ဒေါ်အောင်ဆန်းစုကြည် (၈၁) နှစ်ပြည့်မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်

 

ဇွန် ၁၇

The Kaladan Post

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ ဒေသခံပြည်သူများ၊ CDM ဝန်ထမ်းများနှင့် သပိတ်အင်အားစု များက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၁) နှစ်ပြည့် မွေးနေ့အကြိုအဖြစ် ဇွန်လ ၁၆ ရက်နေ့တွင် “နှင်းဆီလှုပ်ရှားမှု” များကို ဒေသအသီးသီး၌ ပြုလုပ်ခဲ့ကြသည်။ ဒီပဲယင်း မြို့နယ်တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီက ဦးဆောင်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးနှင့် အဓမ္မစစ်မှုထမ်းဥပဒေ ဖျက်သိမ်းရေး စသည့် လူထုသတင်း စကားများကို ထုတ်ဖော်တောင်းဆိုခဲ့ကြသည်။

ယင်းမာပင်၊ ဆားလင်းကြီး၊ လက်ပံတောင်းတောင်နှင့် ကနီမြို့နယ်များတွင်လည်း သပိတ်ကော်မတီ များနှင့် ဒေသခံအင်အားစုများ ပူးပေါင်းကာ ကဗျာရွတ်ပွဲများ၊ လက်ကမ်းစာစောင် ဖြန့်ဝေမှုများနှင့် နှင်းဆီလှုပ်ရှားမှုဆိုင်ရာ အသိပညာပေးအစီအစဉ်များကို ဆောင်ရွက်ခဲ့ကြသည်။ ဒေသအသီးသီးရှိ လူထုများအနေဖြင့် ဇွန်လ ၁၉ ရက်နေ့တွင် ကျင်းပမည့် တစ်နိုင်ငံလုံးဆိုင်ရာ နှင်းဆီလှုပ်ရှားမှုတွင် ပိုမိုကျယ်ပြန့်စွာ ပါဝင်လာနိုင်ရေးအတွက် နှိုးဆော်စည်းရုံးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်း ရေစကြိုမြို့နယ်တွင်လည်း ရွှေဗန့်ဂျီသပိတ်အင်အားစုက ဦးဆောင်၍ ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး နှင်းဆီလှုပ်ရှားမှုတွင် ပါဝင်လိုသူများအနေဖြင့် ပန်းများပန်ဆင်ခြင်း၊ ဘုရားတင်ခြင်း၊ အချင်းချင်းမျှဝေခြင်းနှင့် လူမှုကွန်ရက်များတွင် ဓာတ်ပုံများ မျှဝေခြင်းတို့ဖြင့် ဒေသအလိုက် လုံခြုံရေးအခြေအနေများကို သတိပြုကာ ပါဝင်ဆောင်ရွက်ကြရန် တော်လှန်ရေးအင်အားစုများက အသိပေးထားသည်။

#ဒေါ်အောင်ဆန်းစုကြည်#နှင်းဆီလှုပ်ရှားမှု#၈၁နှစ်ပြည့်မွေးနေ့#စစ်ကိုင်းတိုင်း#မကွေးတိုင်း

ရှီကျင့်ဖျင် မင်းအောင်လှိုင်တွေ့ဆုံခြင်းသည် ၎င်း၏အကျိုးစီးပွား ကာကွယ်ရန်သာဖြစ်ဟု ဆို

 

ဇွန် ၁၇

The Kaladan Post

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့၏ ဘေဂျင်းတွေ့ဆုံမှုကို  စစ်ကောင်စီ ဘက်က သံတမန်ရေးရာ အောင်မြင်မှုအဖြစ် ဖော်ပြနေသော်လည်း၊ ယင်းခရီးစဉ်သည် တရုတ်၏ မဟာဗျူဟာအကျိုးစီးပွားများကို ကာကွယ်ထိန်းသိမ်းရန် ရည်ရွယ်သည့် လက်တွေ့ကျမူဝါဒ (Realist Position) ၏ အစိတ်အပိုင်းတစ်ခုသာဖြစ်သည်ဟု PDF Insight က သုံးသပ်ပြောဆိုထားသည်။ တရုတ်အနေဖြင့် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းများ၏ လုံခြုံရေးနှင့် နယ်စပ်တည်ငြိမ်ရေးတို့ကို အဓိကဦးစားပေးထားပြီး ယင်း အကျိုးစီးပွားများကို အာမခံပေးနိုင်သည့် အင်အားစုနှင့် ဆက်ဆံနေခြင်းသာဖြစ်သည်ဟု ဆိုသည်။

ဘေဂျင်းတွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခြင်းနှင့် အဆင့်မြင့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခြင်းတို့ကို စစ်ကောင်စီက နိုင်ငံတကာတရားဝင်မှု ရရှိသည့် သင်္ကေတအဖြစ် ဖော်ပြနေသော်လည်း ယင်းသည် တရုတ်၏ သံတမန်ရေးရာ အကျိုးစီးပွားသာ ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများက နယ်မြေအများအပြားကို ထိန်းချုပ်လာနိုင်ခဲ့ပြီး စစ်ကောင်စီအနေဖြင့် တရုတ်၏ အကျိုးစီးပွားများဖြစ် သည့် နယ်စပ်တည်ငြိမ်ရေးနှင့် အခြေခံအဆောက်အအုံများ၏ လုံခြုံရေးကို အပြည့်အဝ အာမခံပေးနိုင် သည့် အနေအထား မရှိတော့ကြောင်း ဖော်ပြထားသည်။ မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်ကို စစ်တပ် က အောင်မြင်မှုအဖြစ် ဝါဒဖြန့်နိုင်သော်လည်း တရုတ်ကမူ လူပုဂ္ဂိုလ်တစ်ဦးကို ထောက်ခံခြင်းထက် ၎င်းတို့၏ မဟာဗျူဟာအကျိုးစီးပွားများကိုသာ ဦးစားပေး ကြည့်ရှုနေခြင်းဖြစ်ကြောင်း PDF Insight သုံးသပ်ပြောဆိုသည်။မင်းအောင်လှိုင်ဘက်မှလည်း အိန္ဒိယနှင့် တရုတ်နှစ်နိုင်ငံစလုံးနှင့် ဆက်ဆံရေး တည်ဆောက်ခြင်းဖြင့် နိုင်ငံရေးအရ အသိအမှတ်ပြုမှု ရရှိရန် ကြိုးပမ်းနေကြောင်း ဖော်ပြထားသည်။

#မင်းအောင်လှိုင်#တရုတ်ခရီးစဉ်#ရှီကျင့်ဖျင်#တရုတ်မြန်မာဆက်ဆံရေး#နိုင်ငံရေးသုံးသပ်ချက်

မုံရွာစက်မှုဇုန်ရှိ စစ်တပ်တပ်စွဲရာနေရာနှင့် စစ်ကူယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦး သေဆုံး

 

ဇွန် ၁၇

The Kaladan Post

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်အတွင်းရှိ တောရွာကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဇွန်လ ၁၅ ရက် ညနေပိုင်းတွင် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုသည် စစ်ကောင်စီတပ် ၏ မြို့တွင်းလှုပ်ရှားမှုများကို တုံ့ပြန်သည့် စစ်ဆင်ရေးတစ်ခုဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကူပေးရန် ထွက်ခွာလာသော အိမ်စီးကား ၁၃ စီးပါ ယာဉ်တန်းကို လည်း တော်လှန်ရေးအင်အားစုများက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ထပ်မံသေဆုံးခဲ့ပြီး ကား ၂ စီး ပျက်စီးသွားခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုအတွင်း ၇၉ မမ လက်နက်များနှင့် မိုင်းများ အသုံး ပြုခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ပျက်စီးမှုများပြားခဲ့ကြောင်း တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောကြားထားသည်။

ယင်းစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မုံရွာခရိုင်အတွင်းရှိ တပ်ရင်းများ၊ ပြည်သူ့လွတ်မြောက်တပ်မတော် (PLA)၊ Royal God People Defense Force နှင့် ဒေသခံ ပကဖ တိုက်ခိုက်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးပြီးဆုံးချိန်တွင် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မုံရွာ#စစ်ကိုင်းတိုင်း#PDF#PLA#တော်လှန်ရေးသတင်း#စစ်ကောင်စီ#မြန်မာသတင်း

ဝက်လက်မြို့နယ်ရှိ ကျေးရွာနှစ်ရွာကို အသေခံဒရုန်းဖြင့် တိုက်ခိုက်ခံရ၊ အမျိုးသမီးတစ်ဦးသေဆုံးပြီး

 

ဇွန် ၁၇

The Kaladan Post

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်းရှိ ဝက်လူးအိုင်နှင့် သာလိုင်းရွာသစ်ကျေးရွာတို့ကို ဇွန်လ ၁၆ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့မှ လွှတ်တင်သည့် အသေခံဒရုန်းများဖြင့် တိုက်ခိုက် ခဲ့ရာ အရပ်သားထိခိုက်သေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အသေခံဒရုန်း ၅ စင်းအနက် ၂ စင်းသည် ဝက်လူးအိုင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၅၅ နှစ်အရွယ် ဒေါ်ဘုတ်ဆုံ သေဆုံးခဲ့သည်။ ထို့ပြင် ၎င်း၏သားဖြစ်သူ အသက် ၂၄ နှစ်အရွယ် ကိုသားပြည့်နှင့် သမီးဖြစ်သူ အသက် ၁၈ နှစ်အရွယ် မချောချောတို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြ ကြောင်း သိရသည်။

အခြားဒရုန်း ၂ စင်းမှာ သာလိုင်းရွာသစ်ကျေးရွာရှိ နွားစာတဲတင်းကုပ်ပေါ် ကျရောက်ပေါက်ကွဲခဲ့သဖြင့် တင်းကုပ်မီးလောင်ပျက်စီးသွားခဲ့သော်လည်း လူထိခိုက်မှု မရှိကြောင်း သိရသည်။ ဒေသခံများ၏ ပြောကြားချက်အရ ယင်းကျေးရွာနှစ်ရွာသည် အနီးကပ်တည်ရှိပြီး မကြာခဏ စစ်ရေးဖိအားများနှင့် ရင်ဆိုင်နေရကြောင်း ဆိုသည်။

လက်ရှိတွင် ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့များက အသေခံဒရုန်းများ နှင့် လက်နက်ကြီးများ အသုံးပြု၍ ပိုမိုတိုက်ခိုက်လာနေကြောင်း ဒေသခံများက ပြောကြားထားသည်။

#ဝက်လက်မြို့နယ်#ရွှေဘိုခရိုင်#စစ်ကိုင်းတိုင်း#အသေခံဒရုန်း#အရပ်သားထိခိုက်မှု#စစ်ကောင်စီ

 

ကလေးမြို့တွင်း စစ်ဆင်ရေးများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံး၊ ၃ ဦး အရှင်ဖမ်းမိ

 

ဇွန် ၁၇

The Kaladan Post

စစ်ကိုင်းတိုင်း၊ ကလေးမြို့အတွင်းရှိ စစ်ကောင်စီတပ်စွဲထားသော နေရာများနှင့် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များကို Kalay UG တပ်ဖွဲ့က မေလ ၁၂ ရက်မှ စတင်၍ မိုင်းခွဲတိုက်ခိုက်ခြင်းနှင့် ပြောက်ကျားစစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးများအတွင်း စစ်ကောင်စီဘက်မှ ဒုအရာခံဗိုလ် ၁ ဦးနှင့် တပ်ကြပ် ၁ ဦးအပါအဝင် စုစုပေါင်း ၇ ဦး သေဆုံးခဲ့ပြီး ၃ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း Kalay UG တပ်ဖွဲ့၏ သတင်းနှင့် ဆက်သွယ်ရေးတာဝန်ခံက ပြောကြားသည်။ ထို့ပြင် ခဲယမ်းနှင့် လက်ပစ်ဗုံးအချို့ကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

Kalay UG တပ်ဖွဲ့က ကလေးမြို့ မြောက်ပိုင်းတွင် စစ်ကောင်စီက စစ်ကြောင်းထိုးနေစဉ်အတွင်း မြို့တွင်းစစ်ဆင်ရေးများကို တိုးမြှင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ထို့အပြင် လာမည့်ကာလ များတွင်လည်း မြို့တွင်းစစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူများအနေ ဖြင့် စစ်ယာဉ်တန်းများနှင့် စစ်ဆေးရေးဂိတ်များအနီး သွားလာရာတွင် အထူးသတိပြုကြရန် တိုက်တွန်းထားသည်။

#ကလေးမြို့#စစ်ကိုင်းတိုင်း#KalayUG#မြို့တွင်းစစ်ဆင်ရေး#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ဆိပ်ဖြူမြို့အဝင် စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား ၁၀ ဦးသေဆုံး

 

ဇွန် ၁၇

The Kaladan Post

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် ဇွန်လ ၁၆ ရက် ညနေပိုင်းက စစ်တပ် လိုက်ပါလာသည့် ယာဉ် ၂ စီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မြို့အဝင် နပဲပင်ဖုတ်တက်အနီး၌ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ခိုက်ခံရသည့် ယာဉ်များမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့် လိုက်ပါလာသည့် ၆ ဘီးယာဉ်တစ်စီး နှင့် ဗိုလ်ကြီးတစ်ဦး စီးနင်းလာသည့် အိမ်စီးကားတစ်စီးဖြစ်ပြီး၊ တိုက်ခိုက်မှုအတွင်း ယာဉ် ၂ စီးစလုံး ပျက်စီးသွားခဲ့သည့်အပြင် စစ်ကောင်စီဘက်မှ MA-1 သေနတ် ၅ လက်၊ MA-2 သေနတ် ၁ လက်၊ MA-3 သေနတ် ၁ လက်၊ MA-5 ပစ္စတို ၁ လက်၊ ကျည်အိမ် ၁၈ ခု၊ ၅.၅၆ ကျည် ၂၄၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ငွေသားနှင့် အခြားပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်။

စစ်ဆင်ရေးကို ဆိပ်ဖြူမြောက်ပိုင်း (NSP) ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပခုက္ကူခရိုင်တပ်ရင်း များနှင့် မဟာမိတ်တော်လှန်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အလားတူ ဇွန်လ ၁၅ ရက် နံနက်ပိုင်းက တောင်တွင်းကြီး-အောင်လံ လမ်းပိုင်းတွင်လည်း စစ်ကောင်စီ အရာရှိများ လိုက်ပါလာသည့် ယာဉ်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက် ခဲ့ရာ ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်တပ်ဖွဲ့ဝင် ၂ သေဆုံးခဲ့ပြီး G3၊ MA-3 နှင့် MA-5 ပစ္စတိုတို့အပါအဝင် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက The Kaladan Post သို့ ပြောဆိုသည်။ ထိုဖြစ်စဉ်အတွင်း စစ်တပ်ဘက်မှ အရာရှိတစ်ဦး ပြင်းထန် ဘဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ (တောင်တွင်းကြီး ) သရက်ခရိုင် အမှတ်-၅တပ်ရင်း (ဆင်ပေါင်ဝဲမြို့နယ် ) ရိုးမဖိုက်တာစစ်ကြောင်း မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် မကွေး-တောင်တွင်းကြီး အထူးပျောက်ကြားတပ်ဖွဲ့ တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

#နှင်းဆီနီစစ်ဆင်ရေး#ဒေါ်အောင်ဆန်းစုကြည်#ဆိပ်ဖြူမြို့နယ်#တောင်တွင်းကြီး#ပုဏ္ဏဝတီPDF

ဖမ်းဆီးခံထားသူ ISP-Myanmar အမှုဆောင်ဒါရိုက်တာအား ချက်ချင်းလွှတ်ပေးရန် တောင်းဆို

 

ဇွန် ၁၇

The Kaladan Post

မြန်မာ့အရေးကို အဓိက လေ့လာသုတေသနပြုနေသည့် ISP-Myanmar ၏ အမှုဆောင်ဒါရိုက်တာ ဦး မင်းဇင်အား တရုတ်နိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းထားခြင်းအပေါ် အထူးစိုးရိမ်ပူပန်ကြောင်း ISP-Myanmar က ဇွန်လ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့ပြီး၊ ၎င်းအား ချက်ချင်းနှင့် ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုထားသည်။ ဦးမင်းဇင်သည် တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပသည့် ပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခု တက်ရောက်ရန် သွားရောက်စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ISP-Myanmar က မိမိတို့အဖွဲ့အစည်းအပေါ် ထွက်ပေါ်နေသည့် စွပ်စွဲချက်များကို ပြတ်ပြတ်သားသား ငြင်းဆိုထားပြီး၊ အဖွဲ့အစည်းသည် မည်သည့်နိုင်ငံရေးပါတီနှင့်မျှ မသက်ဆိုင်သည့် လွတ်လပ်သော သုတေသနအဖွဲ့ (Think Tank) တစ်ခုဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ထို့ပြင် ပညာရပ်ဆိုင်ရာ သုတေသနအဖွဲ့အစည်းများအနေဖြင့် ဖိအားပေးမှုနှင့် ခြိမ်းခြောက်မှုများကင်းစွာ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရှိရန် လိုအပ်ကြောင်းလည်း အလေးပေး ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးမင်းဇင်ကို “သူလျှိုလုပ်မှု” နှင့် “အမျိုးသားလုံခြုံရေး ထိခိုက်စေမှု” သံသယများဖြင့် ဖမ်းဆီးထားကြောင်း အတည်ပြုထားသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လကလည်း အမေရိကန်နိုင်ငံသားတစ်ဦး ဖမ်းဆီးခံရသည့် သတင်းကို သိရှိထားကြောင်း ပြောကြား ထားပြီး လိုအပ်သည့် သံတမန်ရေးရာ အကူအညီများ ပေးနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

#ဦးမင်းဇင်#ISPMyanmar#တရုတ်နိုင်ငံ#ကူမင်းမြို့#မြန်မာ့အရေး#လူ့အခွင့်အရေး

ရွှေကူမြို့နယ်အတွင်း စစ်တပ်က KIA/PDF ဝတ်စုံအသုံးပြု၍ သတင်းရယူနေဟု KPDF သတိပေး

 

ဇွန် ၁၇

The Kaladan Post

ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် KIA/ K-PDF ဝတ်စုံများ ဝတ်ဆင်ကာ သတင်းရယူခြင်းနှင့် ပုံမှားရိုက်ခြင်းများ ပြုလုပ်နေကြောင်း ရွှေကူ K-PDF က သတိပေးထုတ်ပြန်ထားသည်။ ထို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် သွားလာနေထိုင်ရာ တွင် အထူးသတိထားကြရန်နှင့် စစ်ကောင်စီတပ်ဖွဲ့များကို ရှောင်ရှားကြရန် တိုက်တွန်းထားသည်။

ထို့အပြင် ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်မှ ရွှေကူမြို့ဘက် သို့ ဦးတည်လာသည့် စစ်ယာဉ်တန်းနှင့် ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ထွက်ခွာလာသည့် စစ်ယာဉ်တန်း များကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများရှိပြီး ယာဉ်အချို့လည်း ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်ဘက်မှ အကျအဆုံးများခဲ့သဖြင့် မွန်းလွဲပိုင်းတွင် ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ငအိုးသုံးခွဒေသနှင့် ရွှေကူအထက် လေးလမ်းဆုံအနီးတဝိုက်ကို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ့နေအိမ်များ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ဒေသတွင်း စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်နေကြောင်း သိရသည်။

#ရွှေကူ#မဘိမ်း#KIA#PDF#စစ်ရေးသတင်း#ကချင်ပြည်နယ်#မြန်မာ့အရေး

သိုင်းငင်းကျေးရွာရှိ စစ်တပ်မှ တပ်ကြပ်ကြီးနှင့် ဒုတပ်ကြပ်ကြီးအပါအဝင် ၄ ဦး အလင်းဝင်

 

ဇွန် ၁၇

The Kaladan Post

ချင်းပြည်နယ်အတွင်း CDF CDM Siyin ထိန်းချုပ်နယ်မြေဖြစ်သည့် ကလေး-တီးတိန်-ဟားခါး လမ်းခွဲရှိ သိုင်းငင်းကျေးရွာတွင် အခြေစိုက်ထားသော စစ်ကောင်စီ တပ်မ (၇၇) လက်အောက်ခံ တပ်ရင်း (၁၀၁) မှ တပ်ကြပ်ကြီးနှင့် ဒုတပ်ကြပ်ကြီးအပါအဝင် တပ်ဖွဲ့ဝင် ၄ ဦးသည် ဇွန်လ ၁၇ ရက်နေ့တွင် CDF CDM Siyin ထံသို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိ စစ်ရေးတင်းမာနေသည့် ဒေသအတွင်းမှ ထွက်ခွာလာ ပြီး CDF CDM Siyin ထံ ခိုလှုံခဲ့ခြင်းဖြစ်ကာ၊ ၎င်းတို့နှင့်အတူ လက်နက်နှင့် စစ်အသုံးအဆောင်ပစ္စည်း အချို့ကိုလည်း ယူဆောင်လာခဲ့ကြောင်း တပ်ဖွဲ့က အသိပေးထားသည်။ ယခုဖြစ်စဉ်သည် စစ်ကောင်စီ တပ်အတွင်း စိတ်ဓာတ်ကျဆင်းမှုနှင့် အလင်းဝင်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း ဖော်ပြနေသည့် ဖြစ်ရပ်တစ်ခုအဖြစ် သုံးသပ်ခံနေရသည်။

CDF CDM Siyin ဘက်မှ အလင်းဝင်လာသူ ၄ ဦးအား လုံခြုံရေးအာမခံချက်များပေးကာ ဆုငွေများနှင့် အတူ နွေးထွေးစွာ ကြိုဆိုခဲ့ကြောင်း သိရသည်။ ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ ဘက်သို့ ရပ်တည်လိုပါက အချိန်မရွေး အလင်းဝင်နိုင်ကြောင်းနှင့် လုံခြုံရေးဆိုင်ရာ အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ဆက်လက်တိုက်တွန်းထားသည်။

#CDFCDMSiyin#အလင်းဝင်မှု#ချင်းပြည်နယ်#သိုင်းငင်းကျေးရွာ#စစ်ကောင်စီ