ရေကြည်မြို့နယ်ရှိ (၃၄၄) အမြောက်တပ်ကို AA ပူးပေါင်းတပ် ဝိုင်းရံပြီး စစ်သားတွေ ထွက်ပြေးနေရ

စက်တင် ၁၈
The Kaladan Post
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ မြောက်စမ်းကျေးရွာမှာရှိတဲ့ အမြောက်တပ် ၃၄၄ ကို AA နဲ့ ပူးပေါင်းတပ်တွေက ဝိုင်းရံပိတ်ဆို့ထားတာကြောင့် စစ်ကောင်စီတပ်သားတချို့ ထွက်ပြေး မှုတွေ ရှိနေတယ်လို့ တပ်ရင်းနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ မေလ ကတည်းက အမတ ၃၄၄ အနီးက ကာကင်းစခန်းအများအပြားကို AA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပြီး လက်ရှိမှာ အမြောက်တပ်နဲ့ တစ်မိုင်ဝန်းကျင်အကွာအထိ ထိုးစစ်ရောက်လာတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
စက်တင်ဘာလအတွင်း ညဘက်ကင်းလှည့်ချိန်မှာ တပ်ကြပ်အဆင့်အပါအဝင် စစ်ကောင်စီတပ်သား ၇ ဦးခန့် ပုသိမ်–မုံရွာလမ်းဘက်ကနေ ထွက်ပြေးခဲ့တယ်လို့လည်း သိရပါတယ်။ လက်ရှိ အမတ ၃၄၄ အတွင်းမှာ ဖျာပုံအခြေစိုက် ခလရ ၉၈၊ ဓနုဖြူအခြေစိုက် ခလရ ၁၀၈ နဲ့ တပ်မ ၆၆ လက်အောက်ခံ ခလရ ၁၄ တွေကနေ တပ်ဖွဲ့ဝင်တွေ အင်အား ၅၀၀ ခန့် တပ်စွဲထားကြောင်း သိရပါတယ်။
အဆိုပါ အမတ ၃၄၄ ဝန်းကျင်မှာ AA နဲ့ ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ ပြန်လည်ခုခံတိုက်ခိုက်နေတယ်လို့ ယခင်သတင်းတွေမှာ ဖော်ပြထားပါတယ်။
#thekaladanpost #ရေကြည်မြို့နယ် #အမတ၃၄၄ #AA #ငါးသိုင်းချောင်း #ဧရာဝတီတိုင်း

ဖမ်းဆီးခံ ဗိုလ်ကြီး ပြည့်စုံအောင် က လုပ်ရပ်တွေအတွက် နောင်တရကြောင်း ပြောဆို

စက်တင် ၁၈
The Kaladan Post
မကွေးတိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးနယ်မြေတစ်နေရာမှာ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခံခဲ့ရတဲ့ ခမရ ၅၉၉ တပ်ရင်းမှ ဗိုလ်ကြီး ပြည့်စုံအောင်ဟာ လုပ်ဆောင်ခဲ့မိတာတွေအပေါ် နောင်တရတယ်လို့ ( PDF ) ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဗိုလ်ကြီး ပြည့်စုံအောင်ကို ၂၀၂၆ ခုနှစ် မေလနောက်ဆုံးပတ်အတွင်း သရက်ခရိုင်တပ်ရင်း ၃ နဲ့ ခမရ ၅၉၉ တပ်စစ်ကြောင်းတို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားချိန်တွင် ဗိုလ်မှူး အောင်ဖြိုးဝေအပါအဝင် စစ်သားတချို့နဲ့အတူ ပစ္စတို ၁၉ လက်၊ ကျည်ဘောက် ၃၈ ခုနဲ့ ဖုန်း ၃ လုံးတို့နဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေကို ဂျီနီဗာကွန်ဗင်းရှင်းပါ စစ်သုံ့ပန်းအခွင့်အရေးတွေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ PDF ဘက်က ဆိုပါတယ်။ ဗိုလ်ကြီး ပြည့်စုံအောင်ကလည်း ထိန်းသိမ်းခံထားရစဉ်မှာ အကြမ်းဖက်နှိပ်စက်မှုမရှိဘဲ အားပေးကူညီမှုရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်တွေနဲ့အတူ အစားအသောက် တန်းတူရရှိတယ်လို့ ပြောဆိုထားပါတယ်။
အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ဘက်က စစ်တပ်အတွက် ဆက်လက် စစ်မတိုက်ခိုက်လိုသူတွေ ပြည်သူ့ဘက်ကို ကူးပြောင်းခိုလှုံလာနိုင်ကြောင်း တိုက်တွန်း ထားပါတယ်။
#thekaladanpost #ဗိုလ်ကြီးပြည့်စုံအောင် #ခမရ၅၉၉ #PDF #မကွေးတိုင်း #စစ်သုံ့ပန်း

ဗိုလ်ချုပ်ကြီး ကိုကိုဦးကို ပြည်ထဲရေးဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်

စက်တင် ၁၈
The Kaladan Post
စစ်ကောင်စီက ယမန်နေ့စက်တင်ဘာ ၁၇ ရက်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ကိုကိုဦးကို ပြည်ထဲရေးဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ပြီး လက်ရှိဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ ကို ရာထူးကနေ ပြန်လည်ရွှေ့ပြောင်းလိုက်ကြောင်း သိရပါတယ်။ ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေကို ပြည်ထဲရေးဝန်ကြီးရာထူးကနေ ဖယ်ရှားပြီး စစ်ဘက်ဆိုင်ရာ မူလတာဝန်တွေကို ပြန်လည်ထမ်းဆောင် စေမယ်လို့ စစ်ကောင်စီဘက်က ပြောဆိုထားပါတယ်။
ဗိုလ်ချုပ်ကြီး ကိုကိုဦးဟာ စစ်တက္ကသိုလ် အပတ်စဉ် ၃၈ ကျောင်းဆင်းဖြစ်ပြီး အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူး၊ အမှတ် ၁ စစ်ဆင်ရေးအထူးအဖွဲ့မှူးနဲ့ ကစထ ၅ မှူးအပါအဝင် စစ်ဘက်တာဝန်တွေ ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရပါတယ်။ မန္တလေးတိုင်း စစ်ဌာနချုပ်မှူးအဖြစ် တာဝန်ယူခဲ့တဲ့အချန်မှာ ဆန္ဒပြမှုနဲ့ ဖမ်းဆီးမှုတွေမှာ ပါဝင်ပတ်သက်ခဲ့သူလည်း ဖြစ်ပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းပြီးကတည်းက တိုင်းစစ်ဌာနချုပ် တိုင်းမှူးနေရာတွေကို အကြိမ်ပေါင်း ၅၀ မက မကြာခဏ အလဲအလှယ်လုပ်ပြီး စစ်ရေးအကျပ်အတည်းကို ဖြေရှင်းဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ရေးအရ အရှုံးကြီးရှုံးနေတဲ့အတွက် ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ရွေးကောက်ပွဲအပြီးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတအဖြစ် ကူးပြောင်းကာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ကာကွယ်ရေး ဦးစီးချုပ်အသစ်အဖြစ် ခန့်အပ်ပြီး သမိုင်းတစ်လျှောက် အကြီးမားဆုံး ထိပ်ပိုင်းရာထူးအပြောင်းအလဲ ကို ပြုလုပ်ခဲ့ရပါတယ်။ ဒီလို တပ်တွင်းထိပ်သီးတွေနဲ့ တိုင်းမှူးတွေကို ရာနှင့်ချီပြီး စဉ်ဆက်မပြတ် ရွှေ့ပြောင်းလဲလှယ်နေတာဟာ စစ်ကောင်စီအတွင်း အာဏာတည်မြဲရေးနဲ့ သစ္စာရှိမှုအပေါ် စိုးရိမ်မကင်းဖြစ်နေရတဲ့ အခြေအနေကို အထင်အရှား ပြသနေတာြဖစ်တယ်လို့ သတင်းရင်းမြစ်က သုံးသပ်ပြောဆိုထားပါတယ်။
#thekaladanpost #ပြည်ထဲရေးဝန်ကြီး #ဗိုလ်ချုပ်ကြီးကိုကိုဦး #ညွန့်ဝင်းဆွေ #စစ်ကောင်စီ


ပေါင်းတည်မြို့နယ်မှာ PPDF က ပျူစောထီးစခန်းနဲ့ စစ်တပ်သတင်းပေးအိမ်ကို တိုက်ခိုက်

စက်တင် ၁၈
The Kaladan Post
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်မှာ PPDF (၃၆၀၁) တပ်ရင်းနဲ့ ပြည်ခရိုင်ပကဖ ပူးပေါင်းတပ်တွေက စစ်တပ်နဲ့ ဆက်စပ်သူတစ်ဦးရဲ့ နေအိမ်နဲ့ ပျူစောထီးစခန်းကို တစ်ချိန်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ တယ်လို့ တပ်ဖွဲ့ဘက်က အသိပေးလာပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်က ကြာနီကန်ကွက်သစ် အတွင်း စစ်မှုထမ်းဟောင်း အေးနိုင်ရဲ့ နေအိမ်ကို ဝင်ရောက်ဖမ်းဆီးဖို့ ကြိုးစားခဲ့ပေမယ့် အေးနိုင်က ထွက်ပြေးသွားပြီး ရဲကင်းဘက်က အကူအညီရရှိကာ လွတ်မြောက်သွားကြောင်း သိရပါတယ်။
ဒါ့အပြင် ထန်းတပင်ကျေးရွာအုပ်စု ပန်းသင်းပင်ပျူစောထီးစခန်းကို ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်ခဲ့ပြီး ပျူစောထီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ တပ်ဖွဲ့ဘက်က ပြောဆိုပါတယ်။ အဆိုပါ လုပ်ဆောင်မှုတွေကို ဗျူဟာ ၂၁ ရဲ့ ကွပ်ကဲမှုအောက်မှာ PPDF ၃၆၀၁ တပ်ရင်းနဲ့ ပြည်ခရိုင်ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ တာဖြစ်ကြောင်း သိရပါတယ်။
ယခုလို စစ်ရေးလှုပ်ရှားမှုတွေဟာ ပေါင်းတည်မြို့နဲ့ နီးကပ်တဲ့ နေရာတွေအထိ တဖြည်းဖြည်း ရောက်ရှိလာပြီဆိုတာ ပြသတာဖြစ်တယ်လို့ PPDF က ပြောဆိုထားပါတယ်။
#thekaladanpost #ပေါင်းတည်မြို့နယ် #PPDF၃၆၀၁ #ပြည်ခရိုင်ပကဖ #ပျူစောထီးစခန်း #ပဲခူးတိုင်း

အဓမ္မစစ်သားစုဆောင်းမှုဟာ စစ်အုပ်စုရဲ့ အဓိကအသက်ရှုပေါက်ဖြစ်နေတယ်လို့ NUG ပြောဆို စက်တင် ၁၈

The Kaladan Post
စစ်ကောင်စီတပ်ဟာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ၂၀၂၄ ခုနှစ်ကစပြီး လူငယ်တွေကို စစ်မှုထမ်းအဖြစ် စုဆောင်းနေပြီး အခုအခါ အင်အား ၁၃၅,၀၈၀ ခန့်ထိ စုစည်းထားပြီးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောဆိုထားပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မှတ်တမ်းတွေအရ ၂၀၂၄ ခုနှစ် ဇူလိုင်လကနေ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ စစ်ကောင်စီတပ်ဘက်မှာ သေဆုံးသူ ၂၀,၃၈၃ ဦး၊ ဒဏ်ရာရ သူ ၉,၇၉၂ ဦး၊ ပြည်သူ့ရင်ခွင်ခိုလှုံလာသူ ၃,၈၇၄ ဦးနဲ့ တပ်ပြေးသူ ၂၀,၀၀၀ ခန့်ရှိပြီလို့ ဆိုပါတယ်။
အဆိုပါ ထိခိုက်ဆုံးရှုံးမှုတွေထဲမှာ အဓမ္မစစ်သားစုဆောင်းခံရသူတွေ အများစုဖြစ်ပြီး စစ်သုံ့ပန်း ၅၃၆ ဦးကိုလည်း NUG တပ်က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရပါတယ်။ ဒါ့အပြင် မြို့ပြဒေသတွေမှာ လူငယ်တွေကို ဖမ်းဆီးစုဆောင်းတာ၊ လူပြန်ပေးဆွဲတာနဲ့ ငွေညှစ်တာတွေ ဖြစ်ပွားနေပြီး လုံခြုံရေး အခြေအနေ ပိုမိုစိုးရိမ်စရာဖြစ်လာတယ်လို့ NUG က ဆိုပါတယ်။စစ်ကောင်စီတပ်ဟာ အဓမ္မစစ်သား စုဆောင်းမှုကို စစ်အင်အားဖြည့်တင်းရေး အဓိကနည်းလမ်းတစ်ရပ် အဖြစ် သတ်မှတ်ထားပြီး အမျိုးသားတွေအပြင် အမျိုးသမီးငယ်တွေကိုပါ ပစ်မှတ်ထားလာတယ်လို့ ဆိုပါတယ်။
ဒါကြောင့် လူငယ်တွေအနေနဲ့ အခြေအနေအရ လုံခြုံရေးကို ဦးစားပေးဖို့နဲ့ အခက်အခဲကြုံတွေ့ရရင် ပြည်သူ့ကာကွယ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ လူမှုကူညီရေးအဖွဲ့တွေဆီက အကူအညီရှာဖွေနိုင် တယ်လို့ NUG က အသိပေးထားပါတယ်။ တော်လှန်ရေးနယ်မြေတွေကို ရောက်ရှိလာတဲ့ လူငယ်တွေ အတွက် ပညာရေး၊ ကျန်းမာရေး၊ စစ်ဘေးရှောင်ကူညီရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပါဝင်နိုင် မယ့် အခွင့်အလမ်းတွေ ရှိမယ်လို့လည်း NUG က ဆိုပါတယ်။
#thekaladanpost #NUG #ပြည်သူ့စစ်မှုထမ်း #စစ်မှုထမ်းအတင်းအကျပ်စုဆောင်းမှု #မြန်မာ့လူငယ်

ရေစကြို–ပခုက္ကူလမ်းမှာ စစ်ကောင်စီထောင်ထားတဲ့ နင်းမိုင်း ၃ လုံး PDF ဖော်ထုတ်ရှင်းလင်း

စက်တင် ၁၈
The Kaladan Post
မကွေးတိုင်း၊ ရေစကြိုမြို့နယ် ဆင်ချောင်းပျူရွာအနီး ရေစကြို–ပခုက္ကူလမ်းဘေးမှာ စစ်ကောင်စီတပ် ထောင်ထားတဲ့ နင်းမိုင်းတွေကို PDF တပ်ဖွဲ့ဝင်တွေက စက်တင်ဘာ ၁၇ ရက်မှာ တွေ့ရှိပြီး ဖယ်ရှား ရှင်းလင်းခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖက ဆိုပါတယ်။ အဆိုပါ မိုင်းတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်ဝန်းကျင်မှာ ဆင်ချောင်းကျေးရွာက အထိုင်တပ်ဖွဲ့တွေက လမ်းဘေးနေရာတချို့မှာ ထောင်ထားခဲ့တာလို့ ဒေသခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။
လက်ရှိအချိန်အထိ နင်းမိုင်း ၃ လုံးကို ဖယ်ရှားနိုင်ခဲ့ပြီး အချိန်မီ ရှင်းလင်းနိုင်တာကြောင့် ပြည်သူတွေ မိုင်းနင်းမိပြီး ထိခိုက်သေဆုံးမှု မရှိသေးဘူးလို့ ပကဖဘက်က ပြောပါတယ်။ အခုလို မိုင်းအန္တရာယ်ရှိ နေတာကြောင့် ရေစကြို–ပခုက္ကူလမ်း၊ ဆင်ချောင်းကျေးရွာနဲ့ ၁၂ မိုင်အကြား လမ်းဘေးနေရာတွေကို ဖြတ်သန်းသွားလာမယ့် ပြည်သူတွေ အထူးသတိထားဖို့ တပ်ဖွဲ့က တိုက်တွန်းထားပါတယ်။
ရေစကြိုဒေသအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား စစ်ရေးတင်းမာမှု တွေ ဆက်ရှိနေပြီး လမ်းကြောင်းအသုံးပြုသူတွေအနေဖြင့် လုံခြုံရေးကို ဦးစားပေးဖို့လည်း သတိပေးထားပါတယ်။
#thekaladanpost #ရေစကြိုမြို့နယ် #ရေစကြိုပခုက္ကူလမ်း #နင်းမိုင်းအန္တရာယ် #PDF #မကွေးတိုင်း