မင်းတပ်တွင် လေကြောင်းဗုံးကြဲမှုကြောင့် ကလေးငယ် ၃ ဦး သေဆုံး
ဇွန် ၃၀
The Kaladan Post
စစ်ကောင်စီသည် ယမန်နေ့ ဇွန်လ ၂၉ ရက်နေ့က ချင်းပြည်နယ် မင်းတပ်မြို့အနီးရှိ ကျေးရွာတစ်ရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ ရာ အသက် ၇ နှစ်မှ ၁၀ နှစ်အရွယ် မိန်းကလေး ကလေးငယ် ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အခြားဒေသခံအချို့လည်း ထိခိုက်မှုရှိခဲ့ပြီး နောက်ဆက်တွဲအခြေအနေ များကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
ထို့ပြင် ယင်းနေ့ ညနေပိုင်းတွင်လည်း မင်းတပ်မြို့ အရှေ့ဘက်ခြမ်းကို Y-12 လေယာဉ်ဖြင့် ဗုံးအလုံး ၃၀ ကျော် ထပ်မံကြဲချတိုက်ခိုက်ခဲ့ကြောင်း ပြောဆိုထားပါတယ်။
ဒေသခံများ၏ အဆိုအရ ဇွန်လ ၂၃ ရက်မှ ၂၉ ရက်အထိ မင်းတပ်မြို့နယ်အတွင်းသို့ လေကြောင်း တိုက်ခိုက်မှု အကြိမ်ရေ ၁၀၀ ကျော်နှင့် ဗုံးအလုံးရေ ၃၅၀ ကျော် ကြဲချခဲ့ကြောင်း သိရပါတယ်။
အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အမြင့်ကျေးရွာအနီး ချင်းတွင်းမြစ်ဘေးကိုလည်း ဇွန်လ ၂၉ ရက်နေ့တွင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တက်လာသော Gyrocopter ၃ စီးဖြင့် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
#မင်းတပ်#လေကြောင်းတိုက်ခိုက်မှု#ချင်းပြည်နယ်#ပုလဲမြို့နယ်#MyanmarNewsUpdate

ရေတာရှည်မြို့နယ်ရှိ ကျေးရွာ ၂ ရွာတွင် နေအိမ် ၇၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီး
ဇွန် ၃၀
The Kaladan Post
ပဲခူးတိုင်း ရေတာရှည်မြို့နယ်အတွင်းသို့ ဝင်ရောက်လာသည့် စစ်တပ် စစ်ကြောင်းသည် ပိတောက်ကုန်း နှင့် ကျွန်းကုန်းကျေးရွာများကို စီးနင်းဝင်ရောက်ကာ နေအိမ်စုစုပေါင်း ၇၀ ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြောဆိုထားပါတယ်။
မီးရှို့ဖျက်ဆီးမှုများအပြင် နေအိမ်များအတွင်းရှိ တန်ဖိုးကြီးပစ္စည်းများကိုလည်း ယူဆောင်သွားခဲ့ ကြောင်း Battalion 807 – Nay Pyi Taw PDF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုထားပါတယ်။
ထို့ပြင် စစ်ကြောင်းဝင်ရောက်မှုကြောင့် ကျေးရွာ ၁၀ ရွာမှ ဒေသခံပြည်သူ ၂,၀၀၀ ခန့်မှာ ဘေးလွတ်ရာ သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရပါတယ်။
လက်ရှိအချိန်အထိ စစ်ကောင်စီတပ် စစ်ကြောင်းသည် ကျွန်းကုန်းကျေးရွာအတွင်း ဆက်လက်တပ်စွဲ ထားဆဲဖြစ်ပြီး ဒေသခံများ နေရပ်သို့ ပြန်လည်မဝင်ရောက်နိုင်သေးကြောင်း သိရပါတယ်။
#ရေတာရှည်#ပဲခူးတိုင်း#စစ်ကြောင်းစီးနင်းမှု#စစ်ဘေးရှောင်ပြည်သူများ#MyanmarConflictUpdates

တော်လှန်ရေးအဖွဲ့များကြား ပဋိပက္ခများအပေါ် NUCC နှင့် NUG ဆွေးနွေး
ဇွန် ၃၀
The Kaladan Post
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ သည် တော်လှန်ရေးအဖွဲ့အစည်းများကြား မြေပြင်ပဋိပက္ခများနှင့် ပတ်သက်၍ ဇွန်လ ၂၈ ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးခဲ့ကြောင်း ပြောဆိုထားပါတယ်။
အဆိုပါ ဆွေးနွေးပွဲတွင် NUCC ကောင်စီဝင်များ၊ NUG အစိုးရအဖွဲ့ဝင်များနှင့် ကာကွယ်ရေးဝန်ကြီး ဌာန တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
မြေပြင်တွင် ဖြစ်ပွားနေသော ပဋိပက္ခများနှင့် စပ်လျဉ်း၍ နှစ်ဖက်အကြား သတင်းအချက်အလက်များ မျှဝေကာ မေးမြန်းဆွေးနွေးမှုများနှင့် အကြံပြုချက်များ ဖလှယ်ခဲ့ကြောင်း ဆိုပါတယ်။
ထို့ပြင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များအရ မြေပြင်ပဋိပက္ခများအပေါ် NUCC မှ မည်သို့ ကြားဝင်ညှိနှိုင်းကူညီနိုင်မည်ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
NUCC အနေဖြင့် ယင်းတွေ့ဆုံမှုမတိုင်မီ SRF၊ PLA၊ 96 Soldiers နှင့် စစ်ကိုင်း PDF တာဝန်ရှိသူများကို သီးခြားတွေ့ဆုံကာ မြေပြင်အခြေအနေများအား ကြိုတင်ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
#NUCC#NUG#တော်လှန်ရေးအဖွဲ့များ#မြေပြင်ပဋိပက္ခ#MyanmarPoliticsUpdates

ဧရာဝတီရိုးမစစ်မျက်နှာတွင် အထိနာနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးမှုများနေ
ဇွန် ၃၀
The Kaladan Post
ဧရာဝတီတိုင်း ရေကြည်နှင့် သာပေါင်းမြို့နယ် ရိုးမစပ်ဒေသများတွင် စစ်ရေးအရ အထိနာမှုများ ကြုံတွေ့နေရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေစိုက်စခန်းများမှ စွန့်ခွာထွက်ပြေးမှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း ဒေသသတင်းက ပြောဆိုထားပါတယ်။
ဘုရားကြီး လက်နက်ကြီးအခြေစိုက်စခန်းမှ တပ်ဖွဲ့ဝင် ၁၀ ကျော် ထွက်ပြေးခဲ့ပြီး စစ်တပ်က ပြန်လည် ဖမ်းဆီးကာ ရှေ့တန်းစစ်မျက်နှာသို့ ပြန်လည်စေလွှတ်ရန် စီစဉ်ထားကြောင်း သိရပါတယ်။
ရိုးမဒေသသို့ စေလွှတ်ခံထားရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် ဒဏ်ရာပြင်းထန်စွာရရှိသူများ များပြားနေသည့်အပြင် သေဆုံးသူများ၏ ရုပ်အလောင်းများကိုပင် ပြန်လည်သယ်ယူနိုင်ခြင်းမရှိသေး ကြောင်း သတင်းရင်းမြစ်က ပြောဆိုထားပါတယ်။
ထို့ပြင် စစ်ကောင်စီသည် ဘုရားကြီးစခန်းမှ အင်အား ၃၀၀ ခန့်ကို ရေကြောင်းဖြင့် ပြန်လည်ခေါ်ထုတ် ခဲ့ပြီး အခြားစစ်မျက်နှာများသို့ အင်အားဖြည့်တင်းရန် ပြင်ဆင်နေကြောင်း သိရပါတယ်။
လက်ရှိတွင် ရေကြည်အမြောက်တပ်-၃၄၄ အနီးနှင့် နဂါးရစ်တောင်ကြောတစ်ဝိုက်၌ နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီတပ်ဖွဲ့များက အပြင်းအထန် ကြိုးပမ်းလျက်ရှိကြောင်း သိရပါတယ်။
#ဧရာဝတီရိုးမစစ်မျက်နှာ#ရေကြည်သာပေါင်းတိုက်ပွဲ#စစ်ကောင်စီတပ်ထွက်ပြေးမှု
#မြန်မာစစ်ရေးသတင်း#MyanmarConflictUpdates

မြန်မာအရေး ICC သို့ လွှဲပြောင်းရေး ဗြိတိန်အစိုးရက ဦးဆောင်ရန် Fortify Rights တိုက်တွန်း
ဇွန် ၃၀
The Kaladan Post
ဗြိတိန်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေတစ်ရပ်လုံးကို နိုင်ငံတကာရာဇဝတ်တရားရုံး ICC သို့ လွှဲပြောင်းနိုင်ရေးအတွက် ICC အဖွဲ့ဝင်နိုင်ငံများ ပါဝင်သည့် မဟာမိတ်အဖွဲ့ကို ဦးဆောင်ဖွဲ့စည်းသင့် ကြောင်း Fortify Rights အဖွဲ့က ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ခံမှုမရှိသေးခြင်းက နောက်ထပ်ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက် ဖြစ်ပွားစေကြောင်း Fortify Rights က ထောက်ပြထားပါတယ်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်းနှင့် ပြည်ပသို့ နေရပ်စွန့်ခွာထွက်ပြေးနေရသူ စုစုပေါင်း ၅ ဒသမ ၃ သန်း ခန့်ရှိနေပြီး အရပ်သားများအပေါ် တိုက်ခိုက်မှုများ ဆက်လက်မြင့်တက်နေပါတယ်။
ICC ၏ လက်ရှိစုံစမ်းစစ်ဆေးမှုများသည် ရိုဟင်ဂျာအရေးကိုသာ အဓိကအာရုံစိုက်ထားပြီး မြန်မာနိုင်ငံ တစ်ဝန်း ဖြစ်ပွားနေသည့် ရာဇဝတ်မှုများအားလုံးကို လွှမ်းခြုံနိုင်ခြင်းမရှိကြောင်း Fortify Rights က ပြောဆိုထားပါတယ်။
ထို့ကြောင့် ဗြိတိန်အနေဖြင့် ဥရောပ၊ အာရှ-ပစိဖိတ်၊ အာဖရိကနှင့် လက်တင်အမေရိကဒေသရှိ ICC အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းကာ မြန်မာအရေးကို ICC သို့ အမြန်ဆုံး လွှဲပြောင်းသင့်ကြောင်း တိုက်တွန်းထားပါတယ်။
အပြင် မြန်မာစစ်တပ်၏ ဝင်ငွေလမ်းကြောင်းများ၊ နိုင်ငံပိုင်ဘဏ်များ၊ စစ်သုံးလေယာဉ်ဆီ ထောက်ပံ့ ရေးကွန်ရက်များနှင့် စစ်တပ်ဆက်နွယ် စီးပွားရေးလုပ်ငန်းများအပေါ် ပစ်မှတ်ထားသော ပိတ်ဆို့အရေး ယူမှုအသစ်များ ချမှတ်သင့်ကြောင်း အကြံပြုထားပါတယ်။
ထို့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ရှိသူများအား အရေးယူနိုင်ရေးနှင့် နိုင်ငံတကာတရားမျှတမှု ဖော်ဆောင်နိုင်ရေးအတွက် ICC နှင့် အခြားတရားစီရင်ရေးယန္တရားများကို ပိုမိုထောက်ပံ့သင့်သည်ဟုလည်း ဆိုထားပါတယ်။
#FortifyRights#ICCMyanmar#MyanmarHumanRights#UKMyanmarPolicy

ဟားခါး CDF ထံ တပ်မ ၇၇ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး အလင်းဝင်
ဇွန် ၃၀
The Kaladan Post
ချင်းပြည်နယ် ဟားခါးမြို့နယ်အခြေစိုက် CDF – Hakha ထံ တပ်မ ၇၇ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း CDF – Hakha Support Team of North America က ပြောဆိုထား ပါတယ်။
CDF – Hakha အနေဖြင့် အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လုံခြုံရေး၊ နေထိုင်ရေးနှင့် သွားလိုရာနေရာသို့ ပို့ဆောင်ပေးရေးတို့ကို တာဝန်ယူဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။
ထို့အပြင် အခြားအလင်းဝင်လိုသူများလည်း အဆင်ပြေစွာ ပူးပေါင်းလာနိုင်ရေးအတွက် ပြည်သူများက ဝိုင်းဝန်းကူညီပေးကြရန် တိုက်တွန်းထားပါတယ်။
၂၀၂၆ ခုနှစ် ဇွန်လ တတိယပတ်အတွင်း အလင်းဝင်ပူးပေါင်းသူ ၇ ဦး၊ လက်နက်ချသူ ၂၀ ဦးနှင့် စစ်သုံ့ပန်းဖမ်းဆီးခံရသူ ၇၀ ဦး စုစုပေါင်း ၉၇ ဦး ရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်က ဇွန်လ ၂၅ ရက်နေ့က အသိပေးထားပါတယ်။
#CDFHakha#CDMMyanmar#ချင်းပြည်နယ်သတင်း#စစ်ကောင်စီအလင်းဝင်

ဆဲန်ထန်ဗဟိုကောင်စီဝင် နှစ်ဦး ကွယ်လွန်မှုသည် ကြီးမားသောဆုံးရှုံးမှုဖြစ်ဟု SRF ဆို
ဇွန် ၃၀
The Kaladan Post
ချင်းလဲန်းဒေသ ဆဲန်ထန်ဒေသန္တရအစိုးရရုံးချုပ် နယ်မြေအတွင်း ဆဲန်ထန်ဗဟိုကောင်စီဝင် နှစ်ဦးဖြစ် သည့် ကာကွယ်ရေးအတွင်းရေးမှူး ဆလိုင်း ထောင်ကော့အိုနှင့် လူမှုဖွံ့ဖြိုးရေးအတွင်းရေးမှူး ဆလိုင်း ဘွေကျုံးလျန်တို့သည် ကွယ်လွန်မှုသည် ဆဲန်ထန်ဗဟိုကောင်စီနှင့် ဆဲန်ထန်တော်လှန်ရေးတပ်ဖွဲ့ (SRF) အတွက် ကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်ကြောင်း ဆဲန်ထန်ဗဟိုကောင်စီက ထုတ်ပြန်ပြောဆိုထား သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဆဲန်ထန်ဗဟိုကောင်စီက ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်းရှိ ဌာနဆိုင်ရာ အားလုံးအား ချင်းပြည်နယ်အလံကို တိုင်ဝက်လွှင့်ထူကာ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဆောင်ရွက်သွားရန် ညွှန်ကြားထားသလို ကျန်ရစ်သူ မိသားစုဝင်များနှင့် လုပ်ဖော်ကိုင်ဖက်များအတွက် အထူးဝမ်းနည်းကြောင်း ပြောဆိုထားပါတယ်။
အဆိုပါ တော်လှန်ရေးရဲဘော်တို့သည် ဇွန်လ ၂၆ ရက်နေ့က အရေးကြီးတာဝန်တစ်ခုဖြင့် ခရီး ထွက်သွားခဲ့ကြသော်လည်း သတ်မှတ်ထားသည့် နေရာသို့ ရောက်ရှိလာခြင်းမရှိသဖြင့် လိုက်လံ ရှာဖွေခဲ့ကြရာမှ ဇွန်လ ၂၇ ရက် နံနက်ပိုင်းတွင် Surkhua ကျေးရွာအနီး တောင်စောင်းတစ်နေရာ၌ စီးနင်းလာသည့် ယာဉ်မတော်တဆမှုကြောင့် အခင်းဖြစ်ပွားရာနေရာ၌ နှစ်ဦးစလုံး အသက်ဆုံးရှုံးနေပြီ ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုထားပါတယ်။
#SRF#Chinland#Senthang#MyanmarNews
