စက်တင် ၁၈၊ ၂၀၂၆
The Kaladan Post
သြစတြေးလျ အစိုးရ၏ လူဝင်မှုကြီးကြပ်ရေး တင်းကြပ်မှုများကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် လုပ်သားရှားပါးမှုများ ဖြစ်ပေါ်လာနိုင်ပြီး မကြာမီ စတင်မည့် ဂျုံရိတ်သိမ်းမှုကို ထိခိုက်စေနိုင်ကြောင်း စိုက်ပျိုးရေး လုပ်ငန်းရှင်များအဖွဲ့က စက်တင်ဘာလ ၁၈ ရက်နေ့တွင် သတိပေးလိုက်ပါတယ်။
ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘာနီစီ (Anthony Albanese) ၏ အစိုးရသည် နှစ်စဉ် ပြည်ပမှ ဝင်ရောက်လာသူ အရေအတွက်ကို သောင်းနှင့်ချီ လျှော့ချရန် စည်းမျဉ်းအသစ်များကို ကြာသပတေးနေ့က ကြေညာခဲ့တာ ဖြစ်ပါတယ်။ ယင်းစည်းမျဉ်းများအရ စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိက အားထားရသည့် Working Holiday (ခရီးသွားလုပ်သား) ဗီဇာဖြင့် သက်တမ်းတိုး နေထိုင်ခွင့်ကို ကန့်သတ်လိုက်ပြီး ဗီဇာစိစစ်ချိန်ကိုလည်း ရက်ပိုင်းအတွင်းမှ ၃ လအထိ ကြာမြင့်သွားစေမည် ဖြစ်ပါတယ်။
သြစတြေးလျသည် ကမ္ဘာ့တတိယ အကြီးဆုံး ဂျုံတင်ပို့သည့် နိုင်ငံဖြစ်ပြီး စိုက်ပျိုးရေး အလုပ်အကိုင် ၇ ခုတွင် ၁ ခုမှာ အဆိုပါ ဗီဇာကိုင်ဆောင်သူများ ဖြစ်တယ်လို့ အမျိုးသား လယ်သမားများ အဖွဲ့ချုပ် (NFF) က ထုတ်ပြန်ထားပါတယ်။ NFF ဥက္ကဋ္ဌ ဟာမစ်ရှ် မက်အင်တိုင်ယာ (Hamish McIntyre) က “လယ်သမားတွေအနေနဲ့ ဗီဇာခွင့်ပြုချက်ကို လနဲ့ချီ မစောင့်နိုင်ဘဲ ရက်ပိုင်းအတွင်း ရရှိဖို့ လိုအပ်ပါတယ်၊ လယ်ယာ အများအပြားအတွက် ၃ လဆိုတာ သီးနှံရိတ်သိမ်းနိုင်ခြင်းနဲ့ ဆုံးရှုံးသွားခြင်းကြား ခြားနားချက် ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။
သြစတြေးလျ စီးပွားရေးကောင်စီ အမှုဆောင်အရာရှိချုပ် ဘရန်ဘလက်ခ် (Bran Black) ကလည်း လက်ရှိတွင် နိုင်ငံတွင်း အလုပ်အကိုင် ၃ ခုတွင် ၁ ခုခန့်မှာ လုပ်သား လိုအပ်ချက်နှင့် ရင်ဆိုင်နေရကြောင်း ထောက်ပြခဲ့ပါတယ်။ ယခုကဲ့သို့ ဗီဇာကန့်သတ်မှုများသည် စိုက်ပျိုးရေးသာမက အိမ်ရာဆောက်လုပ်ရေး၊ ကျန်းမာရေးနှင့် အခြေခံ အဆောက်အအုံ ကဏ္ဍများအထိ သက်ရောက်မှု ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇွန်လကုန်အထိ တစ်နှစ်တာအတွင်း အသားတင် ပြည်ပရွှေ့ပြောင်း ဝင်ရောက်သူ အရေအတွက်မှာ ၃၀၆,၀၀၀ ဦးအထိ ရှိခဲ့ပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလက စံချိန်တင် အမြင့်ဆုံး ၅၅၆,၀၀၀ ဦးအထိ ရှိခဲ့ရာမှ ပြန်လည် လျော့ကျလာခဲ့ခြင်း ဖြစ်ပါတယ်။
Source – Reuters