စက်တင် ၁၈၊ ၂၀၂၆
The Kaladan Post
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်နေသော အိန္ဒိယ အရှေ့မြောက်ဒေသ နယ်စပ်များကို ခြံစည်းရိုးကာရံရုံဖြင့် မလုံလောက်ဘဲ အာကာသအခြေပြု ဂြိုဟ်တု စောင့်ကြည့်ထောက်လှမ်းရေး စနစ်များကို မဖြစ်မနေ အသုံးပြုရန် လိုအပ်နေပြီဖြစ်ကြောင်း အာသံပြည်နယ် ရဲချုပ်ဟောင်း ဘတ်စ်ကာ ဂျိုတီ မဟန်တာ (Bhaskar Jyoti Mahanta) က ထောက်ပြလိုက်ပါတယ်။
အရှေ့မြောက်ဒေသတွင် မတူညီသော နယ်စပ် ၃ ခုနှင့် ရင်ဆိုင်နေရပြီး အရှေ့ဘက် မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် ၁,၆၄၃ ကီလိုမီတာ နယ်စပ်တွင် အစိုးရ အုပ်ချုပ်ရေး ယိုယွင်းမှုကြောင့် မူးယစ်ဆေးဝါးနှင့် သူပုန်လှုပ်ရှားမှုများ ရှိနေတယ်လို့ ၎င်းက ဆိုပါတယ်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသည့် ၂၆၃ ကီလိုမီတာ နယ်စပ်တွင် မြစ်ချောင်းများ ပေါများသဖြင့် ခြံစည်းရိုးခတ်ရန် မဖြစ်နိုင်သလို မြောက်ဘက် တရုတ်နယ်စပ်တွင်လည်း နယ်စပ်ရွာ ၆၂၈ ရွာ တည်ဆောက်ထားသည့် စိန်ခေါ်မှုများ ရှိနေပါတယ်။
နယ်စပ်လုံခြုံရေးတွင် အဓိက အခက်အခဲမှာ မြေပြင်တွင် ဖြစ်ပျက်နေသည့် အခြေအနေနှင့် တာဝန်ရှိသူများ သိရှိမှုအကြား အချိန်ကြန့်ကြာမှု ဖြစ်သည်ဟု ရဲချုပ်ဟောင်းက ရှင်းပြခဲ့ပါတယ်။ လက်ရှိ ရရှိနေသည့် ဂြိုဟ်တု ဓာတ်ပုံများသည် တရားရုံးများနှင့် အာဏာပိုင်များရှေ့တွင် ခိုင်လုံသော သက်သေအထောက်အထားအဖြစ် တရားဝင် အသုံးပြုနိုင်ခြင်း မရှိသေးကြောင်းလည်း ထောက်ပြထားပါတယ်။
ယင်းကို ပြုပြင်နိုင်ရန်အတွက် ခရိုင် ရဲမှူးများအား စောင့်ကြည့်ခွင့် အာဏာပေးရန်၊ ဒေတာ စိစစ်ရေး ဌာနများ ဖွင့်လှစ်ရန်နှင့် သီးသန့် ဘတ်ဂျက် ချထားပေးရန် လိုအပ်တယ်လို့ ဆိုပါတယ်။ ထို့အပြင် မီဂါလာယာပြည်နယ် အူမီယမ် (Umiam) ရှိ မြောက်အရှေ့ဒေသ အာကာသ အသုံးချရေး ဗဟိုဌာန (NESAC) တွင် ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်များနှင့် သဘာဝဘေး စီမံခန့်ခွဲရေးအဖွဲ့များ ပူးပေါင်းပါဝင်သည့် နယ်စပ်နှင့် သဘာဝဘေးဌာနခွဲတစ်ခု ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း အကြံပြုထားပါတယ်။
အဆိုပါ ဂြိုဟ်တု ထောက်လှမ်းရေး စနစ်သည် တရားမဝင် ဖြတ်ကျော်မှုများကို စောင့်ကြည့်ရုံသာမက နှစ်စဉ် ရေလွှမ်းမိုးမှုဒဏ်ကို ဆိုးရွားစွာ ခံစားနေရသည့် ဒေသအတွက် ရေကာတာ အခြေအနေများကို ကြိုတင် စောင့်ကြည့်ရာတွင်လည်း အလွန် အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း ရဲချုပ်ဟောင်းက သုံးသပ်ထားပါတယ်။
Source – Bhaskar Jyoti Mahanta