ဂန့်ဂေါမြို့နယ်တွင် PDF ၈ ဦး ပြည်သူ ၃ ဦးကို သတ်ဖြတ်ပြီး စစ်ကောင်စီထံ ထွက်ပြေး
စက်တင် ၈
The Kaladan Post
မကွေးတိုင်း ဂန့်ဂေါမြို့နယ်က Black Dragon Force (BDF) အဖွဲ့ဝင် ၈ ဦးဟာ KKG တပ်ရင်း ၆ က တပ်ဖွဲ့ဝင် ၂ ဦးနဲ့ ပြည်သူ ၁ ဦးကို သတ်ဖြတ်ပြီး စစ်ကောင်စီဘက်ကို ထွက်ပြေးခိုလှုံသွားတယ်လို့ ဒေသသတင်းရင်းမြစ်က ပြောဆိုထားပါတယ်။ အဆိုပါ ပြည်သူ ၁ ဦးကို သတ်ဖြတ်သည့် ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၁၂ ရက်ညက ဂန့်ဂေါမြို့အနောက်ဘက် ရာဇမုနိဘုရားအနီးမှာ ဖြစ်ပွားခဲ့ပြီး နောက်တစ်နေ့မှာ အဆိုပါ ၈ ဦးဟာ စစ်ကောင်စီဘက်ကို ရောက်ရှိသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက် ထွက်ပြေးထွက်ပြေးသွားသည့် BDF ၈ ဦးဟာ လက်နက်ခဲယမ်းအချို့ကိုပါ ယူဆောင်သွားခဲ့ပြီး Black Dragon Force (BDF) အဖွဲ့သည့် ဖွဲ့စည်းခဲ့တာ တစ်နှစ်မပြည့်သေးဘူးလို့ အမည်မဖော်လိုသည့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အဆိုပါ ဖြစ်စဥ်အပေါ် စစ်တပ်ထောက်ခံတယ်လီဂရမ်နဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ ဂန့်ဂေါမြို့နယ်အတွင်း လှုပ်ရှားနေသည့် အကြမ်းဖက် PDF ၈ ဦး တပ်မတော်ထံ အလင်းဝင်လာ သူတွေဆိုပြီး ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့ ည ၁၁နာရီခန့်က ဂန့်ဂေါမြို့အနောက်ဖက် ရာဇမုနိဘုရားအနီးတွင် KKG တပ်ရင်း ၆ မှ ဥက္ကဌ ဖြစ်သူ ဘဖြိုးနဲ့ ရဲဘော်တစ်ဦးအပါအဝင် ပြည်သူတစ်ဦးတို့ကို သတ်ဖြတ်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့သည့် Black Dragon force အဖွဲ့ခေါင်းဆောင် ချမ်းမင်းအောင် (ခ) ငြိမ်းသော် နှင့် ၎င်း၏ နောက်လိုက် ၇ ဦးဖြစ်နိုင်ကြောင်း ဒေသသတင်းရင်းမြစ်က သုံးသပ်ပြောဆိုထားပါတယ်။
#thekaladanpost #ဂန့်ဂေါ #BlackDragonForce #KKG #အလင်းဝင်မှု

ဆိပ်ဖြူမှာ ကပစ-၂၂ က ပါရာမော်တာ ပျက်ကျ၊ စစ်သား ၁ ဦး သေဆုံး ၁ ဦး ဒဏ်ရာရ
စက်တင် ၈
The Kaladan Post
မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ရွှေဘိုကျွန်းကျေးရွာအနီးမှာ ယမန်နေ့ စက်တင်ဘာ ၇ ရက်က ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၂၂ ကနေ ပျံတက်လာတဲ့ ပါရာမော်တာတစ်စီး စက်ချို့ယွင်းပြီး ပျက်ကျခဲ့တယ်လို့ ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုထားပါတယ်။ အဆိုပါ ပျက်ကျမှုကြောင့် ပါရာမော်တာမောင်းနှင်သူ စစ်သား (၁) ဦး သေဆုံးပြီး နောက်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
အဲဒီပါရာမော်တာဟာ လေကြောင်းကနေ တိုက်ခိုက်ပြီး ပြန်လာချိန် စက်ချို့ယွင်းကာ ရွှေဘိုကျွန်းရွာ ရှားတောနဲ့ မုန်တိုင်းချောင်းအနီးမှာ ပျက်ကျခဲ့တာလို့ ဒေသသတင်းရင်းမြစ်က ဆိုပါတယ်။ အလားတူ မကွေးတိုင်း ပခုက္ကူမြို့နယ်ဘက်မှာလည်း ၂၀၂၅ ခုနှစ်အတွင်း စက်တပ်လေထီးတွေ ပစ်ခတ်ခံရပြီး ပျက်ကျခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ သိရပါတယ်။
#thekaladanpost #ဆိပ်ဖြူ #ကပစ၂၂ #ပါရာမော်တာ #မကွေးတိုင်း

ဦးကျော်မိုးထွန်း ဆက်လက်ကိုယ်စားပြုနိုင်ရေး လူထုထောက်ခံမှု လှုပ်ရှားမှု စတင်
စက်တင် ၈
The Kaladan Post
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်နိုင် ရေးအတွက် အွန်လိုင်းလူထုထောက်ခံမှု လှုပ်ရှားမှုတစ်ရပ် စတင်နေတယ်လို့ People Movement Platform – Myanmar က အသိပေးလာပါတယ်။ ဦးကျော်မိုးထွန်းဟာ စစ်အာဏာသိမ်းပြီးနောက် ကုလသမဂ္ဂစင်မြင့်ကနေ မြန်မာပြည်သူတွေရဲ့ အသံကို ကိုယ်စားပြုပြီး နိုင်ငံတကာအသိုင်းအဝိုင်းထံ ဆက်လက်တင်ပြနေသူဖြစ်ပါတယ်။
လက်ရှိမှာ စစ်အုပ်စုကလည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်နေရာကို ရယူဖို့ ကြိုးပမ်းနေတဲ့ အတွက် ဦးကျော်မိုးထွန်း ဆက်လက်ရပ်တည်နိုင်ရေး ပြည်သူတွေရဲ့ ထောက်ခံမှု အရေးကြီးတယ်လို့ People Movement Platform – Myanmar က ပြောပါတယ်။ အွန်လိုင်းလှုပ်ရှားမှုမှာ ဝက်ဘ်ဆိုက် ကနေ “I SUPPORT” ကိုနှိပ်ပြီး ထောက်ခံချက်ပေးနိုင်သလို အမည်မဖော်လိုသူတွေအနေနဲ့လည်း အဲဒီအချက်ကို ကျော်သွားလို့ရကြောင်း ရှင်းပြထားပါတယ်။
ဦးကျော်မိုးထွန်း ဆက်လက်ရှိနေခြင်းဟာ ကုလသမဂ္ဂစင်မြင့်မှာ မြန်မာပြည်သူတွေရဲ့ အသံကို ဆက်လက်ကြားနိုင်ရေးအတွက် အရေးကြီးတာကြောင့် ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသားတွေ ပါဝင်ထောက်ခံပေးကြဖို့ People Movement Platform – Myanmar က တိုက်တွန်းထားပါတယ်။ ဒါ့အပြင် စစ်အုပ်စုဘက်က ကိုယ်စားလှယ်နေရာ ရယူသွားနိုင်ရင် ပြည်သူတွေရဲ့ အသံ အားနည်းသွားနိုင်ပြီး စစ်အုပ်စုရဲ့ ဝါဒဖြန့်ချိမှုတွေအတွက် နေရာပိုရလာနိုင်တယ်လို့ လှုပ်ရှားမှုဦးဆောင်သူတွေက စိုးရိမ်ထားပါတယ်။
#thekaladanpost #ဦးကျော်မိုးထွန်း #PeopleMovementPlatform #UnitedNations

သံတွဲနဲ့ ဂွမြို့တွေကို စစ်တပ်က လေကြောင်း၊ ရေကြောင်းတိုက်ခိုက်သဖြင့် အရပ်သား ၁ ဦးသေဆုံး
စက်တင် ၈
The Kaladan Post
အာရက္ခပြည် သံတွဲနဲ့ ဂွမြို့တွေကို စက်တင်ဘာ ၇ ရက် မနက်ပိုင်းကစပြီး စစ်တပ်က လေကြောင်းနဲ့ ရေကြောင်းကနေ လက်နက်ကြီးများဖြင့် ဆက်တိုက်တိုက်ခိုက်ခဲ့တယ်လို့ ULA/AA က ထုတ်ပြန် ပါတယ်။ စစ်ကောင်စီတပ်ဟ သံတွဲမြို့ အမှတ် ၈ ရပ်ကွက်ကို ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ်ဗုံးကြဲခဲ့ရာ အသက် ၈၃ နှစ်အရွယ် ဒေါ်သန်းသန်းကြွယ် သေဆုံးပြီး အရပ်သား ၃ ဦး ဒဏ်ရာရကာ နေအိမ် ၈ လုံး ပျက်စီးခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် ဂွနဲ့ သံတွဲကမ်းရိုးတန်းတစ်လျှောက်ကို စစ်ကောင်စီသင်္ဘောတွေက လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်ခဲ့ပြီး နောက်ပိုင်းမှာ ကျောက်ကြီးနဲ့ စပါးကြီးကျေးရွာတွေကိုလည်း လေကြောင်းကနေ ထပ်မံဗုံးကြဲခဲ့ကြောင်း သိရပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း ကျောက်ကြီးနဲ့ စပါးကြီးကျေးရွာတွေမှာ အရပ်သားထိခိုက်မှု မရှိခဲ့ပေမယ့် နေအိမ် ၈ လုံး လုံးဝပျက်စီးသွားတယ်လို့ ULA/AA က ပြောဆိုထားပါတယ်။ တစ်ချိန်တည်းမှာပဲ ပုဏ္ဏားကျွန်းမြို့နယ် ဖက်ကျကျေးရွာကိုလည်း စစ်ကောင်စီဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် နေအိမ် ၄ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ရခိုင်ဒေသအတွင်း လေကြောင်းနဲ့ ရေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပေါ် နိုင်တာ ကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ရေးသတိထားပြီး လုံခြုံရေးအခြေအနေတွေကို အထူးဂရုစိုက်ဖို့ ULA/AA က တိုက်တွန်းထားပါတယ်။
#thekaladanpost #သံတွဲ #ဂွမြို့ #ရခိုင်စစ်ရေး #လေကြောင်းတိုက်ခိုက်မှု

ကျိုက်ထိုမှာ လက်နက်ကြီးကျည်ထိ ကလေးငယ် ၁ ဦးသေဆုံး
စက်တင် ၈
The Kaladan Post
ကျိုက်ထိုမြို့နယ် KNU တပ်မဟာ ၁ နယ်မြေမှာ စက်တင်ဘာ ၆ ရက်ညက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လက်နက်ကြီးကျည် ၂ လုံး ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး မိခင်ဖြစ်သူ အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ KNU က ဆိုပါတယ်။ လက်နက်ကြီးကျည် တွေဟာ အလူးကျေးရွာအုပ်စု ညောင်ထောက်ရွာ ကွက်သစ်အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ် နော်အိဖြိုးမြတ် နေရာမှာပင် သေဆုံးခဲ့ကြောင်း သိရပါတယ်။
အလားတူ ကချင်ပြည်နယ် ရွှေကူနဲ့ စင်းခန်းဒေသတစ်လျှောက် မြစ်ကမ်းဘေးကျေးရွာတွေကို စစ်တပ် က စက်တင်ဘာ ၇ ရက်နေ့က Y-12 နဲ့ ဂျက်ဖိုက်တာတွေ အသုံးပြုပြီး အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ တယ်လို့ KIA သတင်းရင်းမြစ်က ပြောပါတယ်။ မနက်ပိုင်းကနေ မွန်းတည့်အထိ ဗုံးကြဲမှု ၅ ကြိမ်ခန့်နဲ့ မွန်းလွဲပိုင်းကနေ ညနေအထိ ဇင်းဘုံးကျေးရွာဘက်ကို ၃ ကြိမ် ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သိရပြီး ကျေးရွာအများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောဆိုထားတယ်။
#thekaladanpost #ကျိုက်ထို #KNU #KIA #လေကြောင်းတိုက်ခိုက်မှု

မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက လက်ယက်ရေနံတွင်း ၄ တွင်းကို မီးရှို့ဖျက်ဆီး
စက်တင် ၈
The Kaladan Post
မကွေးတိုင်း မြိုင်မြို့နယ်အနောက်ပိုင်း တဲကြီးရွာudk ရောက်ရှိနေတဲ့ စစ်စစ်ကြောင်းက စက်တင်ဘာ ၇ ရက် မနက်ပိုင်းမှာ ကျောက်ခွက်ရေနံမှော်အတွင်း ဒေသခံတွေ တူးဖော်နေတဲ့ လက်ယက်ရေနံတွင်း ၄ တွင်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။ အဆိုပါ ရေနံတွင်းတွေဟာ တဲကြီးရွာမြောက်ဘက် မြက်စပ်တောင်နဲ့ ကျောက်ခွက်ရေနံမြေ တွင်း ၁၊ တွင်း ၂ ကြားမှာရှိပြီး စစ်ကြောင်းက ရှေ့ကင်းလှုပ်ရှားမှုလုပ်ပြီးနောက် မီးရှို့ဖျက်ဆီးကာ တဲကြီးရွာဘက်ကို ပြန်ဝင်သွားပြီးဖြစ်ကြောင်း သိရပါတယ်။
ကျောက်ခွက်ရေနံမှော်ဘက်မှာ စစ်ကောင်စီရဲ့ တမခ ၁၀၁ လက်အောက်ခံ တပ်ရင်းတွေ၊ စစ်တပ်စခန်း တွေနဲ့ ပျူစောထီးတွေ ပူးပေါင်းပြီး အင်အား ၈၀၀ ခန့်နဲ့ လေကြောင်းပစ်ကူအသုံးပြုပြီး စစ်ကြောင်းထိုး နေတာလည်းဖြစ်ပါတယ်။ ပေါက်နဲ့ မြိုင်မြို့နယ်တွေဟာ အရေးပါတဲ့ စစ်ရေးနဲ့ စီးပွားရေးလမ်းကြောင်း ပေါ်မှာရှိပြီး ရေနံမှော်တွေက တော်လှန်ရေးတပ်ဖွဲ့တွေအတွက် ဝင်ငွေရရှိရာ နေရာတွေဖြစ်တာကြောင့် စစ်ကြောင်းထိုးမှုတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
အဲဒီစစ်ကြောင်းထိုးမှုကာလအတွင်း ရေနံမြေအတွင်းရှိ ကျေးရွာ ၂၀ ကျော်က အရပ်သားနေအိမ် ၃၃၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒေသခံ ၂၉ ဦး သေဆုံးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက ဆိုပါတယ်။ လက်ရှိမှာ တဲကြီးရွာကို ခြေကုပ်ယူထားတဲ့ စစ်ကောင်စီစစ်ကြောင်းက ကျောက်ခွက်ရေနံမှော်နဲ့ အနီးဝန်းကျင်ဒေသတွေကို ဆက်လက်စစ်ကြောင်းထိုးနေကြောင်း သိရပါတယ်။
#thekaladanpost #မြိုင်မြို့နယ် #ကျောက်ခွက်ရေနံမှော် #စစ်ကောင်စီ #အညာဒေသ
