ကရင်ပြည်နယ်တွင် အထိနာသည့် တပ်မ (၅၅) နေရာတွင် တပ်မ (၂၂) ဖြင့် အစားထိုးကာ ဆက်လက် ထိုးစစ်ဆင်

ဇူလိုင် ၂၂
The Kaladan Post
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ဖလူးနှင့် မင်းလက်ပံဒေသ တိုက်ပွဲများအတွင်း အထိနာခဲ့သည့် စစ်ကောင်စီ၏ တပ်မ (၅၅) စစ်ကြောင်းကို ပြန်လည်ဆုတ်ခွာစေပြီး တပ်မ (၂၂) အပါအဝင် စစ်ကြောင်း အသစ်များဖြင့် ထိုးစစ်ဆက်လက်ဆင်နေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်များက ပြောဆိုထားပါတယ်။
တပ်မ (၅၅) လက်အောက်ခံတပ်ဖွဲ့ဝင်များသည် စစ်သုံးယာဉ်များဖြင့် ဖားအံဘက်သို့ ပြန်လည်ဆုတ်ခွာ သွားခဲ့ပြီး တပ်မ (၂၂) ပါဝင်သည့် စစ်ကြောင်းများက ဖလူးနှင့် မင်းလက်ပံဒေသတွင် တိုက်ပွဲများ ဆက်လက်ဖော်ဆောင်နေကြောင်း သိရပါတယ်။
ထို့ပြင် တပ်ပြောင်းလာသည့် စစ်ယာဉ်တန်းအတွင်း ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းကူညီကယ်ဆယ်ရေးအသိုင်းအဝိုင်းက ပြောဆိုထားပါတယ်။
လက်ရှိတွင် ဖလူးနှင့် မင်းလက်ပံဒေသများ၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်ဘက်က အင်အားအများအပြား ဖြည့်တင်းကာ လေကြောင်းတိုက်ခိုက်မှုများကိုလည်း ဆက်တိုက်လုပ်ဆောင်နေ ကြောင်း သိရပါတယ်။
ထို့အပြင် ကေအဲန်ယူ တပ်မဟာ (၅) နယ်မြေ ဖာပွန်-ကတိုင်တိဒေသတွင်လည်း စစ်ကောင်စီနှင့် ကေအဲန်ယူလက်အောက်ခံတပ်များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဖော်ပြထားပါတယ်။
#မြဝတီတိုက်ပွဲ#ဖလူး#KNLA#ကရင်ပြည်နယ်#မြန်မာသတင်း

သထုံမြို့နယ်တွင် KNLA နှင့် စစ်တပ် နှစ်ကြိမ်တိုက်ပွဲဖြစ်ပြီး စစ်တပ်ဖက်မှ ၅ ဦး သေဆုံး

ဇူလိုင် ၂၂
The Kaladan Post
ကေအဲန်ယူ ထိန်းချုပ်နယ်မြေ သထုံမြို့နယ်အတွင်း ဇူလိုင် ၅ ရက်နှင့် ၆ ရက်တို့တွင် KNLA ပူးပေါင်း တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ နှစ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၅ ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
KNLA ပူးပေါင်းတပ်ဖွဲ့ဘက်တွင် ထိခိုက်ကျဆုံးမှုမရှိခဲ့ကြောင်း ဖော်ပြထားပြီး စစ်ကောင်စီတပ်သည် တိုက်ပွဲအပြီး အရပ်သားများ၏ ကုန်ပစ္စည်းများနှင့် ယာဉ်များကို အတင်းအဓမ္မ သိမ်းယူခဲ့ကြောင်း သိရပါတယ်။
ထို့ပြင် ကုန်တင်ယာဉ် ၂ စီးနှင့် ကုန်ပစ္စည်းအချို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ ၆ ဦး၏ နေအိမ် ၆ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေသခံတစ်ဦး၏ ကုန်စုံဆိုင်မှ ပစ္စည်းများကို ယူဆောင်သွားခဲ့သည့် အပြင် အရပ်သား ၂ ဦးကို ဖမ်းဆီးကာ ရိုက်နှက်ညှဉ်းပန်းခဲ့ပြီး လက်ရှိအချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရပါတယ်။
စစ်ကြောင်းထိုးလှုပ်ရှားမှုများနှင့် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်နှင့် ပိုင်ဆိုင်မှုများ ထိခိုက်ဆုံးရှုံးခဲ့ရပြီး လုံခြုံရေးအခြေအနေမှာလည်း ဆက်လက်စိုးရိမ်ဖွယ်ရှိနေကြောင်း ဖော်ပြထားပါတယ်။
ဒေသတွင်းတွင် စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်နေသဖြင့် အရပ်သားများ၏ လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များလည်း ပိုမိုမြင့်တက်လာနေကြောင်း သိရပါတယ်။
#KNU#KNLA#သထုံမြို့နယ်#ကရင်ပြည်နယ်#မြန်မာသတင်း

မြိုင်မြို့နယ်တွင် စစ်တပ်က အရပ်သား ၂၄ ဦး သတ်ဖြတ်ဟု ဒေသခံများ ပြောဆို

ဇူလိုင် ၂၂
The Kaladan Post
မကွေးတိုင်း မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့တွင် ဇွန်လနှောင်းပိုင်းမှ ဇူလိုင်လအတွင်း စစ်ကြောင်းထိုး ဝင်ရောက်မှုများအတွင်း အရပ်သားပြည်သူ ၂၄ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောဆိုထားကြပါတယ်။
စစ်ကြောင်းဝင်ရောက်ခဲ့သည့် ကျေးရွာများတွင် အသက်ကြီးသူများ၊ စိတ်ကျန်းမာရေးမကောင်းသူများ အပါအဝင် ဒေသခံများ သတ်ဖြတ်ခံရပြီး အချို့ရုပ်အလောင်းများကို မီးရှို့ဖျက်ဆီးကာ ဖျောက်ဖျက် ထားသည်ဟု ပြောဆိုထားပါတယ်။
ထို့ပြင် ကိုင်းရိုးနှင့် သံချောင်းကျေးရွာတို့ရှိ ဒေသခံနေအိမ် ၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ကွန်လပ်၊ ဘောဓုံနှင့် သံချောင်းကျေးရွာများမှ အရပ်သား ၈ ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောဆိုထားပါတယ်။
လက်ရှိတွင် စစ်ကောင်စီတပ်များသည် သင်းမကျေးရွာနှင့် အနီးဝန်းကျင်တွင် ဆက်လက်လှုပ်ရှားနေပြီး ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများအပြင် ကျေးရွာအတွင်း မီးရှို့ဖျက်ဆီးမှုများလည်း ဖြစ်ပွားနေ ကြောင်း သိရပါတယ်။
အဆိုပါစစ်ကြောင်းသည် Mi-17 ရဟတ်ယာဉ်များဖြင့် စစ်အင်အားထပ်မံဖြည့်တင်းခဲ့ပြီး Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နှင့် Y-12 လေယာဉ်တို့ဖြင့် လေကြောင်းလှုပ်ရှားမှုများလည်း ဆက်လက်ပြုလုပ်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ဖော်ပြထားပါတယ်။
စစ်ကြောင်း၏ ရှေ့ဆက်ဦးတည်ရာကို မသိရှိရသေးသဖြင့် သင်းမကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံများကို လုံခြုံရေးသတိဖြင့် နေထိုင်ကြရန် ဒေသခံအဖွဲ့များက အသိပေးထားပါတယ်။
#မြိုင်မြို့နယ်#မကွေးတိုင်း#စစ်ကြောင်းထိုး#လေကြောင်းတိုက်ခိုက်မှု#မြန်မာသတင်း

အင်းစိန်မြို့မရဲစခန်းကို Yangon Army တိုက်ခိုက်၊ မြို့ပြစစ်ဆင်ရေးများ ပြန်လည်စတင်မည်ဟုဆို

ဇူလိုင် ၂၂
The Kaladan Post
ရန်ကုန်တိုင်း အင်းစိန်မြို့နယ်ရှိ အင်းစိန်မြို့မရဲစခန်းရှေ့ ဂိတ်ကင်းကို Yangon Army (YA) က ဇူလိုင် ၂၁ ရက် ညပိုင်းတွင် ပြင်းအားမြင့်မိုင်းတပ်ဆင်ထားသော လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
Yangon Army (YA) ၏ ပြောကြားချက်အရ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ဂိတ်ကင်းရှိ လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်လဲကျခဲ့သည်ကို တွေ့မြင်ခဲ့ရပြီး မိုးသည်းထန်မှုကြောင့် နောက်ဆက်တွဲ အခြေအနေကို အတည်မပြုနိုင်သေးကြောင်း ဆိုထားပါတယ်။ယင်းတိုက်ခိုက်မှုအပြီး YA တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။
Yangon Army (YA) သည် ယခင်က တပ်ဖွဲ့ဝင်တစ်ဦး ဖမ်းဆီးနှိပ်စက်ခံရပြီး ကျဆုံးခဲ့သည့်နောက် မြို့ပြစစ်ဆင်ရေးများကို ယာယီရပ်နားခဲ့သော်လည်း ယခုအခါ ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။
ထို့ပြင် စစ်ကောင်စီနှင့် ဆက်နွယ်သူများနှင့် ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ပေါက်လာသည့် အုပ်ချုပ်ရေး အဖွဲ့များကို ဆက်လက်ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Yangon Army (YA) က ထုတ်ပြန်ပြောဆိုထားပါတယ်။
#YangonArmy#အင်းစိန်#ရန်ကုန်#မြို့ပြစစ်ဆင်ရေး#မြန်မာသတင်း

 


ကလေးမြို့တွင် လူငယ်များကို အဓမ္မစစ်မှုထမ်းဖမ်းဆီးမှု အရှိန်မြှင့်လုပ်ဆောင်နေ

ဇူလိုင် ၂၂
The Kaladan Post
စစ်ကိုင်းတိုင်း ကလေးမြို့တွင် စစ်ကောင်စီတပ်နှင့် ၎င်း၏လက်အောက်ခံအဖွဲ့များက လူငယ်များကို အဓမ္မစစ်မှုထမ်းစေရန် မြို့ပေါ်ရပ်ကွက်များ၊ စစ်ဆေးရေးဂိတ်များနှင့် နေအိမ်များအထိ ဝင်ရောက် ဖမ်းဆီးမှုများ အရှိန်မြှင့်လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောဆိုထားပါတယ်။
စစ်တပ်က စစ်ဆေးရေးဂိတ်တစ်ခုတွင် အရပ်ဝတ်ဖြင့် သွားလာနေသည့် ပျူစောထီးအဖွဲ့ဝင်တစ်ဦးနှင့် ၎င်း၏အစ်ကိုကိုပါ စစ်မှုထမ်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ အဖွဲ့ဝင်များသည် အရပ်ဝတ်များနှင့် အိမ်စီးကားများအသုံးပြုကာ မြို့အနှံ့ လှည့်လည်ပြီး လူငယ်များကို တွေ့ရှိသည်နှင့် အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်နေကြောင်းလည်း ဖော်ပြထားပါတယ်။
ထို့ပြင် ဇူလိုင်လ ၂၁ ရက်နေ့တွင်လည်း ကလေးမြို့ တာဟန်းရပ်ကွက်အနီး နေအိမ်များအတွင်း ဝင်ရောက်စီးနင်းကာ လူငယ်များကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူများကို ယာယီထိန်းသိမ်းပြီးနောက် စုပေါင်းရုံသို့ ပို့ဆောင်နေကြောင်း သိရပါတယ်။
လက်ရှိအခြေအနေကြောင့် ကလေးမြို့ရှိ လူငယ်အများစုမှာ နေအိမ်များတွင် မနေရဲတော့ဘဲ ဘေးလွတ်ရာနေရာများသို့ တိမ်းရှောင်နေရပြီး အဓမ္မစစ်မှုထမ်းဖမ်းဆီးခံရမည့် အန္တရာယ်ကို နေ့စဉ်ရင်ဆိုင်နေကြရကြောင်း ဒေသခံများက ဆိုပါတယ်။
#ကလေးမြို့#စစ်မှုထမ်းအဓမ္မဖမ်းဆီးမှု#စစ်ကိုင်းတိုင်း#လူငယ်များ#မြန်မာသတင်း

တောင်ငူတွင် PDF အဖွဲ့ဝင် ၁၉ ဦး လက်နက်များနှင့်အတူ အလင်းဝင်ဟု စစ်တပ် ထုတ်ပြန်

ဇူလိုင် ၂၂
The Kaladan Post
ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PDF အဖွဲ့ဝင် အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၁၉ ဦးက လက်နက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာကြောင်း စစ်တပ်က ထုတ်ပြန်ထားပါတယ်။
အခမ်းအနားအတွင်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက အလင်းဝင်ရောက်လာသူများကို ကြိုဆို ခဲ့ပြီး အခြားလက်နက်ကိုင်အဖွဲ့ဝင်များကိုလည်း ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန် တိုက်တွန်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
အလင်းဝင်ရောက်လာသူများက သေနတ် ၃ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ အီဂါနာဗုံးသီး ၁ လုံးနှင့် ခဲယမ်းပစ္စည်းများကို အပ်နှံခဲ့ပြီး တာဝန်ရှိသူများက ဆုကြေးငွေနှင့် အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
#တောင်ငူ#PDF#ပဲခူးတိုင်း#မြန်မာသတင်း#အလင်းဝင်ရောက်မှု

PDF များသည် ပညာရေးအားနည်းသူများဖြစ်ကြသည်ဟု မင်းအောင်လှိုင် ပြောဆို

ဇူလိုင် ၂၂
The Kaladan Post
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ရန်ကုန်နှင့် ပဲခူးတိုင်းမှ တာဝန်ရှိသူများ၊ Non-CDM ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ယမန်နေ့ ဇူလိုင် ၂၁ ရက်က တွေ့ဆုံစဉ် တော်လှန်ရေးအင်အားစုများ၏ လက်နက်ကိုင်ခုခံမှုသည် ဒေသနှင့် ပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေသည်ဟု စွပ်စွဲ ပြောဆိုခဲ့ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
ထို့ပြင် နိုင်ငံရေးပြဿနာများကို ဒီမိုကရေစီနည်းလမ်းဖြင့် ဖြေရှင်းမည်ဟု ပြောဆိုခဲ့ပြီး ပညာရေး အားနည်းသူများသည် PDF အဖြစ် ရောက်ရှိနေကြောင်းလည်း ထပ်မံစွပ်စွဲပြောကြားခဲ့ပါတယ်။
သို့သော် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် အရပ်သားအစိုးရကို ဖြုတ်ချခဲ့ပြီး တော်လှန်ရေးအားကောင်းသည့် ဒေသများတွင် စစ်ကြောင်းထိုးခြင်း၊ မီးရှို့ဖျက်ဆီးခြင်းနှင့် လေကြောင်း တိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရပါတယ်။
ထို့အပြင် ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံ၊ ဆေးခန်းနှင့် စာသင်ကျောင်းများ ထိခိုက်ပျက်စီး ခဲ့သည့် ဖြစ်စဉ်များလည်း ဆက်လက်ဖြစ်ပေါ်နေပါတယ်။
လက်ရှိတွင် နိုင်ငံရေးနှင့် စစ်ရေးအခြေအနေများ ဆက်လက်တင်းမာနေပြီး အရပ်သားပြည်သူများ၏ လုံခြုံရေး၊ လူမှုဘဝနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများအပေါ် သက်ရောက် မှုများ ဆက်လက်မြင့်တက်နေကြောင်း သုံးသပ်မှုများ ထွက်ပေါ်နေပါတယ်။

#စစ်ကောင်စီ#မင်းအောင်လှိုင်#စစ်မှုထမ်းဥပဒေ#MyanmarNews#MyanmarCrisis