ဇွန် ၂၆၊ ၂၀၂၆

The Kaladan Post

 

မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် ချမှတ်ထားသည့် အာဆီယံ၏ အချက်ငါးချက်ပါ ဘုံသဘောတူညီချက် (Five-Point Consensus – 5PC) ကို ပိုမိုထိရောက်စေရန်အတွက် လိုအပ်ပါက ပြင်ဆင်ပြောင်းလဲနိုင်သော်လည်း၊ မည်သည့်အပြောင်းအလဲကိုမဆို အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး၏ တညီတညွတ်တည်း သဘောတူညီချက်ဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒတ်တုဆရီ မိုဟာမက် ဟာဆန် (Datuk Seri Mohamad Hasan) က ပြောကြားလိုက်သည်။

ဇွန်လ ၂၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် မလေးရှားလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်အမတ် ဝီလီယမ် လီယောင် ဂျီးကန် ၏ မြန်မာ့အရေးနှင့် ပတ်သက်သည့် မေးမြန်းမှုကို ဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီး မိုဟာမက် ဟာဆန် က “လိုအပ်မယ်ဆိုရင် ဘုံသဘောတူညီချက်ကို ပြင်ဆင်နိုင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပြောင်းလဲမှုမျိုးပဲဖြစ်ဖြစ် အာဆီယံခေါင်းဆောင်အားလုံးရဲ့ သဘောတူညီချက်ကို ရယူရမှာ ဖြစ်ပါတယ်။” ဟု လွှတ်တော်တွင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့အပြင် မလေးရှားနိုင်ငံအနေဖြင့် မြန်မာ့အကျပ်အတည်းကို အာဆီယံဦးဆောင်၍ နိုင်ငံရေးနည်းလမ်းအရ အဖြေရှာနိုင်ရေးအတွက် မြန်မာနိုင်ငံနှင့် ဆက်သွယ်ဆောင်ရွက်မှုများကို ဆက်လက်ထိန်းသိမ်းသွားမည်ဟု ဆိုသည်။

“ကျွန်တော်တို့က မြန်မာနိုင်ငံကို ပိုပြီး သီးခြားခွဲထုတ်မထားချင်ပါဘူး။ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ဆက်လုပ်ရမှာဖြစ်ပြီး ဆက်သွယ်ရေးလမ်းကြောင်းတွေကို ဖွင့်ထားရပါမယ်။ အဲဒီလိုမဟုတ်ရင် တခြားအကျိုးစီးပွားရှိတဲ့ ပြင်ပအင်အားစုတွေ ဝင်ရောက်လာပြီး အခြေအနေကို ပိုမိုရှုပ်ထွေးစေနိုင်ပါတယ်။” ဟု ၎င်းက သတိပေးပြောဆိုခဲ့သည်။

ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့က နေပြည်တော်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့မှုအပေါ် ဝန်ကြီးက “ဒီတစ်ကြိမ်မှာတော့ မြန်မာဘက်က ကျွန်တော်တို့ရဲ့ အကြံပြုချက်တွေကို ယခင်ကထက် ပိုပြီး လက်ခံနားထောင်လာတာကို တွေ့ရပါတယ်။” ဟု မှတ်ချက်ပြုခဲ့သည်။

အဆိုပါ တွေ့ဆုံမှုအတွင်း ရွေးကောက်ပွဲအပြီး နိုင်ငံရေးအခြေအနေများ၊ ၅ ချက်ပါ ဘုံသဘောတူညီချက် အကောင်အထည်ဖော်ရေး၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် ရိုဟင်ဂျာဒုက္ခသည်အရေးတို့ကို ဆွေးနွေးခဲ့သည်ဟု [မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာန] ဘက်က ဆိုသည်။ ဆက်လက်၍ မလေးရှားအစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ စစ်ကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) အပါအဝင် သက်ဆိုင်သူအားလုံးကို အကြမ်းဖက်မှုများ ရပ်တန့်ကာ ငြိမ်းချမ်းရေးဖော်ဆောင်ရန် ဆက်လက်တိုက်တွန်းသွားမည်ဟုလည်း ဝန်ကြီးက အတည်ပြုခဲ့သည်။

သို့သော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းကမူ အာဆီယံ၏ 5PC သည် လက်တွေ့တွင် တိုးတက်မှုအလွန်နည်းပါးနေပြီး၊ စစ်ကောင်စီဘက်ကလည်း အတိုက်အခံအင်အားစုများကို “အကြမ်းဖက်သမားများ” ဟု သတ်မှတ်ကာ တွေ့ဆုံဆွေးနွေးရန် ငြင်းဆိုထားသောကြောင့် ငြိမ်းချမ်းရေးအစီအစဉ်မှာ အောင်မြင်မှုမရရှိသေးကြောင်း သုံးသပ်ထားကြသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဧပြီလအတွင်းက သမ္မတရာထူးကို ရယူကာ စစ်တပ်ကျောထောက်နောက်ခံပြုပါတီ အနိုင်ရရှိခဲ့သည့် ရွေးကောက်ပွဲအပြီး အစိုးရသစ်တစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။ ၎င်းရွေးကောက်ပွဲကို အရပ်သားအုပ်ချုပ်ရေး ပြန်လည်အသက်ဝင်လာသည့် လုပ်ငန်းစဉ်အဖြစ် စစ်ကောင်စီက ပုံဖော်ခဲ့သော်လည်း၊ အတိုက်အခံများနှင့် အနောက်နိုင်ငံများကမူ လွတ်လပ်မျှတမှုမရှိသည့် အတုအယောင်ရွေးကောက်ပွဲသာဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ပယ်ချထားသည်။

သတင်း Source: International & Local News Agencies