ရခိုင်မှာ စစ်ကြောင်း ၅ ကြောင်းဖြင့် ထိုးစစ်ဆင်သည့် စစ်တပ်တိုက်ခိုက်ခံရပြီး ၁၀၀ ကျော် သေဆုံး
စက်တင် ၁၂
The Kaladan Post
ရခိုင်ပြည် စစ်တွေမြို့နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဘက်မှာ စစ်ကောင်စီတပ်က အင်အား ၁,၀၀၀ ဝန်းကျင်ကို စစ်ကြောင်း ၅ ကြောင်းခွဲပြီး စက်တင်ဘာ ၄ ရက်ကစလို့ ထိုးစစ်ဆင်နေကြောင်း အာရက္ခတပ်တော်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ပြောဆိုထားပါတယ်။ စစ်ကြောင်းတွေဟာ ဝါဘို၊ ကွမ်းတောင်၊ ရဲယိုးပြင်၊ ခမောင်းတောနဲ့ အခြားကျေးရွာတွေဘက်ကို ထိုးစစ်ဆင်လာပြီး မြေပြင်တပ်တွေအပြင် ရေတပ်ပစ်ကူ၊ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတွေကိုပါ အသုံးပြုနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်ကနေ ၇ ရက်အထိ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က သေဆုံးနဲ့ ဒဏ်ရာရသူ ၁၀၀ ကျော်ရှိနေပြီဖြစ်ပြီး စစ်ကြောင်းမှူးတချို့နဲ့ တပ်ရင်းမှူးတွေပါ သေဆုံးခဲ့ကြောင်း သိရပါတယ်။ တိုက်ပွဲတွေအတွင်း ရရှိခဲ့တဲ့ အလောင်းနဲ့ လက်နက်ခဲယမ်းတွေအရ ပခုက္ကူအခြေစိုက် ခလရ ၂၅၉ နဲ့ ကျိုက်မရောအခြေစိုက် ခမရ ၂၀၈ တို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပါဝင်နေတယ်လို့ AA နီးစပ်သူက ဆိုပါတယ်။
ရခိုင်နဲ့ နယ်နိမိတ်ထိစပ်တဲ့ မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းဘက်တွေမှာပါ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး AA ဘက်က လက်နက်ခဲယမ်းတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်းတွေ ရရှိခဲ့ ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိ စစ်တွေ-ပုဏ္ဏားကျွန်းဒေသမှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုတွေ ဆက်ရှိနေသလို AA ဘက်က လည်း ခုခံစစ်ကနေ တန်ပြန်ထိုးစစ်တွေ ပြုလုပ်ပြီး ထိုးစစ်ကို ထိန်းချုပ်ထားနိုင်တယ်လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။
#thekaladanpost #စစ်တွေ #ပုဏ္ဏားကျွန်း #AA #ရခိုင်စစ်ရေး #မြန်မာ့သတင်း
KNPF ဖွဲ့စည်းခြင်း ၃၅ နှစ်ပြည့်နေ့မှာ ဒူးပလာယာခရိုင်က မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီး
စက်တင် ၁၂
The Kaladan Post
KNU တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင်မှာ စက်တင်ဘာ ၉ ရက် KNPF ဖွဲ့စည်းတည်ထောင်ခြင်း ၃၅ နှစ်ပြည့် အခမ်းအနားနဲ့အတူ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က ထုတ်ပြန်ပါတယ်။ မီးရှို့ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါးတွေက ဘိန်းဖြူ ၁၀၀ ဂရမ် ၂ ကဒ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၆,၉၃၅ ပြားနဲ့ ဆေးခြောက် ၂ ထုတ်တို့ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ မူးယစ်ဆေးဝါးတွေကို ခရိုင်တရားသူကြီးက အမိန့်ဖတ်ကြားပြီးနောက် ဒူးပလာယာခရိုင် ရဲတပ်ဖွဲ့က စနစ်တကျ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း KNPF ဖွဲ့စည်းမှု ၃၅ နှစ်ပြည့် အခမ်းအနားတွေကို KNU ရဲ့ ခရိုင်နဲ့ တပ်မဟာနယ်မြေ အသီးသီးမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ KNU လက်အောက်မှာ KNLA၊ KNDO နဲ့ KNPF တို့ ပါဝင်ပြီး အရင်က လူထုလုံခြုံရေးနဲ့ ရဲတပ်ဖွဲ့လုပ်ငန်း ကို KNDO က တာဝန်ယူခဲ့ပေမယ့် စစ်ရေးတာဝန်တွေကို သီးခြားထမ်းဆောင်နိုင်ဖို့ KNPF ကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။ KNPF ရဲ့ အဓိကတာဝန်တွေက ကော်သူးလေဒေသအတွင်း ပြည်သူလူထုလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အမှုခင်းဆိုင်ရာ ကာကွယ်တားဆီးရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးဖို့ ဖြစ်တယ်လို့ ဒူးပလာယာခရိုင်က ဖော်ပြထားပါတယ်။
အလားတူ ကျိုင်းတုံမြို့နယ် တောင်ခြေကျကျေးရွာအနီးမှာ စက်တင်ဘာ ၉ ရက်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့က ဆိုင်ကယ်တစ်စီးကို ရပ်တန့်စစ်ဆေးရာ စိတ်ကြွဆေးပြား ၄၆၀,၀၀၀ ပြားနဲ့ ဖုန်း ၃ လုံး ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar က ထုတ်ပြန်ပါတယ်။ အဆိုပါ ဖမ်းဆီးထားတဲ့ ဆေးပြားတွေဟာ ဒေသကာလတန်ဖိုးအရ ငွေကျပ်သိန်း ၂,၃၀၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီဖြစ်စဉ်အတွင်း အသက် ၄၀ အရွယ် လော်ဘယ်နဲ့ အသက် ၅၅ နှစ်အရွယ် ကျဝတို့ကို ကျိုင်းတုံမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့်အရေးယူထားပြီး နောက်ကွယ်က ဆက်စပ်ကွင်းဆက်တွေကို ဆက်လက်ဖော်ထုတ်နေတယ်လို့ CCDAC Myanmar အသိပေးထားပါတယ်။
#thekaladanpost #ဒူးပလာယာခရိုင် #KNPF #KNU #မူးယစ်ဆေးဝါး

မန္တလေးမှာ ပေါ်တာဆွဲဖမ်းဆီးမှုတွေအဖြင့် စစ်မှုထမ်းမဲနှိုက်မှု ပြန်အရှိန်မြှင့်လာဟု ဒေသခံတွေပြော
စက်တင် ၁၂
The Kaladan Post
မန္တလေးမြို့က မြို့နယ်တချို့မှာ စစ်မှုထမ်းဆင့်ခေါ်ဖို့ ရပ်ကွက်အလိုက် မဲနှိုက်တာတွေကို စက်တင်ဘာ လဆန်းကစပြီး ပြန်လည်အရှိန်မြှင့်လုပ်ဆောင်နေပြီး လူငယ်တွေ ပေါ်တာဆွဲဖမ်းဆီးတာတွေလည်း ပိုမိုများလာတယ်လို့ Voice Of Mandalay က ပြောပါတယ်။ မဟာအောင်မြေ၊ ချမ်းအေးသာစံနဲ့ ချမ်းမြသာစည်မြို့နယ်တွေမှာ ညဘက်အိပ်ချိန်ပါမချန် မဲနှိုက်ဖို့ လိုက်လံကြေညာတာတွေရှိနေပြီး မဲနှိုက်ရမယ့်သူ မရှိရင် မိသားစုဝင်တွေက ကိုယ်စားလုပ်ပေးရတာ၊ အချို့ကိစ္စတွေမှာ အာဏာပိုင် တွေက ကိုယ်တိုင် စာရင်းထဲထည့်တာတွေ ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဧည့်စာရင်းစစ်ဆေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ်တွေအထိ ဝင်ရောက်ဖမ်းဆီးတာ၊ ငွေတောင်းခံတာနဲ့ စစ်မှုထမ်းလူစားထိုးလုပ်ဆောင်တာတွေ ရှိနေပြီး ဩဂုတ် ၂၉ ရက်ကလည်း လူငယ် တစ်ဦးကို ငွေကျပ်သိန်း ၂၀၀ တောင်းပြီး ဖမ်းဆီးသွားကြောင်း ဒေသသတင်းရင်းမြစ်က ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်ကစပြီး မန္တလေး ရပ်ကွက်တချို့မှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေရဲ့ စာရင်းကို နေအိမ်အထိ လိုက်လံကောက်ခံနေပြီး နေထိုင်ရာ၊ အလုပ်အကိုင်နဲ့ လက်ရှိ ရှိမရှိ စတဲ့ အချက်အလက်တွေကိုပါ စစ်ဆေးနေကြောင်း သိရပါတယ်။
စစ်မှုထမ်းအစားထိုးလိုက်ပေးမယ့်သူတွေ လျော့နည်းလာတာကြောင့် လူငယ်တွေကို တိုက်ရိုက်ဖမ်းဆီး ပြီး စစ်မှုထမ်းစေဖို့ ကြိုးပမ်းမှုတွေ လုပ်ဆောင်လာကြောင်း ဒေသခံတစ်ဦးက သုံးသပ်ထားပါတယ်။ ထို့ပြင် စစ်တပ်က လူငယ်တွေကို ဖမ်းဆီးဖို့ ပျူစောထီးနဲ့ အပြာဝတ်လုံခြုံရေးအဖွဲ့တွေကို အသုံးပြုပြီး လူစည်ကားရာနေရာတွေကနေ အဆင်သင့်စောင့်ဖမ်းတာတွေ ရှိလာကြောင်း တော်လှန်ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။ လက်ရှိ မန္တလေးမြို့မှာ စစ်မှုထမ်းအပတ်စဉ် ၂၈ အတွက် လူအင်အား ထပ်မံ စုဆောင်းနေတယ်လို့ သတင်းရင်းမြစ်က ပြောထားပါတယ်။
#thekaladanpost #မန္တလေး #စစ်မှုထမ်း #ပေါ်တာဆွဲဖမ်းဆီးမှု #မဲနှိုက်မှု

နတ်မောက်အရှေ့ခြမ်းမှာ ပျူစောထီးတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီး
စက်တင် ၁၂
The Kaladan Post
မကွေးတိုင်း နတ်မောက်မြို့နယ် သရက်ချဉ်ကျေးရွာက ပျူစောထီးအဖွဲ့ ကရေ(ခ) စောခိုင်လေးထူးကို ဖမ်းဆီးခဲ့ကြောင်း နတ်မောက်ပကဖက အသိပေးလာပါတယ်။ စစ်ဆေးဖော် ထုတ်ချက်အရ ၎င်းဟာ သစ်လှကျင်း၊ ဝင်အူ၊ ကျောက်ချောင်း၊ ထနောင်းကုန်း၊ သမှုံးကုန်းနဲ့ ဖက်တောရေ စတဲ့ကျေးရွာတွေမှာ ပုံစံမျိုးစုံနဲ့ ဝင်ရောက်ပြီး တော်လှန်ရေးအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို စုံစမ်းခဲ့တယ်လို့ ဆိုပါတယ်။
ကရေ(ခ) စောခိုင်လေးထူးဟာ နတ်မောက်အရှေ့ခြမ်း စစ်ကြောင်းတွေနဲ့အတူ လိုက်ပါဆောင်ရွက်ခဲ့ သလို ပွင့်ဖြူစစ်ကြောင်းမှာလည်း ပါဝင်ပြီး ပြည်သူတွေဆီက ရွှေ၊ ငွေနဲ့ ပစ္စည်းတွေကို ခွဲဝေယူခဲ့ကြ ကြောင်း သိရပါတယ်။ အနောက်ဘက် စမ်းကုန်းကျေးရွာက ဦးစံမောင်တို့ သားအဖ ၂ ဦးကို မီးရှို့ သတ်ဖြတ်တဲ့ ဖြစ်စဉ်မှာလည်း ပါဝင်ခဲ့တယ်လို့ ၎င်းကိုယ်တိုင် ဝန်ခံခဲ့ကြောင်း တော်လှန်ရေးအဖွဲ့ တွေက ပြောပါတယ်။
ထို့အပြင် နတ်မောက်မြို့နယ် ရွာတော်ဂိတ်မှာ ဂိတ်ထိုင်ပြီး ခရီးသွားပြည်သူတွေအပေါ် အနိုင်ကျင့် ဗိုလ်ကျမှုတွေ ပြုလုပ်ခဲ့သူဖြစ်တယ်လို့လည်း စစ်ဆေးချက်အရ ဆိုပါတယ်။ လက်ရှိ ဖမ်းဆီးထားတဲ့ ကရေ(ခ) စောခိုင်လေးထူးကို ဥပဒေနဲ့အညီ ဆက်လက်အရေးယူသွားမယ်လို့ နတ်မောက်ပကဖနဲ့ အမှတ် ၉၀၃ ဂဠုန် PDF တို့က ပြောပါတယ်။ ဒေသအတွင်း လျှို့ဝှက်ပုံစံနဲ့ ဝင်ရောက်လှုပ်ရှားသူတွေ ရှိနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ သတိထားပြီး မသင်္ကာဖွယ်အခြေအနေတွေကို ဂရုတစိုက်ကြဖို့ နတ်မောက်ပကဖက သတိပေးထားပါတယ်။
#thekaladanpost #နတ်မောက် #ပျူစောထီး #နတ်မောက်ပကဖ #ဂဠုန်PDF #မြန်မာ့သတင်း

လက်ပံတန်းမှာ စစ်ဘေးရှောင်နေရာကို စစ်တပ်က လက်နက်ကြီးနဲ့ ဒရုန်းများဖြင့် တိုက်ခိုက်
စက်တင် ၁၂
The Kaladan Post
ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်မှာ ယနေ့ စက်တင်ဘာ ၁၂ ရက်က စစ်တပ်စခန်း ၂ ခုကနေ လက်နက်ကြီးနဲ့ ဒရုန်းတွေ အသုံးပြုပြီး စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်ရာနေရာကို တိုက်ခိုက်ခဲ့ကြောင်း လက်ပံတန်းမြို့နယ် ပကဖက ပြောပါတယ်။ ထန်းပင်ချောင်ကျေးရွာရှိ စစ်တပ် စခန်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး ရေငံကျေးရွာရှိ စစ်တပ်စခန်းက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူတစ်ဦး မစိုးရိမ်ရဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်တဲ့ တဲ ၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့ ကြောင်း လက်ရှိ လက်ပံတန်းမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်ကို သတိထားပြီး လုံခြုံတဲ့နေရာတွေမှာ နေထိုင်ကြဖို့ လက်ပံတန်းမြို့နယ် ပကဖဘက်က မေတ္တာရပ်ခံထားပါတယ်။
#thekaladanpost #လက်ပံတန်း #ပဲခူးတိုင်း #စစ်ဘေးရှောင် #လက်နက်ကြီးတိုက်ခိုက်မှု

KNA တပ်ရင်း ၂၁၀၆ ရဲဘော်စုံညီတွေ့ဆုံပွဲနဲ့ မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ
စက်တင် ၁၂
The Kaladan Post
ကယန်းအမျိုးသားတပ်မတော် KNA တပ်ရင်း ၂၁၀၆ ရဲ့ ရဲဘော်စုံညီတွေ့ဆုံပွဲနဲ့ ရက်တိုမွမ်းမံသင်တန်း ဆင်းပွဲကို ယနေ့ စက်တင်ဘာ ၁၂ ရက်မှာ ကယန်းဒေသတစ်နေရာမှာ ပူးတွဲကျင်းပခဲ့တယ်လို့ KNA က ထုတ်ပြန်ပါတယ်။ အခမ်းအနားကို KNA ဗဟိုနဲ့ စစ်ဦးစီးကော်မတီဝင်တွေ၊ မဟာမိတ်တပ်ရင်းတပ်ဖွဲ့ တွေက တာဝန်ရှိသူတွေနဲ့ ဒေသခံလူထုကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။
အဆိုပါ တွေ့ဆုံပွဲမှာ ရဲဘော်တွေအကြား စည်းလုံးညီညွတ်မှုနဲ့ စစ်ဆင်ရေးဆိုင်ရာ ပူးပေါင်းချိတ်ဆက်မှု တွေ ပိုမိုကောင်းမွန်လာစေရေး ဆွေးနွေးခဲ့ကြသည့်အပြင် တိုက်ခိုက်ရေးစွမ်းရည်နဲ့ စစ်ရေးကျွမ်းကျင် မှုတွေ မြှင့်တင်နိုင်ဖို့ ဖွင့်လှစ်ထားတဲ့ ရက်တိုမွမ်းမံသင်တန်းကိုလည်း အောင်မြင်စွာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
သင်တန်းဆင်းရဲဘော်တွေကို KNA ခေါင်းဆောင်တွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေ၊ လူထုကိုယ်စားလှယ်တွေ က အားပေးစကားပြောကြားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေအကြား စည်းလုံးညီညွတ်မှု ပိုမိုခိုင်မာရေးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ အခုလို တွေ့ဆုံဆွေးနွေးမှုနဲ့ မွမ်းမံလေ့ကျင့်မှုတွေကနေ တပ်ဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်မှုနဲ့ စစ်ရေးစွမ်းရည်တွေကို ဆက်လက်မြှင့်တင်သွားမယ်လို့ KNA က အသိပေးထားပါတယ်။
#thekaladanpost #KNA #ကယန်းအမျိုးသားတပ်မတော် #တပ်ရင်း၂၁၀၆ #မွမ်းမံသင်တန်း

