စက်တင် ၅၊ ၂၀၂၆
The Kaladan Post
နှစ်နိုင်ငံ စီးပွားရေးနှင့် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် မြန်မာရွေးတုသမ္မတ မင်းအောင်လှိုင်သည် ဗီယက်နမ်နိုင်ငံသို့ သောကြာနေ့တွင် ၃ ရက်ကြာ ခရီးစဉ် စတင်သွားရောက်ခဲ့ပါတယ်။
ခရီးစဉ် ပထမနေ့တွင် သမ္မတ မင်းအောင်လှိုင်သည် ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာန ပိုင်ဆိုင်သည့် သတင်းအချက်အလက်နှင့် ကာကွယ်ရေးဆိုင်ရာ Viettel ကော်ပိုရေးရှင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရန် ရှိနေပါတယ်။ ထို့အပြင် ဗီယက်နမ်မြောက်ပိုင်းရှိ VinFast လျှပ်စစ်ကား ထုတ်လုပ်ရေး စက်ရုံသို့လည်း သွားရောက်ကြည့်ရှုရန် စီစဉ်ထားကြောင်း ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။
ခရီးစဉ်အတွင်း ရွေးတုသမ္မတ မင်းအောင်လှိုင်သည် ဗီယက်နမ် ထိပ်သီးခေါင်းဆောင် တိုလမ် (To Lam) နှင့် တွေ့ဆုံမည်ဖြစ်သလို စီးပွားရေးဖိုရမ်သို့လည်း တက်ရောက်မည်ဟု မြန်မာနိုင်ငံပိုင် မီဒီယာများက ဖော်ပြထားပါတယ်။ နှစ်နိုင်ငံအကြား ရာဇဝတ်မှု နှိမ်နင်းရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အပါအဝင် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များကို လက်မှတ်ရေးထိုးရန် မျှော်လင့်ရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး ငုယင်အန်ဒုခ် (Nguyen Anh Duc) က နှစ်နိုင်ငံအကြား ဆက်သွယ်ရေး၊ လျှပ်စစ်ကား ထုတ်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် လူသုံးကုန်ပစ္စည်း ကဏ္ဍများကို ဦးစားပေး ပူးပေါင်းဆောင်ရွက်သင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာသို့ ပြောကြားထားပါတယ်။
ယခုခရီးစဉ်သည် ရွေးတုသမ္မတ မင်းအောင်လှိုင်အနေဖြင့် ဒေသတွင်း ထိတွေ့ဆက်ဆံမှု မြှင့်တင်ရန် သွားရောက်သည့် ၇ ခုမြောက် နိုင်ငံဖြစ်ပါတယ်။ အာဆီယံအဖွဲ့သည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ် ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်မဖော်နိုင်သဖြင့် မြန်မာနိုင်ငံမှ နိုင်ငံရေးကိုယ်စားလှယ်များကို ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။
Source – Reuters