လူငယ်တွေ အတင်းအဓမ္မ စစ်မှုထမ်းမခံဘဲ လွတ်မြောက်နယ်မြေဘက် ရုန်းထွက်ကြရန် ဦးရည်မွန် တိုက်တွန်း
စက်တင် ၁၃
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က စစ်တပ်၏ ပေါ်တာဆွဲစစ်သား စုဆောင်းမှုကို တိုက်ဖျက်ဖို့ အန္တရာယ်ရှိနေတဲ့ လူငယ်တွေအနေဖြင့် တော်လှန်ရေးနယ်မြေတွေဘက် လာရောက်ကြဖို့ တိုက်တွန်းထားပါတယ်။ တော်လှန်ရေးနယ်မြေကို ရောက်လာသူတွေအနေနဲ့ တိုက်ခိုက်ရေးတာဝန် ထမ်းဆောင်လိုရင် PDF၊ ပကဖတို့မှာ ပါဝင်နိုင်သလို တိုက်ခိုက်ရေးမလုပ်လို သူတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ စစ်ဘေးရှောင်စောင့်ရှောက်ရေး၊ လူထုဝန်ဆောင်မှုနဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာ ပါဝင်နိုင်အောင် စီစဉ်ပေးမယ်လို့လည်း ဦးရည်မွန်က ပြောပါတယ်။
ဒါ့အပြင် ပြည်ပထွက်ခွာလိုသူတွေအတွက်လည်း နိုင်ငံခြားရောက် မြန်မာအသိုင်းအဝိုင်းတွေနဲ့ ချိတ်ဆက်ကူညီပေးဖို့ စီစဉ်ထားသလို အဓမ္မစစ်မှုထမ်းခေါ်ဆောင်ခံရသူတွေ ဆက်သွယ်လာနိုင်အောင် ရှေ့တန်း PDF နဲ့ ပကဖတွေကိုလည်း လမ်းညွှန်ထားတယ်လို့ ဆိုပါတယ်။ ဦးရည်မွန်က အတင်းအဓမ္မ စစ်သားစုဆောင်းရေးစနစ်ဟာ စစ်အုပ်စုအတွက် စစ်ရေးအရ အားကိုးရတဲ့ နည်းလမ်းတစ်ခုဖြစ်သလို တစ်ဖက်မှာလည်း အားနည်းချက်တစ်ခုဖြစ်တာကြောင့် ဒီစနစ်ကို တိုက်ဖျက်ရေးမှာ ပြည်သူတွေနဲ့ လူငယ်တွေအားလုံး ပူးပေါင်းပါဝင်ဖို့ အရေးကြီးကြောင်း ရှင်းပြထားပါတယ်။
ဦးမင်းကိုနိုင်ကလည်း စစ်အုပ်စုရဲ့ ဖိအားပေးမှုအောက်မှာ ဆက်မနေဘဲ တော်လှန်ရေးနယ်မြေတွေ ဘက် ရုန်းထွက်လာဖို့ တိုက်တွန်းထားပြီး လူငယ်တွေကို တစ်ဦးချင်းဖမ်းဆီးခံရတာထက် စုပေါင်း ဆန့်ကျင်ဖို့ လိုအပ်တယ်လို့ ပြောဆိုပါတယ်။ လက်ရှိ စစ်တပ်ဘက်က စစ်မှုထမ်းအပတ်စဉ်တွေ ဆက်လက်ဖွင့်လှစ်ဖို့ ပြင်ဆင်နေပြီး NUG ကတော့ အဓမ္မစစ်သားစုဆောင်းမှုကနေ လွတ်မြောက်နိုင် မယ့် လုံခြုံရေးနဲ့ အထောက်အပံ့လမ်းကြောင်းတွေကို ပြင်ဆင်ပေးသွားမယ်လို့ အသိပေးထားပါတယ်။
#thekaladanpost #NUG #ဦးရည်မွန် #ဦးမင်းကိုနိုင် #အဓမ္မစစ်မှုထမ်း

ခလယ်လွီထူခရိုင်မှာ စစ်တပ်ဒရုန်းဗုံးကြဲမှုကြောင့် အရပ်သား ၆ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ
စက်တင် ၁၃
The Kaladan Post
ကေအဲန်ယူ ခလယ်လွီထူခရိုင် မူးမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေ ဘုတ်ဆုတ်ခင်ကျေးရွာကို စက်တင်ဘာ ၅ ရက်က တံခွန်တိုင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် (၁) ဦးရာဇာတ် (၅၂)နှစ်၊ (၂) ရာမာဒေရီ (၄၂)နှစ်၊ (၃) ဦးစာစစ်ထရီး (၃၂)နှစ်၊ (၄) စုဂနီ (၂၄)နှစ်၊ (၅)ဟီးရိုး (၁)နှစ် နှင့် (၆) ဦးဆူနီးကူးမား (၅၅)နှစ် တို့ (၆)ဦး အရပ်သား ၆ ဦး သေဆုံးခဲ့ပြီး (၁)ဦးဘရာဂျူး (၂၅)နှစ်၊ (၂) မူနား (၇)နှစ်၊ (၃)စူလာဂျူရီယာ (၃၅)နှစ်၊ (၄)ကိုပါဂျန် (၁၃)နှစ်၊ (၅)မောင်ကိုရီဘင် (၃၈)နှစ်၊ (၆)ရာကူမာ (၃၈)နှစ်၊ (၇)ဘိုလူ (၁၆)နှစ်နှင့် (၈)ဒေါ်ရာမာဂေရီ (၄၂)နှစ် အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် လူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ အာဆီယံဘုံသဘောတူညီချက်ကို မလိုက်နာဘဲ အရပ်သားတွေကို လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးတွေ အသုံးပြုပြီး တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ KNU က ဝေဖန်ထားပါတယ်။ ဘုတ်ဆုတ်ခင်ကျေးရွာအတွင်း အခုလို တိုက်ခိုက်မှုကြောင့် ကော်သူးလေအုပ်ချုပ် နယ်မြေအတွင်း နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ အသက်အန္တရာယ်နဲ့ အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမယ့် စိုးရိမ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ KNU က ပြောပါတယ်။
#thekaladanpost #ခလယ်လွီထူခရိုင် #KNU #ဒရုန်းတိုက်ခိုက်မှု #အရပ်သားထိခိုက်မှု

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဖမ်းဆီးအရေးယူမည်ဟု စစ်တပ်ခြိမ်းခြောက်
စက်တင် ၁၃
The Kaladan Post
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အမှုဖွင့်ထားပြီး အမေရိကန်ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ဖမ်းဆီးအရေးယူသွားမယ်လို့ စစ်တပ်ဘက်က ယနေ့ စက်တင်ဘာ ၁၃ ရက်ထုတ် ဝါဒဖြန့်သတင်းစာတွေကနေ ပြောဆိုလာပါတယ်။ ဦးကျော်မိုးထွန်းဟာ စစ်တပ်ရဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေကို မလိုက်နာဘဲ NUG နဲ့ CRPH တို့နဲ့ ပူးပေါင်းလှုပ်ရှားခဲ့တာကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကတည်းက ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ထားတယ်လို့ စစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
ဒါ့ပြင် နယူးယောက်မြို့က မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးခန်း၊ နေအိမ်နဲ့ မော်တော်ယာဉ်တွေလို နိုင်ငံပိုင်ပစ္စည်းတွေကို ဆက်လက်အသုံးပြုနေတယ်လို့လည်း စစ်တပ်ဘက်က စွပ်စွဲထားသည့်အပြင် Bank of America ဘဏ်စာရင်းထဲက အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၆ သန်းကျော်နဲ့ ယူရို ၃၈,၁၃၃ ဒသမ ၆၂ ကို ခွင့်ပြုချက်မရှိဘဲ ထုတ်ယူသုံးစွဲခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကိုလည်း စစ်တပ်က ထပ်မံဖော်ပြထားပါတယ်။
ဦးကျော်မိုးထွန်းကို နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ မတရားအသင်းအက်ဥပဒေ၊ ပြည်သူ့ပိုင် ပစ္စည်းကာကွယ်ရေးဥပဒေနဲ့ ဆက်သွယ်ရေးဥပဒေ ၆၆(ဃ) အပါအဝင် ပုဒ်မအများအပြားနဲ့ တရားစွဲဆိုထားပြီး ဖမ်းဝရမ်းထုတ်ထားတယ်လို့ စစ်တပ်က ပြောပါတယ်။ လက်ရှိမှာ သူ့ကို တရားခံပြေးအဖြစ် သတ်မှတ်ထားပြီး INTERPOL နဲ့ USNCB တို့ကတဆင့် အမေရိကန်ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်အရေးယူဖို့ သံတမန်လမ်းကြောင်းကနေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း စစ်တပ်ဘက်က ဆိုပါတယ်။
#thekaladanpost #ဦးကျော်မိုးထွန်း #ကုလသမဂ္ဂ #မြန်မာအမြဲတမ်းကိုယ်စားလှယ် #NUG

မြဝတီမြို့မှာ မနက်ပိုင်း ယာဉ်ဗုံးပေါက်ကွဲမှု ၃ ကြိမ်ဖြစ်၊ ယာဉ် ၂ စီးနဲ့ ဌာနဆိုင်ရာရုံးအချို့ ပျက်စီး
စက်တင် ၁၃
The Kaladan Post
ကရင်ပြည်နယ်၊ မြဝတီမြို့ ရေပူလမ်းဆုံနဲ့ မြို့မရဲစခန်းအနီးအပါအဝင် နေရာတချို့မှာ စက်တင်ဘာ ၁၃ ရက် မနက် ၁ နာရီဝန်းကျင်က မော်တော်ယာဉ်ဗုံးပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။ အဆိုပါ ပေါက်ကွဲမှုတွေကြောင့် မော်တော်ယာဉ် ၂ စီး ပျက်စီး သွားပြီး ရေပူမီးပွိုင့်အနီး ယာဉ်ထိန်းရုံးနဲ့ ဌာနဆိုင်ရာအဆောက်အအုံတချို့မှာလည်း ပျက်စီးမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။
ပေါက်ကွဲသံက ပြင်းထန်ပြီး မြဝတီမြို့အပြင် ထိုင်းနိုင်ငံ မဲဆောက်ဘက်အထိ ကြားရကာ လူထုအတွင်း ထိတ်လန့်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောဆိုထားပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီး နောက် စစ်တပ်ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့တွေက ဖြစ်စဉ်နေရာတွေကို လာရောက်စစ်ဆေးခဲ့ပြီး ဂတ်စ်အိုးတွေနဲ့အတူ ဗုံး ဒါမှမဟုတ် မိုင်းတပ်ဆင်ဖောက်ခွဲခဲ့တာဖြစ်နိုင်တယ်လို့ ကနဦးသုံးသပ်နေ ကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။
ဒီဖောက်ခွဲမှုကို KNU နဲ့ PDF တို့ လုပ်ဆောင်တာလို့ စစ်တပ်လော်ဘီတွေက စွပ်စွဲရေးသားထား ကြပါတယ်။ အဆိုပါ ပေါက်ကွဲမှုတွေဟာ ထိုင်းဘက်က အမှတ် ၂ ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်နေချိန်နဲ့ တိုက်ဆိုင်ဖြစ်ပွားလာတာဖြစ်ပြီး လုံခြုံရေးအခြေအနေကြောင့် တံတားဖွင့်လှစ်ရေးအပေါ် သက်ရောက်မှုရှိနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
#thekaladanpost #မြဝတီမြို့ #ယာဉ်ဗုံးပေါက်ကွဲမှု #အမှတ်၂ချစ်ကြည်ရေးတံတား #ကရင်ပြည်နယ်

NUG ရဲ့ ဂုဏ်ပြုဆုချီးမြှင့်မှုဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက် အခြေခံအုတ်မြစ်ဟု KIO ဆို
စက်တင် ၁၃
The Kaladan Post
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တည်ထောင်ခြင်း ၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် NUG ချီးမြှင့်ခဲ့တဲ့ ဘွဲ့နဲ့ဆုတံဆိပ်တွေထဲမှာ KIA စစ်ဦးစီးချုပ်ဟောင်း ဒုဗိုလ်ချုပ်ကြီး R ခေါင်လွမ်းအပါအဝင် KIA စစ်သည်တော် ၁၃ ဦး ပါဝင်ခဲ့တာကို KIO ဗဟိုကော်မတီက ကျေးဇူးတင်ကြောင်း စာပေးပို့ထား ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလအတွင်း ကွယ်လွန်ခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းဟာ KIO/KIA စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့သလို NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ် ၁ စစ်ဒေသကို လည်း ဦးဆောင်တည်ထောင်ပြီး စစ်ဒေသမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်တယ်လို့ ဆိုထားပါတယ်။
အခုလို ဂုဏ်ပြုချီးမြှင့်မှုဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် အရေးကြီးတဲ့ အခြေခံအုတ်မြစ်တစ်ခုဖြစ်တယ်လို့ NUG ထံ ပေးပို့တဲ့စာမှာ KIO ဗဟိုကော်မတီက ဆိုထားပါတယ်။
အဆိုပါ ဆုချီးမြှင့်ပွဲကို ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက် ကျင့်ပခဲ့ပြီး ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ ၁ ဦး၊ ပြည်သူ့တော်လှန်ရေးသူရဲကောင်းဘွဲ့ ၂၁ ဦး၊ ပြည်သူ့ဇာနည်ဆု ၁,၆၄၇ ဦး၊ ပြည်သူ့သားကောင်း ဆု ၈၁ ဦးနဲ့ တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ် ၄၂ ဦး စုစုပေါင်း ၁,၇၉၂ ဦးကို ချီးမြှင့်ခဲ့ပါတယ်။
ဆုရရှိသူတွေထဲမှာ PDF ၁,၄၄၂ ဦး၊ PDO ၃၂၄ ဦးနဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းတွေက ၂၆ ဦး ပါဝင်ပြီး စစ်ဒေသ၊ တပ်မ၊ တပ်ရင်းနဲ့ တပ်ဖွဲ့အလိုက် ၄၅ ဖွဲ့လည်း ဂုဏ်ပြုချီးမြှင့်ခံခဲ့ရပါတယ်။
KIO/KIA ဟာ လက်ရှိမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးအတွက် ဆက်လက်လှုပ်ရှား နေပြီး NUG နဲ့ PDF တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိနေသလို ဒီလို ဂုဏ်ပြုဆုချီးမြှင့်မှုတွေကို လည်း တော်လှန်ရေးမှာ ပါဝင်သူတွေရဲ့ ပေးဆပ်မှုကို အသိအမှတ်ပြုတာဖြစ်တယ်လို့ NUG က ပြောဆိုထားပါတယ်။
#thekaladanpost #NUG #KIO #KIA #ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်း #ဖက်ဒရယ်ပြည်ထောင်စု

ချင်းပြည်နယ် ဘွေလီရွာကို စစ်တပ်ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၊ ဆိုင် ၂ ဆိုင်နဲ့ ကားတစ်စီး ပျက်စီး
စက်တင် ၁၃
The Kaladan Post
ချင်းပြည်နယ်၊ ဆမီးမြို့နယ်နဲ့ မတူပီမြို့နယ်ကြားက ဘွေလီကျေးရွာကို စက်တင်ဘာ ၁၂ ရက် ညနေပိုင်းမှာ စစ်တပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ ပေါင် ၃၀၀ ဗုံးအသုံးပြုကာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်က ပြောဆိုထားပါတယ်။ အဆိုပါ ဗုံးကြဲမှုကြောင့် ကုန်စုံဆိုင်တစ်ဆိုင်၊ ထမင်းဆိုင်တစ်ဆိုင်နဲ့ ကားတစ်စီး ပျက်စီးသွားပေမယ့် လူထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဗုံးကြဲခံရတဲ့နေရာဟာ Starlink ဂြိုလ်တုအင်တာနက် တပ်ဆင်အသုံးပြုနေတဲ့နေရာဖြစ်ပြီး အိမ်မွေး တိရစ္ဆာန်တချို့ သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောဆိုပါတယ်။ ဘွေလီကျေးရွာဟာ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ဆမီးမြို့နဲ့ မတူပီမြို့နယ်ကြားမှာရှိပြီး စစ်တပ်ဘက်က အဲဒီဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၂ ရက်ကလည်း ဆမီးမြို့ အမှတ် ၂ ရပ်ကွက်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ရာ အရပ်သားတစ်ဦး သေဆုံးပြီး ကလေးငယ် ၅ ဦးအပါအဝင် ၈ ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။
အလားတူ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ဘုတ်ဆုတ်ခင်ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၆ ဦး သေဆုံးပြီး ၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ဒီကနေ့ စက်တင်ဘာ ၁၃ရက်မှာ ထုတ်ပြန်ပါတယ်။
#thekaladanpost #ချင်းပြည်နယ် #ဘွေလီကျေးရွာ #လေကြောင်းတိုက်ခိုက်မှု #AA

ဗန်းမော်မှ ပြန်ဆင်းလာတဲ့ စစ်သင်္ဘော တိုက်ခိုက်ခံရပြီး ၄ စီး မီးလောင်းပျက်စီး
စက်တင် ၁၃
The Kaladan Post
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကနေ မန္တလေးဘက်ကို ပြန်လည်စုန်ဆင်းလာတဲ့ စစ်ကောင်စီတပ်ရဲ့ သင်္ဘောအုပ်စုကို KIA နဲ့ ပူးပေါင်းတပ်တွေက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၁ စီးအပါအဝင် တွဲသင်္ဘောတွဲ ၄ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။ စက်တင်ဘာ ၁၂ ရက် မနက်ပိုင်းမှာ ဗန်းမော်နဲ့ ရွှေကူကြား စာဝတီးနဲ့ သပြေကုန်းကျေးရွာအနီးမှာ တိုက်ခိုက်ခံခဲ့ရပြီး သင်္ဘောအများအပြား မီးလောင်ပျက်စီးခဲ့သလို ပျက်စီးသွားတဲ့ စစ်သင်္ဘောပေါ်က တပ်ဖွဲ့ဝင်တွေကိုလည်း အခြားသင်္ဘောတစ်စီးပေါ် ပြောင်းရွှေ့ခဲ့ကြောင်း သိရပါတယ်။
တိုက်ခိုက်မှုတွေဖြစ်ပြီးနောက် စစ်ကောင်စီဘက်က ဗန်းမော်နဲ့ ရွှေကူအကြား မြစ်ကမ်းတစ်လျှောက်ကို Y-12 လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကောင်းတုန်ကျေးရွာမှာ နေအိမ်တွေ မီးလောင်ပျက်စီးကာ ဒေသခံတွေ ထိခိုက်မှုရှိတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါ့အပြင် စင်းခန်းတံတားအနီးနဲ့ ရွှေကူမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား မြေပြင်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှာ ထိခိုက်သေဆုံးမှုတွေများနေကြောင်း ပြောဆိုထားပါတယ်။
အဆိုပါ စစ်တပ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်တစ်ရက်တည်းမှာပင် KIA ပူးပေါင်းတပ် က စစ်သင်္ဘောနဲ့ ကုန်တင်သင်္ဘော စုစုပေါင်း ၅ စီးကို ထပ်မံတိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။ ကချင်ပြည်နယ်မှာ ဩဂုတ်လနှောင်းပိုင်းစပြီး စက်တင်ဘာလလယ်ပိုင်းအထိ ဧရာဝတီမြစ်ကြောင်း တစ်လျှောက် KIA ပူးပေါင်းတပ် တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောနဲ့ ကုန်တင်သင်္ဘော စုစုပေါင်း ၁၆ စီးကို ဖျက်ဆီးနိုင်ခဲ့သည့်အပြင် တပ်ဖွဲ့ဝင် ၂၀၀ နီးပါကိုလည်း ဖမ်းဆီးရရှိခဲ့တယ်လို့ KIA ဘက်က ပြောဆိုထားပါတယ်။
#thekaladanpost #KIA #KPDF #ဗန်းမော် #ဧရာဝတီမြစ် #စစ်သင်္ဘောတိုက်ခိုက်မှု
