‌တီးတိန်မြိုနယ်တွင် စစ်ကောင်စီ ကားမိုင်းဆွဲတိုက်ခိုက်ခံရ

စက်တင် ၃
The Kaladan Post
ချင်းပြည်နယ် တီးတိန်မြို့နယ်မှာ သိုင်းငင်းဘက်ကနေ တီးတိန်မြို့ဘက် ပြန်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်းကို PDF Zoland က တီးတိန်မြို့အဝင်အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသသတင်းရင်းမြစ်က ဆိုပါတယ်။ စက်တင်ဘာ ၂ ရက် မွန်းလွဲပိုင်းမှာ ဖြစ်ခဲ့တဲ့ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ အရေအတွက် ကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ PDF Zoland က ပြောပါတယ်။
အလားတူ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာလည်း ရိက္ခာရှာဖို့ မြို့ပေါ်ကနေ ထွက်လာတဲ့ စစ်ကောင်စီ တပ်သားတွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ အဖြူရောင် ဒီပဲယင်း ပကဖက ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲမှာ ၁၅ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီဘက်က တပ်ကြပ်အဆင့်ရှိသူ(၁)ဦး သေဆုံးကာ (၁) ဦး အပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို တိုက်နယ် ၁ နဲ့ တိုက်နယ် ၂ က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး PDF ဘက်မှာ ထိခိုက်ဒဏ်ရာရရှိသူမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီက မြို့ပေါ်မှာသာ စစ်ရေးအရ ထိန်းချုပ်ထားနိုင်ပြီး ကျေးရွာနဲ့ ဒေသအများစုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စိုးမိုးထားကြောင်း သိရပါတယ်။
#thekaladanpost #တီးတိန် #PDFZoland #ဒီပဲယင်း #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ထားဝယ်မှာ ပျူစောထီးခေါင်းဆောင်နဲ့ ဇနီး ပစ်ခတ်ခံရပြီး သေဆုံး၊ သေနတ်တစ်လက် သိမ်းဆည်း

စက်တင် ၃
The Kaladan Post
တနင်္သာရီတိုင်း ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်မှာ နေထိုင်တဲ့ ပျူစောထီးခေါင်းဆောင် ထွန်းဝင်းနဲ့ ဇနီးဖြစ်သူတို့ကို အထူးပြောက်ကျားတပ်ဖွဲ့ (S.G.F) က နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်တိုက်ခိုက် ခဲ့ပြီး နှစ်ဦးစလုံး သေဆုံးခဲ့တယ်လို့ SpecialGuerrillaForce တပ်ဖွဲ့က အသိပေးထားပါတယ်။ အဆိုပါ တိုက်ခိုက်မှုကို ဇွန်လ ၃၀ ရက် ညပိုင်းက ဖြစ်ပွားပြီး အဲဒီတိုက်ခိုက်မှုအတွင်း တော်လှန်ရေးရဲဘော်တွေ ဘက်က ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအပြီး ထွန်းဝင်းထံက ပစ္စတိုသေနတ်တစ်လက်၊ ကျည်ဘောက်နဲ့ ကျည်ဆန် ၃၀ တောင့် အပြင် ဖုန်း၊ ငွေကျပ် ၂၈၀,၀၀၀ ပါ ပိုက်ဆံအိတ်နဲ့ အခြားပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။ ထွန်းဝင်းဟာ ပြည်သူတွေအပေါ် ဖိနှိပ်မှုတွေကြောင့် ဆောင်ရွက်ခဲ့တာတွေကြောင့် ခုလို လုပ်ဆောင်တာဖြစ်ပြီး ရပ်ကွက်နေ ပြည်သူတွေနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ အထူးပြောက်ကျားတပ်ဖွဲ့ က အသိပေးထားပါတယ်။
#thekaladanpost #ထားဝယ် #တနင်္သာရီတိုင်း #SpecialGuerrillaForce #S.G.F

ရခိုင်ပြည်နယ်မှာ စစ်တပ်က လေကြောင်းနဲ့ ရေကြောင်းတိုက်ခိုက်မှုတွေ တပြိုင်နက်လုပ်ဆောင်

စက်တင် ၃
The Kaladan Post
ရခိုင်ပြည်နယ်ရှိ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်အစပ်က ကျေးရွာတွေကို စစ်တပ်က ဂျက်တိုက် လေယာဉ် ၄ စီးအသုံးပြုကာ မိနစ် ၃၀ ခန့်အတွင်း အကြိမ် ၃၀ လောက် လှည့်ပတ်ဗုံးကြဲတိုက်ခိုက်ခဲ့ တယ်လို့ AA က ပြောပါတယ်။ အဆိုပါတိုက်ခိုက်မှုတွေကို စစ်တပ်က ယနေ့ စက်တင်ဘာ ၃ ရက် မွန်းလွဲပိုင်းမှာ ကွမ်းတောင်၊ ကုန်းတန်းကြိမ်ချောင်း၊ မက္ကလာကျ၊ ညိုရောင်နဲ့ မင်းလှကျေးရွာအနီး အပြင် မိုးစဲကမ်းဒေသက ကျေးရွာတွေကြားကိုပါ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
လက်ရှိထွက်ပေါ်နေသည့် ကနဦးသတင်းပြောဆိုချက်များအရ စစ်တပ်၏ အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိတယ်လို့ ဆိုပေမယ့် ထိခိုက်ပျက်စီးမှု အရေအတွက်ကိုတော့ လက်ရှိအချိန် အထိ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ဒါ့အပြင် ဒီနေ့မနက်ပိုင်းမှာလည်း ဂွ၊ ကျိန္တလီနဲ့ ငပလီ ဂျိတ်တောရပ်ကွက်အနီးကို ပင်လယ်ပြင်မှာ တပ်စွဲထားတဲ့ စစ်သင်္ဘောတွေကနေ ရေကြောင်းပစ်ခတ် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
လက်ရှိမှာ ရခိုင်ဒေသအတွင်း လေကြောင်းနဲ့ ရေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက် သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေတွေကို စိစစ်နေဆဲဖြစ်ပြီး ဒေသခံတွေအနေနဲ့ တိုက်ခိုက်မှု အန္တရာယ်တွေကို အထူးသတိထားကြဖို့ AA က သတိပေးထားပါတယ်။
#thekaladanpost #ရခိုင်ပြည် #ပုဏ္ဏားကျွန်း #ရသေ့တောင် #ရေကြောင်းတိုက်ခိုက်မှု

ဗန်းမော်အနီးထိ ရောက်လာတဲ့ စစ်သင်္ဘော ၇ စီးက မြစ်ကမ်းရွာတွေကို ဗုံးကြဲတိုက်ခိုက်နေ

စက်တင် ၃
The Kaladan Post
ယမန်နေ့ ဧရာဝတီမြစ်ကျဉ်းအတွင်း တိုက်ခိုက်ခံရပြီး အထိနာခဲ့တဲ့ စစ်သင်္ဘောအုပ်စုထဲက လက်ကျန် ၇ စီးဟာ ဒီနေ့ ဗန်းမော်မြို့အနီး ကံသာရွာဘက်အထိ ရောက်လာပြီလို့ ရှေ့တန်းသတင်းရင်းမြစ်တွေက အသိပေးထားပါတယ်။ လက်ရှိမှာ စစ်တပ် စစ်သင်္ဘော ၂ စီးနဲ့ သံခွံသင်္ဘော ၅ စီး ပါဝင်တဲ့ အဲဒီအုပ်စုက လမ်းကြောင်းရှင်းဖို့ဆိုပြီး Y-12 လေယာဉ်နဲ့ လက်ပန်တန်း၊ ကံသာ၊ ညောင်ပင်သာနဲ့ ကုန်းမဟုတ်ရွာ ဘက်တွေကို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ပြောဆိုထားပါတယ်။
စစ်တပ် ရေယာဥ်တွေဟာ ယမန်နေ့က ဇင်းဘုံရွာအနီး မြစ်ကျဉ်းကို ဖြတ်သန်းစဉ် KIA ပူးပေါင်းတပ် တွေရဲ့ တိုက်ခိုက်မှုကြောင့် သင်္ဘော ၃ စီး နစ်မြုပ်ပြီး သံခွံတွဲသင်္ဘော ၄ စီး ကမ်းထိုးရပ်တန့်ခဲ့ရတာ ကြောင့် စုစုပေါင်း ၇ စီး ထိခိုက်ဖျက်ဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း သင်္ဘောပေါ်က စစ်သားနဲ့ မိသားစုဝင် ၁၈၀ ခန့်ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ ဆိုပေမယ့် သေဆုံးထိခိုက်မှုအရေအတွက်နဲ့ ဖမ်းဆီးမှုအခြေအနေတွေကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အဆိုပါ စစ်တပ်ဟာ ရေယာဥ် ၁၅ စီဖြင့် စစ်အင်အားနှင့် လက်နက်ခဲယမ်းတွေထောက်ပို့အဖြစ် တက်လာတာဖြစ်ပြီး လက်ရှိမှာ ကျန်ရှိ စစ်သင်္ဘော ၇ စီးဟာ ဗန်းမော်မြို့ထဲအထိ ရောက်လာရင် စစ်ကူနဲ့ ရိက္ခာဖြည့်တင်းမှုတွေ ပိုမိုတောင့်တင်းလာနိုင်ပြီး လက်ရှိပြင်းထန်နေတဲ့ ဗန်းမော်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေက သုံးသပ်ထားပါတယ်။
#thekaladanpost #ဗန်းမော် #စစ်သင်္ဘော #KIA #ဧရာဝတီမြစ် #စစ်ရေးသတင်း

စစ်ကောင်စီတပ် ထောက်ပို့ရေယာဥ် ၆ စင်း ဗန်းမော်ကို ရောက်ရှိ

စက်တင် ၃
The Kaladan Post
ကချင်ပြည်နယ် ဗန်းမော်မြို့ဘက် စစ်ကူပို့ဖို့ ဩဂုတ် ၂၁ ရက်က မန္တလေးကနေ ဆန်တက်လာတဲ့ စစ်တပ်ရေယာဉ်အုပ်စုထဲက ၆ စင်း ဗန်းမော်မြို့ကို ရောက်ရှိသွားပြီလို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတစ်ဦး က ပြောဆိုထားပါတယ်။ ဇင်းဘုံနဲ့ စင်းခန်းမှာ စစ်ရေယာဥ် နှစ်စီးအလံဖြူထောင် အလင်းဝင်ပြီး ကျန်လွတ်လာတဲ့ ရေယာဉ် ၇ စင်းဟာ မနေ့ညက ဗန်းမော်အောက်ဘက် ရေနီရွာသစ်မှာ ကမ်းကပ်ခဲ့ပြီး တစ်စင်း သောင်တင်ကျန်ခဲ့ကာ ကျန် ၆ စင်းကတော့ ဗန်းမော်မြို့ကို ရောက်ရှိတာဖြစ်ကြောင်း သိရပါတယ်။
ဗန်းမော်မှာ ကမ်းကပ်ထားတဲ့ ရေယာဉ်တွေကို ကာကွယ်ဖို့ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှု တွေ ဆက်တိုက်လုပ်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဇင်းဘုံနဲ့ စင်းခန်းမှာ စစ်ရေယာဥ် နှစ်စီးအလံဖြူထောင် အလင်းဝင်တာဟာ လက်နက်ခဲယမ်းနဲ့ ရိက္ခာတင်ဆောင်သည့် စစ်သင်္ဘောများလွတ်မြောက်ရန် တပ်ချုပ်သစ်က မဟာဗျူဟာအရ အမိန့်ပေးထားတာဖြစ်ကြောင်း သုံးသပ်မှုများရှိနေပြီး တပ်ချုပ်သစ်ဟာ လက်နက်ခဲယမ်းနှင့် စစ်သားနဲ့ မိသားစုဝင် ၁၈၀ ခန့်ကို ရောင်းစားထားတာလို့ ဝေဖန်မှုများထွက်နေပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်ရေယာဥ် ၁၅ စီးနဲ့ ဗန်မော်ဘက်ကို ရိက္ခာနဲ့ လက်နက်ခဲယမ်း ထောက်ပို့ရန် ထွက်ခွါခဲ့တာဖြစ်ပြီး လက်ရှိမှာ ရေယာဥ် ၆ စီသာ ရောက်ရှိပြီး ကျန်သင်္ဘောများဟာ KIA ပူးပေါင်းတပ် များက ချေမှုန်းနိုင်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိ ဗန်းမော်မြို့မှာ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်တာကြောင့် ရေကြောင်းကနေ စစ်ကူနဲ့ ရိက္ခာတွေ ရောက်ရှိလာမှုက တိုက်ပွဲအခြေအနေကို ပိုမိုပြင်းထန်လာစေနိုင်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သုံးသပ်ထားပါတယ်။
#thekaladanpost #ဗန်းမော် #KIA #စစ်ကူရေယာဉ် #ဧရာဝတီမြစ်


ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ် နှစ်နေရာတွင် တိုက်ခိုက်ခံရ

စက်တင် ၃
The Kaladan Post
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တပ်စွဲထားတဲ့နေရာတွေကို KNLA တပ်ရင်း ၂၇ နဲ့ ရေးဘီလူးတပ်ရင်း ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ စက်တင်ဘာ ၃ ရက် မနက်ပိုင်းမှာ နှစ်နေရာခွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့က ပြောဆိုထားပါတယ်။ အဆိုပါတိုက်ခိုက်မှုကို မနက် ၅ နာရီခွဲလောက်မှာ ကျွဲတလင်းကျေးရွာထဲ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကောင်စီတပ်ကို မိနစ် ၂၀ ခန့် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။ အဲဒီနောက် မနက် ၇ နာရီလောက်မှာ ရာဖူးကျေးရွာအတွင်း စစ်ကောင်စီတပ် တပ်စွဲထားတဲ့နေရာအနီး ကို ထပ်မံတိုက်ခိုက်ခဲ့ပြီး ၄၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့က ပြောဆိုထားပါတယ်။ နှစ်နေရာလုံးမှာ ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့က အသိပေးထားပါတယ်။
#thekaladanpost #ရေးမြို့နယ် #KNLA #ရေးဘီလူး #မွန်ပြည်နယ်