ကောင်းမှုတော်စေတီ ထီးတင်ပွဲ လုံခြုံရေး စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

မတ် ၈
The Kaladan Post
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ကောင်းမှုတော်စေတီ ထီးတော်တင်ပွဲ (မတ်လ ၁ ရက်က ကျင်းပခဲ့ပြီး သီတဂူဆရာတော်ဦးဆောင်၍ စစ်ကောင်စီ ထိပ်တန်းအရာရှိကြီးများ တက်ရောက်ခဲ့သည့် အခမ်းအနား အတွက် လုံခြုံရေးယူရန် စစ်တပ်က စစ်ကြောင်းထိုးခဲ့ရာ) ကာကင်းလာယူသည့် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့က စတင်ခဲ့သော တိုက်ပွဲတွင် အင်အား ၂၅၀ ခန့်ပါဝင်သည့် စစ်ကြောင်း (အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်-လပခ မှ သံခွန်သင်္ဘော ၃ စီးဖြင့် ဧရာဝတီမြစ်ကို ဖြတ်ကူး၍ မင်းကွန်းဒေသဘက်သို့ လာရောက်စဉ်) ကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ Mingun PDF၊ People Servant Force နှင့် No more Dictatorship (NMD) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးပြီး စစ်ကြောင်းမှူးအပါအဝင် ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။ တိုက်ပွဲဟာ တစ်ရက်သာ ကြာမြင့်ခဲ့သော်လည်း စစ်တပ်တွေ ပြန်မဆုတ်သဖြင့် ကာထားရတာ ၅ ရက် ကြာခဲ့ကြောင်း ပြည်သူတွေ စခန်းတွေ ပခတွေနဲ့ ဝေးဝေးနေကြဖို့ ယင်းတာဝန်ရှိသူက တောင်းဆိုထားသည်။

ရေးမြို့နယ် ကနင်ကမော့ရွာအနီး စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းဗုံး ၆ လုံး ကျဲချတိုက်ခိုက်

မတ် ၈
The Kaladan Post
မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း ကနင်ကမော့ရွာအနီးတွင် စစ်တပ် စစ်ကြောင်းထိုးလှုပ်ရှားနေစဉ် မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစု နှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မတ်လ ၅ ရက် နေ့လည် ၂ နာရီ ၄၀ မိနစ်ဝန်းကျင်တွင် ခေတ္တ အခြေပြု ရပ်နားနေသော စစ်ကောင်စီ စစ်ကြောင်းကို ဒရုန်းဗုံးသီး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ထိခိုက်မှု လုံးဝမရှိဘဲ အောင်မြင်စွာ စစ်ဆင်နိုင်ခဲ့ကြောင်း မွန်ပြည် တော်လှန်ရေးတပ် (MSRF) က သတင်းထုတ်ပြန်သည်။ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို ဆက်လက် အတည်ပြုနေဆဲ ဖြစ်ကြောင်း သိရသည်။ ဤတိုက်ခိုက်မှုတွင် မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုမှ MSRF၊ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (KBDF – အမှတ် ၈၀၀၂)၊ ရေးပြောက်ကျားတပ်ရင်း (YGF – အမှတ် ၈၀၀၁) တို့၏ ဒရုန်းတပ်ဖွဲ့များ ပါဝင်ခဲ့သည်။ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်များတွင်လည်း MSRF၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ KNLA တပ်ရင်း (၂၇) တပ်ခွဲ (၁) နှင့် YGF အမှတ် (၈၀၀၁) ချေမှုန်းရေးတပ်ခွဲ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ ကြောင်း ဖော်ပြထားသည်။ ဤစစ်ဆင်ရေးသည် စစ်ကောင်စီ၏ နယ်မြေစိုးမိုးရေး ကြိုးပမ်းမှုများကို တုံ့ပြန်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ဒေသခံပြည်သူများ စစ်ရေးလှုပ်ရှားမှုများနှင့် ဝေးဝေးနေရန် လိုအပ်ကြောင်း တော်လှန်ရေးအဖွဲ့များက သတိပေးထားသည်။

စစ်အာဏာရှင်နှင့် ဖိုဝါဒ ဖိနှိပ်မှုများကို ရဲဝံ့စွာ တော်လှန်ရန် (KNDF) တိုက်တွန်း

မတ် ၈
The Kaladan Post
မတ်လ ၈ ရက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က စစ်အာဏာရှင်စနစ်အပြင် ဖိုဝါဒ (patriarchy) နှင့် ဖိနှိပ်မှုမှန်သမျှကို ဆန့်ကျင်တော်လှန်ကြရန် တိုက်တွန်းထုတ်ပြန်ခဲ့သည်။ KNDF တပ်ဖွဲ့အတွင်း တာဝန်ထမ်းဆောင် နေသော မတူကွဲပြားသော အမျိုးသမီးများအားလုံးကို ဂျဲန်ဒါတန်းတူညီမျှရေးဌာနက ဂုဏ်ပြုကြောင်း ဖော်ပြခဲ့သည်။ အမျိုးသမီးများသည် လူ့အသိုင်းအဝိုင်း တိုးတက်ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံမှု တည်ဆောက်ရေးလုပ်ငန်းများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း အသိပေးထား သည်။ မျက်မှောက်ခေတ် တော်လှန်ရေးတွင် အမျိုးသမီးများ၏ ရဲစွမ်းသတ္တိနှင့် လူသားဆန်မှုကို ထင်ဟပ်စေကာ ဖိုဝါဒ၏ ဖိနှိပ်မှုစနစ်များကို ရဲဝံ့စွာ တော်လှန်နေကြသည်ဟု KNDF က ဖော်ပြသည်။ ကာကွယ်ရေးကဏ္ဍတွင် ပါဝင်နေသော အမျိုးသမီးများသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရုံ သာမက ဖိုဝါဒနှင့် ဖိနှိပ်မှုများကိုပါ တွန်းလှန်နေကြောင်း ထုတ်ပြန်ချက်တွင် အလေးပေးထားသည်။ လူသားဆန်မှုနှင့် လူ့ဂုဏ်သိက္ခါကို အလေးထားသော လူ့အသိုင်းအဝိုင်း တည်ဆောက်ရန် အားလုံး ပူးပေါင်းဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားသည်။ ၂၀၂၁ ခုနှစ် မေလ ၃၁ ရက်တွင် စစ်တပ် အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သော KNDF တွင် ယခုအခါ တပ်ရင်း ၃၀ ကျော်ရှိပြီး ၂၀၂၄ ခုနှစ်က စစ်ရေးချုပ် ခူးရီးဒူက တပ်ဖွဲ့ဝင် အင်အား ၁၀,၀၀၀ နှင့်အထက် ရှိကြောင်း ဖော်ပြခဲ့သည်။

မန္တလေးတိုင်း ငါန်းဇွန်-တံတားဦး စစ်ကြောင်းတိုက်ခိုက်ခံရပြီး စစ်သား ၇ ဦး သေဆုံး

မတ် ၈
The Kaladan Post
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်နှင့် တံတားဦးမြို့နယ်အတွင်း ဖြတ်သန်းလာသော စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ပဒေသာမိုင်း ၁၀ လုံးဖြင့် ဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ များပြားခဲ့ကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။ မတ်လ ၇ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်က ၁၄ မိုင်လမ်းတစ်နေရာတွင် ကားသုံးစီး အပြည့်ပါ စစ်ကြောင်းကို မိုင်းဆွဲခဲ့ရာ စစ်သား ၇ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရှိသူ များပြားခဲ့ကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ တာဝန်ခံ ကိုသန့်က ပြောဆိုသည်။ ဤတိုက်ခိုက်မှုကို မြင်းခြံတိုက်နယ် ၃ နဂါးနီ ပြောက်ကျားတပ်ဖွဲ့၊ ငါန်းဇွန်တိုက်နယ် ၄ နှင့် ရဲရင့်ညီနောင်တပ်ဖွဲ့ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အလားတူ မတ်လ ၄ ရက် နံနက် ၈ နာရီ ၄၆ မိနစ်ခန့်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ကျေးရွာများ ကို စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်ကောင်စီ စစ်ကြောင်း (အင်အား ၃၀၀ ခန့်၊ ဖေဖော်ဝါရီ ၈ ရက်မှ စတင်ထိုး) ကို ကျောက်ရေတွင်းအနီး မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ခမရ ၅၄၇ နည်းဗျူဟာမှူး နှင့် စကခ ၁၂ မှ တပ်ကြပ် ၂ ဦး သေဆုံးခဲ့ကြောင်း Urban Operation Column အဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။ ဤမိုင်းဆွဲ တိုက်ခိုက်မှုများသည် စစ်ကောင်စီ၏ စစ်ကြောင်းထိုး လှုပ်ရှားမှုများကို တုံ့ပြန်ရန် ရည်ရွယ်ချက်ဖြင့် ဆက်လက် ပြင်းထန်စွာ ဆောင်ရွက်နေကြောင်း တော်လှန်ရေးအဖွဲ့များက ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး စစ်သား ၁၂ ဦး သေဆုံး

မတ် ၈
The Kaladan Post
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တော်လှန်ရေးတပ်ဖွဲ့များ၏ ပူးပေါင်းတိုက်ခိုက်မှု ၂ ကြိမ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ပထမဖြစ်ရပ်မှာ ဖေဖော်ဝါရီ ၅ ရက် ညနေ ၆ နာရီ ၃၀ မိနစ်ခန့်က စစ်ကိုင်းတပ်မ ၃၃ မှ ထွက်လာသော သံပြားကာယာဉ် ၈ စီး၊ ကြေးနီတင်ယာဉ် ၅၀ စီး ပါဝင်သည့် ယာဉ်တန်းကို မုံရွာ-မန္တလေး လမ်းပိုင်း၊ မအူဂိတ်အနီးတွင် လက်နက်ငယ်များဖြင့် ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံး၊ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း BRAVE HEART ARMY (BHA) အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။ တိုက်ခိုက်မှုကို GOLDEN TARGET FORCE (GTF)၊ BRAVE HEART ARMY (BHA)၊ MONYWA SPECIAL – ဒိတ်ဒိတ်ကြဲ – PDF နှင့် MONYWA DYNAMITE – STF တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိ အခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ BHA အဖွဲ့က ခဲယမ်းလိုအပ်ချက်အတွက် ပြည်သူများ ပူးပေါင်းပါဝင်ရန်လည်း မေတ္တာရပ်ခံထားသည်။ ထို့အပြင် ဖေဖော်ဝါရီ ၂၈ ရက်နေ့က မန္တလေးမြို့မှ သံခွန် ၃ စီးဖြင့် မင်းကွန်းနယ်မြေရဲစခန်းသို့ အင်အား ၂၅၀ ခန့် ဖြည့်တင်းရန် ထွက်လာသော စစ်ကြောင်းကို စစ်ကိုင်းမြို့နယ် မင်းကွန်းတိုက်နယ်အတွင်း ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ များပြားခဲ့ကြောင်း People Servant Force (P.S.F) အဖွဲ့မှ တာဝန်ရှိ သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောကြားသည်။ ဤတိုက်ခိုက်မှုကို People Servant Force (P.S.F)၊ မင်းကွန်းတိုက်နယ် ဇုံ ၅ ပ.က.ဖ၊ ယူနီကွန်းပျောက်ကျားတပ်ဖွဲ့၊ ရပ်ကျေး၊ ချမ်းမြသာစည် မြို့နယ် ပ.က.ဖ နှင့် No More Dictatorship (N.M.D) တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

 


နူးညံ့သော်လည်း တောတောင်ထဲ၌ မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံနိုင်သော ရဲမေများအား ဂုဏ်ပြု

မတ် ၈
The Kaladan Post
မြန်မာနိုင်ငံ၏ နွေဦးတော်လှန်ရေးတွင် ရှေ့တန်းမှ ရပ်တည်နေကြသော ရဲမေများအား နူးညံ့သော လက်ဖဝါးများမှ တရားမျှတမှု၏ အသီးအပွင့်များဆီ ခရီးဆက်နေကြသူများအဖြစ် အထူးဂုဏ်ပြု ကြောင်း ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် Battalion Of Budalin က ပြောဆိုသည်။ မိဘရင်ခွင်ထဲတွင် မင်းသမီးပမာ အဖိုးတန်ခဲ့ကြသော်လည်း တိုင်းပြည်ချစ်စိတ်ဓာတ်ဖြင့် တောတောင်ကြားရှိ ရဲဘော်များနှင့် ရင်ဘောင်တန်း ရပ်တည်နေကြသည့် ရဲမေများသည် စားဖိုမှ ရှေ့တန်းရန်သူနယ်မြေအထိ၊ နေရာစုံ၊ ကဏ္ဍစုံတွင် မြဲမြံစွာ ပေးဆပ်နေကြသည်ကို မြင်တွေ့ရသည့်အခါ ဂုဏ်ယူမဆုံးကြောင်းနှင့် ငါးနှစ်ကျော်ကြာ ပင်ပန်းဆင်းရဲမှုများ၊ လွမ်းဆွတ်မှုများကြားတွင်ပင် စိတ်ဓာတ်မယိုင်လဲဘဲ ခိုင်မာစွာ ရှိနေပေးကြသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောဆိုသည်။ နှလုံးသားမြတ်နိုးမှု၊ ဉာဏ်ပညာထက်မြတ်မှုဖြင့် တော်လှန်ရေး၏ မဏ္ဍိုင်ကို ခိုင်ခိုင်မတ်မတ် ထမ်းပိုး ထားကြသည့် ဤရဲမေများသည် တောတောင်ထဲ ပွင့်လန်းနေသော ပန်းပွင့်များပမာ နူးညံ့သော်လည်း မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံနိုင်ကြပြီး အလှအပ်ထက် အမှန်တရားကို ပိုမိုချစ်မြတ်နိုးကာ သမိုင်းသစ်ကို သတ္တိဖြင့် ရေးထိုးနေကြသူများဖြစ်ကြကြောင်း ထောက်ပြထားသည်။ ယမ်းငွေ့များကြားတွင် ရှင်သန်နေရသော်လည်း သင်တို့၏ သတ္တိသည် ကမ္ဘာ့အလှပဆုံး ပန်းပွင့်တစ်ပွင့်ပင် ဖြစ်ပါသည်။ မြင့်မြတ်သော စိတ်ဓာတ်နှင့် ထက်မြတ်သော လုပ်ရပ်များသည် နောင်လာနောက်သားများအတွက် ထာဝရ မော်ကွန်းတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း Battalion Of Budalin က ပြောဆိုထားသည်။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် တော်လှန်ရေး၏ ကျောက်ဆောင်တိုင်များအဖြစ် ရှိနေပေးကြသော ရဲမေများအားလုံး ဘေးအန္တရာယ်ကင်းဝေးကာ အောင်ပွဲနှင့်အတူ မိဘရင်ခွင်ဆီ မင်းသမီးလေးများအဖြစ် ဂုဏ်သိက္ခာရှိရှိ ပြန်လည်ရောက်ရှိနိုင်ကြပါစေဟု Battalion Of Budalin က ရဲမေများအတွက် ဆုမွန်ကောင်း ဆုတောင်းရင်း ဦးညွှတ် ဂုဏ်ပြုထားကြောင်း သိရသည်။

နတ်လာပို့တောင်ရွာ ရှင်ပြု အလှူအိမ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့‌သော စစ်တပ် တိုက်ခိုက်ခံရပြီး ၃၀ ကျော် သေဆုံး

မတ် ၈
The Kaladan Post
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နတ်လာပို့တောင်ရွာရှိ ရှင်ပြု အလှူအိမ်ကို စစ်တပ်က လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှင်သာမဏေ ၂ ပါး အပါအဝင် ပရိတ်တရားနာနေသော ပြည်သူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ထို့နောက် ပြန်ဆုတ်လာသော စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များ က တိုက်ခိုက်ခဲ့ကြောင်း Union Liberation Front (ULF) အဖွဲ့က ထုတ်ပြန်သည်။ ဤတိုက်ခိုက်မှုကို ပဒေသာ မိုင်း ၁၆ လုံး ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးတိုက်ခိုက်မှုအတွင်း စစ်သား ၃၀ ဦး ထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း Union Liberation Front (ULF) အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ မတ်လ ၇ ရက်နေ့က ချင်းတွင်း တံတားဘက်မှ စစ်ကား ၁၂ စီး၊ သံပြားကားများ ပါဝင်သော အင်အား ၃၀၀ ခန့်ရှိ စစ်တပ်စစ်ကြောင်းသည် နတ်လာပို့တောင်ရွာ ရှင်ပြု အလှူအိမ်ကို လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ပြီး ရှင်သာမဏေ ၂ ပါး အပါအဝင် ပရိတ်တရားနာနေသော ပြည်သူ ၅ ဦး သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။ ထို့နောက် ယင်းမာပင်နှင့် ကနီမြို့နယ် အစပ်သို့ ပြန်ဆုတ်လာစဉ် မတ်လ ၈ ရက် နံနက်ပိုင်းတွင် ယင်းမာပင်မြို့နယ်၊ အောင်ဇေယျ ရွာအနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာ မိုင်း ၁၆ လုံး ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ဘက်မှ စစ်သား ၃၀ ဦး ထက်မနည်း ထိခိုက်သေဆုံးခဲ့ကာ သေဆုံးသူများ၏ အလောင်းများကို ကားများဖြင့် သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို Union Liberation Front – ULF V 02 နှင့် 9+ စစ်ကြောင်း အဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ULF V 02 က AI နည်းပညာ အသုံးပြု၍ စစ်ကောင်စီ ကားများကို ခွဲခြားပြီး အလိုအလျောက် အလုပ်လုပ်နိုင်သော “စမတ်မိုင်း” (Smart Mine) စနစ်မျိုး ဖန်တီးနိုင်ရန် ဖြစ်နိုင်ခြေရှိသည်ဟု ဆိုသည်။ ဤစနစ်သည် အသံဖမ်း၊ တုန်ခါမှု ခံစားမှု၊ ကင်မရာ နှင့် AI ပေါင်းစပ်အသုံးပြုခြင်းဖြင့် စစ်ကားများကို သာ ပစ်မှတ်ထားနိုင်ပြီး အရပ်သား ယာဉ်များကို မထိခိုက်အောင် ကာကွယ်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းချက်တွင် ဖော်ပြထားသည်။

KNLA ရဲဘော်နှင့် လူငယ်တစ်ဦးစီကို KTLAရဲဘော်များက ရက်စက်စွာ သတ်ဖြတ်ဟု KNU ပြောဆို

မတ် ၈
The Kaladan Post
ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင်၊ ပေါခလိုး (ဘန်းချောင်းကျေးရွာအုပ်စု)၊ ကစယ်ဒိုမြို့နယ် တွင် ၂၀၂၆ ခုနှစ် မတ်လ ၇ ရက် နံနက် ၂ နာရီခန့်က ဗိုလ်စောအယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်သော ကော်သူးလေတပ်မတော် (KTLA) အဖွဲ့မှ KNLA တပ်ရင်း (၁၂) ရဲဘော်တစ်ဦးနှင့် မြို့နယ်လုပ်သားလူငယ်တစ်ဦးအား ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း KNU ထုတ်ပြန်ချက် အရ သိရသည်။ ဖြစ်စဉ်မှာ အဆိုပါ ရဲဘော်နှင့် လူငယ်တို့သည် စစ်ရေးလုပ်ငန်းများနှင့် နယ်မြေ လုံခြုံရေး ဆောင်ရွက်နေစဉ် ချုံခိုတိုက်ခိုက်ခံရခြင်း ဖြစ်သည်။ ထို့အပြင် မတ်လ ၄ ရက်ကလည်း ဝင်းဝ စခန်းသိမ်းပိုက်ရေး စစ်အင်အားဖြည့်တင်းရန် သွားနေသော KNLA တပ်ရင်း (၁၂) စစ်ကြောင်းကို ဗိုလ်ကော်လားဖိုး ဦးဆောင်သော KTLA အဖွဲ့က ချောင်းမြောင်း တိုက်ခိုက်ခဲ့ရာ ရဲဘော် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။ KNU ဘက်က KTLA အဖွဲ့သည် ကရင်ပြည်သူလူထု၏ အကျိုးစီးပွားအတွက် လုပ်ဆောင်ရန် ပျက်ကွက်ရုံသာမက မိခင်အဖွဲ့ဖြစ်သော KNU နှင့် KNLA ကို ရန်သူအဖြစ် သဘောထားကာ စစ်အာဏာရှင်ပုံစံအတိုင်း ပြန်လည်တိုက်ခိုက်နေကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။

မြင်းခြံမြို့နယ်တွင် စစ်တပ်စစ်ကြောင်းက ကျေးရွာများ မီးရှို့ဖျက်ဆီး ပြည်သူထောင်ချီ ထွက်ပြေး

မတ် ၈
The Kaladan Post
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်က မတ်လ ၇ ရက်နေ့တွင် အောင်ပြည်စိုးရွာ၊ ရှာတောကုန်းရွာ၊ ပြည်တော်သာရွာနှင့် ရွှေညောင်ပင်ရွာတို့ကို ဝင်ရောက်စီးနင်းပြီး နေအိမ်များကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။ စစ်ကြောင်းသည် ကျောက်ကုန်းရွာဘက်မှ ဆင်းလာပြီး အောင်ပြည်စိုးရွာမှ စတင်မီးရှို့ခဲ့ရာ ပြည်သူအချို့ ဝင်ရောက် မီးငြိမ်းသတ်နိုင်ခဲ့သဖြင့် နေအိမ် ၁၅ လုံးခန့်သာ မီးလောင်ပြာကျခဲ့သော်လည်း ကျန်ရွာများတွင်လည်း ဆက်လက်မီးရှို့ခဲ့ကြောင်း သိရသည်။ မီးရှို့ပြီးနောက် စစ်ကြောင်းသည် အောင်ပြည်စိုးရွာ ဘုန်းကြီး ကျောင်းတွင် ယာယီတပ်စွဲနေထိုင်ခဲ့ပြီး မတ်လ ၈ ရက် နံနက်ပိုင်းတွင် ပြန်လည်ထွက်ခွာကာ ပက်တာ ရွာဘက်သို့ စစ်ကြောင်းဆက်လက်ထိုးနေဆဲ ဖြစ်ကြောင်း သိရသည်။ စစ်ကြောင်း ထွက်ခွာသွားသော် လည်း နောက်ထပ်စစ်ကြောင်းများ ကျန်ရှိနေမည်ကို စိုးရိမ်သောကြောင့် ဒေသခံ အများစုမှာ ကျေးရွာ များသို့ ပြန်ဝင်ရောက်နိုင်ခြင်း မရှိသေးဘဲ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင် နေရကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ ထို့အပြင် ဖေဖော်ဝါရီလပိုင်းကလည်း မြင်းခြံမြို့နယ် အတွင်း စစ်တပ်စစ်ကြောင်းများက ပြည်တော်သာ၊ တန်းဆောင်း၊ နတ်ညွန်း၊ ဒါးကျွန်းတောင်နှင့် မြောက်ရွာတို့ကို ဆက်တိုက်မီးရှို့ခဲ့ရာ နေအိမ် ၆၅၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။