စက်တင် ၁၃၊ ၂၀၂၆

The Kaladan Post

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပနေသည့် ၂၀၂၆ ခုနှစ် BRICS ထိပ်သီးအစည်းအဝေး ဒုတိယမြောက်နေ့တွင် အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များသည် တစ်ဖက်သတ် ကုန်သွယ်ရေး ကန့်သတ်မှုများနှင့် အခွန်စည်းကြပ်မှုများကို ဆန့်ကျင်ကန့်ကွက်ကြောင်း ကြေညာလိုက်ပါတယ်။

စနေနေ့က အတည်ပြုခဲ့သည့် “နယူးဒေလီ ကြေညာချက်” တွင် နိုင်ငံတကာ ဥပဒေနှင့် ကုလသမဂ္ဂ ပဋိညာဉ်ကို ဆန့်ကျင်သည့် “တစ်ဖက်သတ် အကျပ်ကိုင် အရေးယူမှုများ” ကို ပြစ်တင်ရှုတ်ချထားပြီး ယင်းတို့ကို ဖျက်သိမ်းပေးရန် တောင်းဆိုထားပါတယ်။ ဤထုတ်ပြန်ချက်သည် ၂၀၂၅ ခုနှစ် အစောပိုင်းမှစ၍ ကုန်သွယ်ဖက်နိုင်ငံများအပေါ် အခွန်တိုးမြှင့် စည်းကြပ်နေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ လုပ်ဆောင်ချက်များကို တုံ့ပြန်လိုက်ခြင်း ဖြစ်ပါတယ်။

ထို့အပြင် ခေါင်းဆောင်များသည် အနောက်အာရှ ဒေသတွင်း တင်းမာမှုများ မြင့်တက်လာခြင်းနှင့် ရေနံကုန်သွယ်မှုအပေါ် ခြိမ်းခြောက်လာခြင်းတို့အပေါ် “အလွန်အမင်း စိုးရိမ်ကြောင်း” ဖော်ပြခဲ့ကြပြီး အပြန်အလှန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် တိုက်တွန်းခဲ့ပါတယ်။ ထိပ်သီးအစည်းအဝေး ပြင်ပတွင်လည်း အီရန် သမ္မတ ပီဇက်ရှ်ကီယန် နှင့် အဘူဒါဘီ အိမ်ရှေ့မင်းသား ရှိတ်ခါလစ်ဒ် တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

တနင်္ဂနွေနေ့ ဒုတိယနေ့ အစီအစဉ်အဖြစ် အားလုံးပါဝင်နိုင်သော ကမ္ဘာ့စီးပွားရေး တိုးတက်မှု အခွင့်အလမ်းများ ရှာဖွေရေး စသည့် ကဏ္ဍများကို ဆွေးနွေးလျက် ရှိပါတယ်။ အစည်းအဝေးသို့ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ၊ ရုရှား သမ္မတ ပူတင်၊ တရုတ် သမ္မတ ရှီကျင့်ဖျင်၊ အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို၊ တောင်အာဖရိက သမ္မတ ရာမာဖိုဆာနှင့် အီသီယိုးပီးယား ဝန်ကြီးချုပ် အာဘီ အာမက် အလီ တို့ တက်ရောက်နေကြပါတယ်။

ဝန်ကြီးချုပ် မိုဒီ၏ ပြောကြားချက်အရ အဖွဲ့ဝင် ၁၁ နိုင်ငံအထိ တိုးချဲ့လာသည့် BRICS အဖွဲ့သည် ကမ္ဘာ့ GDP ၏ ၄၀ ရာခိုင်နှုန်းနှင့် ကုန်သွယ်မှု၏ ၂၅ ရာခိုင်နှုန်းကို ကိုယ်စားပြုထားပါတယ်။ အခြားတစ်ဖက်တွင်လည်း တရုတ်သမ္မတ ရှီကျင့်ဖျင် ၏ ခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြသည့် တိဘက် နိုင်ငံသား ၅ ဦးထက်မနည်းကို ဒေလီ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရပါတယ်။

Source – Indian Express