စက်တင် ၁၂၊ ၂၀၂၆

The Kaladan Post

ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုနှင့် သတင်းပြန်ကြားရေး ကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရန်အတွက် ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့အကြား သဘောတူညီချက် ၄ ခုကို စက်တင်ဘာလ ၁၁ ရက် သောကြာနေ့တွင် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဖနွမ်းပင်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော် (Peace Palace) တွင် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက် (Hun Manet) နှင့် မြန်မာရွေးတုသမ္မတ မင်းအောင်လှိုင် တို့အကြား နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် ယင်းသဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါ သဘောတူညီချက်များတွင် နှစ်ထပ်အခွန် ကင်းလွတ်ခွင့်နှင့် အခွန်ရှောင်မှု တားဆီးရေး၊ ရင်းနှီးမြှုပ်နှံမှု အပြန်အလှန် မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေး၊ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပြင်ဆင်ချက်နှင့် သတင်းမီဒီယာနှင့် သတင်းအချက်အလက် နားလည်မှုစာချွန်လွှာ (MoU) တို့ ပါဝင်ပါတယ်။

ထို့အပြင် ခေါင်းဆောင် နှစ်ဦးသည် လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး မှောင်ခိုမှုနှင့် နည်းပညာအခြေပြု ဆိုက်ဘာ ရာဇဝတ်မှုများကို ပူးပေါင်း နှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ရွေးတုသမ္မတ မင်းအောင်လှိုင်သည် ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန် နှင့်လည်း တွေ့ဆုံခဲ့ပြီး စနေနေ့တွင် စီရန်ရိ (Siem Reap) ပြည်နယ်ရှိ ယူနက်စကို စာရင်းဝင် အန်ကော ရှေးဟောင်းသုတေသန ဥယျာဉ်သို့ သွားရောက်လေ့လာရန် စီစဉ်ထားပါတယ်။

ယခု ခရီးစဉ်သည် ဧပြီလတွင် ရွေးတုသမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ထိုင်း၊ လာအိုနှင့် ဗီယက်နမ်တို့ပြီးနောက် အာဆီယံ အဖွဲ့ဝင်နိုင်ငံများသို့ ၎င်း၏ ၄ ကြိမ်မြောက် ခရီးစဉ် ဖြစ်ပါတယ်။ ကမ္ဘောဒီးယားသည် အာဆီယံနှင့် နိုင်ငံတကာ မူဘောင်များတွင် မြန်မာနိုင်ငံဘက်မှ အစဉ်တစိုက် ထောက်ခံပေးခဲ့သည့် မိတ်ဆွေကောင်း နိုင်ငံတစ်ခုဖြစ်ကြောင်း မင်းအောင်လှိုင် က ပြောကြားခဲ့ပါတယ်။

တစ်ဖက်တွင်လည်း ကမ္ဘောဒီးယား အတိုက်အခံများ၏ ခမာ ဒီမိုကရေစီ လှုပ်ရှားမှုအဖွဲ့ (KMD) ဥက္ကဋ္ဌ မူဆိုချူဝါ (Mu Sochua) က “မင်းအောင်လှိုင် အနေနဲ့ ဖနွမ်းပင်ကို အာဆီယံဆီ ဝင်ရောက်မယ့် သံတမန်ရေး နောက်ဖေးပေါက်အဖြစ် အသုံးချခွင့် မပြုသင့်ပါဘူး” ဟု ဝေဖန်ခဲ့ပါတယ်။ ထို့အပြင် လူ့အခွင့်အရေး အဖွဲ့တစ်ခုဖြစ်သည့် Fortify Rights ကလည်း စစ်ကောင်စီ ခေါင်းဆောင်အား တရားဝင်မှု မပေးဘဲ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးရန် ကမ္ဘောဒီးယား အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

Source – Xinhua