ဇူလိုင် ၂၄၊ ၂၀၂၆
The Kaladan Post
ဂျပန်ယန်းငွေတန်ဖိုးဟာ အမေရိကန်တစ်ဒေါ်လာကို ၁၆၄ ယန်းအထိ ရောက်ရှိပြီး အနှစ် ၄၀ အတွင်း အနိမ့်ဆုံးအဆင့်ကို ထိုးဆင်းသွားတာကြောင့် ဈေးကွက်ကို ထိန်းကျောင်းဖို့အတွက် လိုအပ်လာရင် ဘယ်လိုတုံ့ဆိုင်းမှုမျိုးမှမရှိဘဲ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီး Satsuki Katayama က သောကြာနေ့မှာ ထပ်လောင်းသတိပေးလိုက်ပါတယ်။ အရှေ့အလယ်ပိုင်းက စစ်ရေးတင်းမာမှုတွေကြောင့် ရေနံဈေးနှုန်းတွေ မြင့်တက်လာတာဟာ ယန်းငွေတန်ဖိုးကို ပိုမိုကျဆင်းစေခဲ့တာ ဖြစ်ပါတယ်။
ဝန်ကြီး Katayama က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ “ကျွန်မတို့အနေနဲ့ လိုအပ်တဲ့အချိန်တိုင်းမှာ နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကွက်အပေါ် သင့်တော်သလို တုံ့ပြန်ဖို့ အသင့်ရှိနေပါတယ်။ ဒါဟာ တွန့်ဆုတ်နေမှာ မဟုတ်ဘဲ ပြတ်သားတဲ့ လုပ်ဆောင်ချက်တွေ လုပ်သွားမယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ” လို့ ပြောကြားခဲ့ပါတယ်။ ဂျပန်ယန်းငွေဟာ ၁၉၈၆ ခုနှစ်၊ နိုဝင်ဘာလနောက်ပိုင်း အားအနည်းဆုံး အခြေအနေဖြစ်တဲ့ တစ်ဒေါ်လာကို ၁၆၃ ဒသမ ၉၆ ယန်းအထိ ရောက်ရှိသွားခဲ့တာပါ။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာလည်း ယန်းငွေတန်ဖိုး အဆမတန် မတည်မငြိမ် ဖြစ်နေတာဟာ မကောင်းတဲ့ လက္ခဏာဖြစ်ကြောင်း သတိပေးထားပါတယ်။ ဝန်ကြီး Katayama ကတော့ ဂျပန်နဲ့ အမေရိကန်ဟာ အခုလို ငွေကြေးဈေးကွက် မတည်မငြိမ်ဖြစ်နေတဲ့အပေါ်မှာ တူညီတဲ့အမြင်ရှိကြပြီး “ကျွန်မတို့ဟာ အချိန်တိုင်း၊ တစ်နှစ်ပတ်လုံး ၂၄ နာရီပတ်လုံး အမြဲတမ်း နီးနီးကပ်ကပ် တိုင်ပင်ညှိနှိုင်းနေပါတယ်” လို့ ဆိုပါတယ်။
လက်ရှိမှာ အမေရိကန်နဲ့ အီရန်ကြား စစ်မီးပြန်တောက်လာတာကြောင့် ရေနံဈေးနှုန်းတွေ ပြန်တက်လာပြီး ငွေဖောင်းပွမှု ဒဏ်ကို စိုးရိမ်နေကြရပါတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေဟာ ဘေးကင်းတဲ့ အမေရိကန်ဒေါ်လာကို ပိုမိုဝယ်ယူလာကြတာကလည်း ယန်းငွေကို ပိုပြီး ထိုးကျစေတာ ဖြစ်ပါတယ်။ Sompo Institute Plus မှ စီးပွားရေးပညာရှင် Masato Koike ကတော့ ဂျပန်အစိုးရအနေနဲ့ ဈေးကွက်ထဲကို ဝင်ရောက်ထိန်းကျောင်းရင်တောင်မှ ဒေါ်လာဈေး အဆမတန် တက်နေတာကြောင့် ယန်းငွေကျဆင်းမှုကို တားဆီးဖို့ ခက်ခဲနိုင်ပြီး ယန်းငွေဟာ အခုထက် ပိုကျသွားနိုင်တဲ့ အခြေအနေကိုလည်း ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ သုံးသပ်ထားပါတယ်။
သတင်း Source: Reuters