မြင်းခြံအကျဉ်းထောင်မှာ ဆေးကုသမှု အချိန်မီမရသဖြင့် နိုင်ငံရေးအကျဉ်းသား ဦးစိုးမိုးနိုင် ကွယ်လွန်

စက်တင် ၁၇
The Kaladan Post
မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား အသက် ၆၀ အရွယ် ဦးစိုးမိုးနိုင်ဟာ စက်တင်ဘာ ၁၅ ရက် ညပိုင်းမှာ ကျန်းမာရေးအရေးပေါ်အခြေအနေကြောင့် ကွယ်လွန်သွားတယ်လို့ PPNM က အသိပေးထားပါတယ်။ ဦးစိုးမိုးနိုင်ဟာ ၈၈ မျိုးဆက်တစ်ဦးဖြစ်ပြီး ၂၀၀၇ ရွှေဝါရောင်အရေးအခင်းနဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးကာလတွေမှာ မန္တလေးမြို့တွင်း လှုပ်ရှားမှု မှာ ပါဝင်ခဲ့သူဖြစ်ကြောင်း သိရပါတယ်။
သူဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက မန္တလေးလျှပ်စစ်ရုံး ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖမ်းဆီးခံ ရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ လက်နက်ဥပဒေနဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းဆိုင်ရာ ဥပဒေတွေအပါအဝင် ပုဒ်မတွေကနေ ထောင်ဒဏ် ၂၄ နှစ် ချမှတ်ခံထားတယ်လို့ PPNM က ဆိုပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသူ ဦးစိုးမိုးနိုင်ဟာ စက်တင်ဘာ ၁၅ ရက် ည ၁၀ နာရီဝန်းကျင်မှာ အမောဖောက်လာပြီး ဆေးရုံပို့ဆောင်ခဲ့ပေမယ့် ဆေးရုံရောက်ချိန်မှာ အသက်မပါတော့ဘူးလို့ PPNM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထောင်အာဏာပိုင်တွေက မိသားစုထံ နောက်တစ်နေ့ မနက်မှ အကြောင်းကြားခဲ့ပြီး မိသားစုထံ ရုပ်အလောင်းပြန်လည်သယ်ဆောင်ခွင့် မပြုဘဲ စက်တင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းမှာ မြင်းခြံသုသာန်၌ သင်္ဂြိုဟ်ခဲ့ကြောင်း သိရပါတယ်။ ဆေးကုသမှုနဲ့ အရေးပေါ်အသက်ကယ်စောင့်ရှောက်မှု အချိန်မီမရရှိခဲ့ တာကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ဦး အသက်ဆုံးရှုံးခဲ့ရတာလို PPNM က ပြောဆိုထားပါတယ်။
#thekaladanpost #မြင်းခြံအကျဉ်းထောင် #ဦးစိုးမိုးနိုင် #PPNM #နိုင်ငံရေးအကျဉ်းသား

စက်တင်ဘာလအတွင်း ဗန်းမော်–ရွှေကူကြား စစ်ရေယာဉ် ၂၀ နီးပါးကို တိုက်ခိက်ဖျက်ဆီး KIA ဆို

စက်တင် ၁၇
The Kaladan Post
ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်အင်အားနဲ့ ရိက္ခာဖြည့်တင်းဖို့ ရေကြောင်းကနေ ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကို KIA ပူးပေါင်းတပ်တွေက ဆက်တိုက်တိုက်ခိုက်နေပြီး စက်တင်ဘာလအတွင်း သင်္ဘော ၂၀ နီးပါး ပျက်စီးနစ်မြုပ်ခဲ့တယ်လို့ KIO/KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၆ ရက်မှာ ရွှေကူကနေ ဗန်းမော်ဘက် ဆန်တက်လာတဲ့ သင်္ဘော ၃ စီးထဲက ၁ စီး တိုက်ခိုက်ခံရပြီး တိမ်းမှောက်နစ်မြုပ်ခဲ့သလို ကျန်သင်္ဘောတွေကလည်း နောက်ပြန်လှည့်ခဲ့တယ်လို့ KIA ဘက်က ဆိုပါတယ်။
တစ်ဖက်မှာလည်း အဲဒီနေ့ ဗန်းမော်ဘက်ကနေ ပြန်လည်စုန်ဆင်းလာတဲ့ သင်္ဘော ၇ စီးကို တိုက်ခိုက် ခဲ့ရာ အချို့နစ်မြုပ်ပြီး အချို့က တစ်ဝက်နစ်မြုပ်ကာ ရေဝင်နေတဲ့အခြေအနေမှာရှိနေပြီး သင်္ဘောပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ အသက်ကယ်လှေနဲ့ စက်လှေအသေးတွေ အသုံးပြုပြီး ထွက်ပြေးမှုရှိ ကြောင်း သိရပါတယ်။
ထို့ပြင် အဆိုပါတိုက်ခိုက်မှုတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့က ရွှေကူမြို့မှ ဗန်းမော်သို့ ထွက်ခွာလာသော သင်္ဘော ၃ စီးပါ ယာဉ်တန်းကို ရွှေကူမြို့နယ်၊ ဝဲမကြီးကျေးရွာအနီးမှာ တိုက်ခိုက်ခဲ့ရာ သင်္ဘော ၁ စီး နစ်မြုပ်ခဲ့ပြီး ကျန် ၂ စီးမှာ နောက်ကြောင်းပြန်လှည့်ခဲ့ပါတယ်။ ယင်းနေ့တွင် ဗန်းမော်မှ စုန်ဆင်းလာတဲ့ သင်္ဘော ၇ စီးပါ အုပ်စုကို စင်းခန်းတံတားနှင့် ဇင်းဘုံကျေးရွာအနီးတို့တွင် KIA ပူးပေါင်း တပ်များက ပစ်ခတ်တိုက်ခိုက်ရာ သင်္ဘော ၄ စီး ထပ်မံနစ်မြုပ်ခဲ့ပါတယ်။
အလားတူ စက်တင်ဘာလ ၁၄ ရက်က ဗန်းမော်မှ စုန်ဆင်းလာတဲ့ စစ်သင်္ဘော ၁ စီးကို မောင်းသူမဲ့ လေယာဉ် ဒရုန်းအသုံးပြု၍ တိုက်ခိုက်ဖျက်ဆီးခဲ့သည့်အပြင် စက်တင်ဘာလ ၁၃ ရက်တွင်ရွှေကူနှင့် ဗန်းမော်အကြား ရေကြောင်းတိုက်ပွဲအတွင်း စစ်သင်္ဘော ၄ စီးကို ပစ်ခတ်နစ်မြုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။
#thekaladanpost #KIA #KIO #ဗန်းမော် #ရွှေကူ #ဧရာဝတီမြစ်


နေပြည်တော်ရောက် အမေရိကန် လေယာဉ်ဟာ ထိန်းသိမ်းခံ အမေရိကန်လုပ်ငန်းရှင်ကို ပြန်လည်ခေါ်ဆောင်ခြင်းသာဖြစ်

စက်တင် ၁၇
The Kaladan Post
အမေရိကန်က ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဟာ စက်တင်ဘာ ၁၅ ရက် ညနေပိုင်းမှာ နေပြည်တော်ကို အထူးလျှို့ဝှက်စွာ ရောက်ရှိလာပြီး စက်တင်ဘာ ၁၆ ရက် ညနေပိုင်းမှာ ပြန်လည်ထွက်ခွာသွားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေက ပြောဆိုထားပြီး မြန်မာပြည်သူတွေ စိတ်ဝင်တစား စောင့်ကြည့် နေကြပါတယ်။ စက်တင်ဘာ ၁၅ ရက်က နေပြည်တော်ကို ရောက်ရှိလာတဲ့ အမေရိကန်လေတပ် Beech C-12D Huron လေယာဉ်ဟာ အမေရိကန်က ကိုယ်စာလှယ်အဖွဲ့တွေနေပြည်တော်ကို လာရောက်တွေ့ဆုံခြင်း မဟုတ်ဘဲ စက်တင်ဘာ ၁၆ ရက်မှာ စစ်တပ်က ပြည်နှင်ဒဏ်ပေးခဲ့တဲ့ အမေရိကန်နိုင်ငံသား Adam Castillo ကို ထိုင်းနိုင်ငံဘက်ကနေ ခေါ်ဆောင်တာဖြစ်ကြောင်း သိရပါတယ်။ Adam Castillo ဟာ အမေရိကန်ကုန်သည်ကြီးများအသင်း (AmCham Myanmar) ဥက္ကဋ္ဌဟောင်းဖြစ်ပြီး ၂၀၂၆ ခုနှစ် ဇွန်လကတည်းက မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံထားရသူ ဖြစ်ကာ စက်တင်ဘာ ၁၆ ရက်မှာ စစ်ကောင်စီတပ်က ပြည်နှင်ဒဏ်ပေးခံရပါတယ်။
သူ့ကို AmCham Myanmar ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းနဲ့ ကန့်သတ်ချက်တွေကို ဖောက်ဖျက်ခဲ့တယ်ဆိုတဲ့ အမှုနဲ့ ဆက်စပ်ပြီး အရေးယူခဲ့တာဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးကို ထည့်သွင်းစဉ်းစားပြီး ပြည်နှင်ခဲ့ တာလို့ စစ်တပ်သတင်းရင်းမြစ်က ဆိုပါတယ်။ Castillo ကို ပြန်လွှတ်ပေးရေးအတွက် အမေရိကန် သမ္မတ အစိုးရအဖွဲ့ဘက်က နောက်ကွယ်မှာ ကြားဝင်ပေးခဲ့တယ်လို့ သူ့မိသားစုနဲ့ ပူးပေါင်းဆောင်ရွက် တဲ့ Global Reach အဖွဲ့က ပြောထားပါတယ်။ နေပြည်တော်ခရီးစဉ်အတွက် အသုံးပြုခဲ့တဲ့ C-12 Huron လေယာဉ်ဟာ စက်တင်ဘာ ၁၆ ရက်မှာ နေပြည်တော်ကနေ ဘန်ကောက်ဘက်ကို ထွက်ခွာသွားကြောင်း သိရပါတယ်။
#thekaladanpost #AdamCastillo #အမေရိကန် #နေပြည်တော် #MyanmarUS

ရေဦးမြို့မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ လူငယ် ၁၂ ဦး အချုပ်ခန်းဖောက် ထွက်ပြေး

စက်တင် ၁၇
The Kaladan Post
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်မှာ စစ်မှုထမ်းတပ်သားအဖြစ် ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ လူငယ် ၁၂ ဦး ဟာ ဒီနေ့ စက်တင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းမှာ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်ကြောင်း ရေဦးမြို့နယ် ပကဖက ပြောပါတယ်။ အဲဒီလူငယ်တွေထဲမှာ အိမ်တွေ၊ စားသောက်ဆိုင်တွေနဲ့ လမ်းပေါ် တွေမှာ ဖမ်းဆီးခံထားရသူတွေ ပါဝင်ပြီး တချို့ဟာ လေးလနီးပါး ချုပ်နှောင်ခံရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ရေဦးပကဖက လွတ်မြောက်လာတဲ့ လူငယ်တွေကို ခေါ်ယူထားပြီး နေထိုင်စားသောက်ရေးနဲ့ ကျန်းမာရေးအတွက် လိုအပ်သလို ကူညီစောင့်ရှောက်ပေးနေတဲ့အပြင် ဖမ်းဆီးခံထားရတဲ့ လူငယ်တွေ အနေနဲ့ အခြေအနေကို ခွဲခြားသိမြင်ပြီး ပြည်သူ့ရင်ခွင်ထံ ခိုလှုံဝင်ရောက်ကြဖို့ ရေဦးမြို့နယ် ပကဖက တိုက်တွန်းထားပါတယ်။
စစ်မှုထမ်းအင်အား လိုအပ်ချက် မြင့်မားနေတဲ့ စစ်တပ်ဟာ နယ်မြေလုံခြုံရေးအရ ပိတ်ထားခဲ့ရတဲ့ စစ်သင်တန်းကျောင်းအချို့ကို ပြန်လည်ဖွင့်လှစ်နေပြီး ပေါ်တာဆွဲစစ်မှုထမ်း အမှတ်စဉ် (၂၇) မှစပြီး ကလေးမြို့အခြေစိုက် တတက(၁၀) နှင့် သပိတ်ကျင်းမြို့နယ် တတက(၁၃) တန်းမြင့်သင်တန်းကျောင်း များတွင်ပါ သင်တန်းလက်ခံ ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရပါတယ်။ စစ်တပ်ဟာ စစ်မှုထမ်းသင်တန်း များအတွက် နိုင်ငံအနှံ့ သင်တန်းကျောင်း (၂၇) ခုထိ ဖွင့်လှစ်ထားပြီး၊ လက်ရှိ သင်တန်းကျောင်း (၂၄) ခုတွင် ပုံမှန်လက်ခံ လေ့ကျင့်ပေးနေကြောင်း သိရရပါတယ်။
စစ်မှုထမ်းသင်တန်းကျောင်းမှ ထွက်ပြေးရန်ကြိုးပမ်းသူမျးကို ပစ်ခတ်ဖမ်းဆီးခြင်း၊ ပြန်လည်ဖမ်းမိသူ များကို အပြင်းအထန် နှိပ်စက်ရိုက်နှက်ခြင်းများကြောင့် အသက်သေဆုံးမှုများနှင့် ကိုယ်လက်အင်္ဂါ ထိခိုက်မှုများရှိနေတဲ့အပြင် လစာငွေကြေး ဖြတ်တောက်ခေါင်းပုံဖြတ်ခြင်း စသော လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်မှုများ ရှိနေပါတယ်။
အလားတူ စစ်မှုထမ်းသင်တန်းသား လိုအပ်ချက်ကြောင့် လူငယ်လူရွယ် နေ့စဉ်သွားလာနေထိုင်မှုများကို စောင့်ကြည့်ကာ ပစ်မှတ်ထား ဖမ်းဆီးစုဆောင်းခြင်းများနဲ့ တောနယ်မြို့ရွာအနှံ့ နေအိမ်များအထိ ဝင်ရောက်ဖမ်းဆီးခြင်းများကိုပါ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လာနေတာဖြစ်ပါတယ်။
#thekaladanpost #ရေဦးမြို့နယ် #စစ်မှုထမ်း #ရေဦးပကဖ #လူငယ်များ

ရဲဘော်များနဲ့ တာဝန်ရှိသူတွေကို ပြည်သူအကျိုးနဲ့ စည်းလုံးညီညွတ်ကြရန် ဝါလရှီလ တိုက်တွန်း

စက်တင် ၁၇
The Kaladan Post
NUG က အမှတ် (၁) စစ်ဒေသ စတင်ဖွဲ့စည်းခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၇ ရက်ကနေ အခု ၅ နှစ် ပြည့်ကာလအတွင်း အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ဖြတ်သန်းလာနိုင်ခဲ့တာကို အမှတ်ရဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီလက သဝဏ်လွှာ ပေးပို့ထားပါတယ်။
အဆိုပါသဝဏ်လွှာမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတစ်ဝှမ်း အခြေအနေတွေအပေါ် တုံ့ပြန်မှုတွေနဲ့အတူ KIO ခေါင်းဆောင်တွေနဲ့ NUG ခေါင်းဆောင်တွေကြား ညှိနှိုင်းပြီး PDF တည်ထောင်ရေးနဲ့ စစ်ရေးလေ့ကျင့်မှုတွေ စတင်ခဲ့တယ်လို့ ဆိုပါတယ်။
အမှတ် (၁) စစ်ဒေသဟာ စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့ကို စုဖွဲ့ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၇ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဒီ ၅ နှစ်အတွင်း ပထမဦးဆုံး စစ်ဒေသမှူး ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း ကွယ်လွန်ခဲ့မှုအပါအဝင် တော်လှန်ရေးကာလအတွင်း ပေးဆပ်ခဲ့သူတွေကို အမြဲအမှတ်ရဂုဏ်ပြုဖို့နဲ့ တာဝန်တွေကို ဆက်လက်ထမ်းဆောင်ဖို့ နိုင်ငံတော် ယာယီသမ္မတ တိုက်တွန်းထားပါတယ်။ ရှေ့ဆက်ကာလမှာ စည်းလုံးညီညွတ်မှု၊ အချင်းချင်းယုံကြည်မှုနဲ့ တာဝန်ယူမှုကို ပိုမိုခိုင်မာစေဖို့လိုသလို နည်းပညာ၊ စီမံခန့်ခွဲမှုနဲ့ စစ်ရေးဆိုင်ရာ စွမ်းရည်တွေကိုလည်း ခေတ်နဲ့အညီ ဆက်လက်မြှင့်တင်ဖို့ အလေးထား ပြောထားပါတယ်။
ဒါ့အပြင် အမှတ် (၁) စစ်ဒေသမှာ တာဝန်ထမ်းဆောင်နေသူတွေကို ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ဖို့၊ စည်းကမ်းနဲ့ တာဝန်သိစိတ်ကို အခြေခံထားဖို့လည်း တိုက်တွန်းထားပါတယ်။ အမှတ် (၁) စစ်ဒေသ ၅ နှစ်ပြည့်အခါသမယမှာ ငြိမ်းချမ်းပြီး ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် ဆက်လက်ကြိုးပမ်းကြဖို့နဲ့ တာဝန်ထမ်းဆောင်နေသူ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုမွန်တောင်းထားပါတယ်။ #thekaladanpost #အမှတ်၁စစ်ဒေသ #NUG #အမှတ်၁စစ်ဒေသ၅နှစ်ပြည့် #ဖက်ဒရယ်ဒီမိုကရေစီ #နွေဦးတော်လှန်ရေး


သရက်ခရိုင် PDF တပ်ရင်း (၄) မှ အဖွဲ့ဝင် ၆ ဦး အကြမ်းဖက် စစ်တပ်ထံ အညံ့ခံ

စက်တင် ၁၇
The Kaladan Post
မကွေးတိုင်း၊ သရက်ခရိုင် PDF တပ်ရင်း (၄) မှာ တာဝန်ထမ်းဆောင်နေတဲ့ ရန်ပိုင်စိုး၊ လမင်းသန့်၊ ဇင်မိုးအောင်၊ မိုးထက်ကျော်၊ မျိုးထက်နိုင်နဲ့ သူထူးစံတို့ ၆ ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင်လက စစ်တပ်ဘက်ကို ဘက်ပြောင်းသွားတယ်လို့ သရက်ခရိုင်တပ်ရင်း (၄) က အသပေးလာပါတယ်။ အဆိုပါ ၆ ဦးကို ရှေ့တန်းတာဝန်ထမ်းဆောင်နေစဉ် အဖွဲ့ကနေ ထွက်ခွာသွားသူတွေဖြစ်တယ်လို့ တပ်ရင်းက ပြောဆိုထားပြီး တစ်ဦးက အရင်ထွက်သွားပြီးနောက် ကျန် ၅ ဦးကို ထပ်မံစည်းရုံးခေါ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဘက်ပြောင်းသွားချိန်မှာ လက်နက်အချို့လည်း ယူဆောင်သွားခဲ့ပေမယ့် အရေအတွက်အသေးစိတ်ကို တော့ ထုတ်ဖော်ထားခြင်း မရှိသေးပါဘူး။ ဒီအခြေအနေကြောင့် တပ်ရင်းက ၎င်းတို့ ၆ ဦးရဲ့ ကိုယ်ရေး အချက်အလက်နဲ့ ဓာတ်ပုံတွေကို တော်လှန်ရေးအဖွဲ့တွေနဲ့ မဟာမိတ်အဖွဲ့တွေ သိရှိနိုင်အောင် ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ တပ်ရင်းက ပြောဆိုပါတယ်။ သရက်ခရိုင်တပ်ရင်း (၄) ဘက်ကတော့ ဘက်ပြောင်းမှုတွေမှာ မြေပြင်စစ်ရေးအခြေအနေ၊ အရင်ဘက်ပြောင်းသူတွေရဲ့ စည်းရုံးမှုနဲ့ စစ်တပ်ဘက်က ဝါဒဖြန့်မှုတွေ ပါဝင်နိုင်တယ်လို့ သုံးသပ်ပြောဆိုထားပါတယ်။
အဆိုပါ ၆ ဦး ဘက်ပြောင်းသွားမှုဟာ သရက်ခရိုင်တပ်ရင်း (၄) အတွက် ဒုတိယအကြိမ်ဖြစ်ပြီး အရင် မေလအတွင်းမှာလည်း အဖွဲ့ဝင် ၉ ဦး ဘက်ပြောင်းခဲ့တာကြောင့် စုစုပေါင်း ၁၅ ဦး ရှိလာပြီလို့ သတင်းရင်းမြစ်က ပြောဆိုထားပါတယ်။
#thekaladanpost #သရက်ခရိုင် #PDF #တပ်ဖွဲ့ဝင်ဘက်ပြောင်းမှု #မကွေးတိုင်း


တမူးမြို့နယ်မှာ တိုက်ပွဲအချိန်မရွေး ဖြစ်နိုင်လို့ ပြည်သူတွေကို သတိပြုနေထိုင်ဖို့ ပအဖ အသိပေး

စက်တင် ၁၇
The Kaladan Post
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း စစ်ရေးတင်းမာမှုတွေကြောင့် တိုက်ပွဲတွေ အချိန်မရွေး ဖြစ်ပွား လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ထုတ်ပြန်ထားတဲ့ အစီအမံတွေကို လိုက်နာကြဖို့ တမူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေး (ဗဟို) အဖွဲ့က ယနေ့ စက်တင်ဘာ ၁၇ ရက်မှာ အသိပေးထားပါတယ်။
တမူးခရိုင် အတွင်း အာရှလမ်းမကြီး၊ မြို့နဲ့ကျေးရွာချင်းဆက်လမ်းတွေ၊ တောလမ်းတွေကို အသုံးပြု သွားလာရာတွင် အထူးသတိထားဖို့နဲ့ စစ်ကောင်စီတပ်တွေနဲ့ ဝေးကွာတဲ့နေရာတွေမှာ နေထိုင်ကြရန် တိုက်တွန်းလာပါတယ်။
ဒါ့အပြင် စစ်ကောင်စီနဲ့ ချိတ်ဆက်ဆောင်ရွက်တာ၊ စစ်ကောင်စီပစ္စည်းတွေ သယ်ယူပို့ဆောင်ပေးတာနဲ့ ပူးပေါင်းလုပ်ဆောင်တာတွေ မပြုလုပ်ကြဖို့ သတိပေးထားပါတယ်။ ဒေသအတွင်းမှာ သတိဝိရိယနဲ့ သွားလာနေထိုင်ကြရန် ထုတ်ပြန်ချက်ပါ အစီအမံတွေကိုပါ လိုက်နာကြဖို့ တမူးမြို့နယ် အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။ အဆိုပါ ထုတ်ပြန်ချက်တွေကို မလိုက်နာမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကို မြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့က တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ဘူးလို့လည်း ပြောဆိုထားပါတယ်။
အလားတူ PDF ဇိုလဲန်းဖမ်းဆီးခဲ့တဲ့ စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာတွင် လက်နက်အချို့ပါသွားပြီး တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။ PDF ဇိုလဲန်း ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၈၀ လောက်ဟာ စက်တင်ဘာ ၁၃ရက်ညနေမှာ ကင်းစောင့်တွေကို တိုက်ခိုက်ပြီး လက်နက်အချို့နဲ့အတူ ထွက်ပြေးလွတ်မြောက်သွားတာဖြစ်ကြောင်း သိရပါတယ်။
#thekaladanpost #တမူးမြို့နယ် #တမူးခရိုင် #လုံခြုံရေးအသိပေးချက် #အရေးပေါ်အုပ်ချုပ်ရေး