ ၁၇ ရက် နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူက အတည်ပြုပြောဆိုသည်။...
Read More