စက်တင် ၁၈၊ ၂၀၂၆

The Kaladan Post

မြန်မာစစ်အာဏာရှင် ထိန်းချုပ်မှုအောက်တွင် မရှိသော နယ်မြေများသို့ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီများကို ဒေသခံ အဖွဲ့အစည်းများနှင့် တိုက်ရိုက် လက်တွဲပေးအပ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကယ်လီကာရီ (Kelley E. Currie) က တိုက်တွန်းလိုက်ပါတယ်။

မေလ ၁ ရက်နေ့တွင် တာဝန်စတင်ယူခဲ့ပြီးနောက် မြန်မာ့အရပ်ဘက် အဖွဲ့အစည်းပေါင်း ၅၀ နီးပါးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မြေပြင် အခြေအနေများကို မှတ်တမ်းတင်ခဲ့ကြောင်း ကယ်လီကာရီ က DVB နှင့် သီးသန့် အင်တာဗျူးတွင် ပြောကြားခဲ့ပါတယ်။ အဆိုပါ တွေ့ရှိချက်များကို လာမည့် အောက်တိုဘာလ ၂၇ ရက်တွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ပထမဆုံး အစီရင်ခံစာအဖြစ် တင်သွင်းသွားမည် ဖြစ်ပါတယ်။

မင်းအောင်လှိုင် သမ္မတနေရာ ရယူပြီးနောက်ပိုင်း အရပ်သားများနှင့် အခြေခံ အဆောက်အအုံများအပေါ် လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့် ဆောင်ရွက်လာမှုကို အဓိကထား စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ ထို့အပြင် စစ်အာဏာရှင် အာဏာတည်မြဲရေးအတွက် သံတမန်ရေးနှင့် ဘဏ္ဍာရေးအရ ကူညီပေးနေသည့် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်း အင်အားကြီးနိုင်ငံများ၏ ပါဝင်ပတ်သက်မှုများကိုလည်း အစီရင်ခံစာတွင် အဓိက ထည့်သွင်းသွားမည် ဖြစ်ပါတယ်။

စစ်တပ်က လူသားချင်းစာနာမှု အကူအညီများကို လက်နက်သဖွယ် အသုံးချနေခြင်းကို တားဆီးရန်အတွက် ရိုးရာမဟုတ်သည့် နည်းလမ်းသစ်များဖြင့် ဒေသခံ အဖွဲ့အစည်းများထံ တိုက်ရိုက် ပေးအပ်ရမည်ဟု ကယ်လီကာရီ က အလေးပေး ပြောဆိုခဲ့ပါတယ်။ ၎င်းက “ဒါဟာ နည်းပညာ သို့မဟုတ် ထောက်ပံ့ပို့ဆောင်ရေး ပြဿနာမဟုတ်ဘဲ နိုင်ငံရေးဆန္ဒနဲ့ အရပ်သားတွေကို အမှန်တကယ် ကူညီချင်တဲ့ စိတ်ဓာတ် လိုအပ်နေတာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

အာဆီယံအနေဖြင့်လည်း မိမိတို့ ပြည်သူကို ရန်လိုနေသည့် စစ်အာဏာရှင်ကို လိုက်လျောပေးနေသော “စစ်အာဏာရှင်ဗဟိုပြု အာဆီယံ” မဟုတ်ဘဲ စစ်မှန်သည့် “ပြည်သူ့ဗဟိုပြု အာဆီယံ” ဖြစ်စေရန် တိုက်တွန်းခဲ့ပါတယ်။ လက်ရှိတွင် မြန်မာနိုင်ငံတွင်းသို့ သွားရောက်ခွင့် ရရှိရန်အတွက် ဂျီနီဗာနှင့် နယူးယောက်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်းထံသို့ တရားဝင် တောင်းဆိုထားကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

Source – DVB