စက်တင် ၁၁၊ ၂၀၂၆
The Kaladan Post
၄ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး ပြိုပျက်သွားပြီးနောက် ယီမင်နိုင်ငံသည် “စစ်ပွဲ၏ အသစ်ဖြစ်ပြီး ပိုမိုအန္တရာယ်များသည့် အဆင့်” သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ယီမင်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ဟန်းစ် ဂရန်းဘာ့ဂ် (Hans Grundberg) က လုံခြုံရေးကောင်စီသို့ သတိပေးလိုက်ပါတယ်။
ကြာသပတေးနေ့က ဟူသီလက်နက်ကိုင်များ အနေဖြင့် ဘပ်ဘ်အယ်လ်မန်ဒက်ဘ် (Bab al-Mandeb) ရေလက်ကြားအနီးရှိ မဟာဗျူဟာမြောက် ဆိပ်ကမ်းမြို့ဖြစ်သော မိုခါ (Mocha) မြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါ ဆိပ်ကမ်းမြို့ကို ဟူသီတို့ ထိန်းချုပ်လိုက်ခြင်းကြောင့် ကမ္ဘာ့အဓိက စွမ်းအင်နှင့် ကုန်သွယ်ရေး ရေကြောင်းလမ်းတွင် လွတ်လပ်စွာ သွားလာခွင့် ထိခိုက်မည်ကို စိုးရိမ်မှုများ မြင့်တက်လာနေပါတယ်။
စက်တင်ဘာ ၃ ရက်မှစတင်၍ တိုက်ပွဲများသည် တာအိဇ်၊ ဟိုဒိုင်ဒါ၊ မာရစ်ဘ် စသည့် ပြည်နယ်များသို့ ကူးစက်သွားခဲ့ပြီး မိသားစုပေါင်း ၁၁,၄၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ အထူးသံတမန်က ပြောကြားခဲ့ပါတယ်။ ထို့အပြင် စက်တင်ဘာ ၈ ရက်က ဟူသီတို့၏ တိုက်ခိုက်မှုကြောင့် ဆော်ဒီအာရေးဗီးယားတွင် အရပ်သား ၇၃ ဦး ဒဏ်ရာရရှိခဲ့ပြီး စွမ်းအင် အဆောက်အအုံများလည်း မီးလောင်ကျွမ်းခဲ့ပါတယ်။
ယီမင် အစိုးရ သံအမတ်နှင့် ဆော်ဒီ သံအမတ်တို့ကလည်း ဟူသီတို့၏ ပင်လယ်နီ တိုက်ခိုက်မှုများနှင့် ဆော်ဒီနယ်မြေ တိုက်ခိုက်မှုများကို ပြစ်တင်ရှုတ်ချခဲ့ပြီး လက်နက်စီးဆင်းမှုများကို တားဆီးရန် တောင်းဆိုခဲ့ကြပါတယ်။ အမေရိကန်နှင့် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ (GCC) တို့ကလည်း အီရန်အနေဖြင့် ဟူသီတို့အား ထောက်ပံ့နေမှုကို ရပ်တန့်ရန်နှင့် ဖမ်းဆီးထားသည့် ကုလသမဂ္ဂ ဝန်ထမ်းများကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုထားပါတယ်။
အခြားတစ်ဖက်တွင်လည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ၏ ထုတ်ပြန်ချက်အရ ယီမင်နိုင်ငံတွင် လူဦးရေ ၁၈.၃ သန်းခန့်သည် ပြင်းထန်သော စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရပါတယ်။ ယင်းတို့အနက် အသက် ၅ နှစ်အောက် ကလေးငယ် ၂.၂ သန်းကျော်မှာ အာဟာရချို့တဲ့နေပြီး ယီမင်နိုင်ငံကို “အဆိုးရွားဆုံး ငတ်မွတ်ခေါင်းပါးမှု ဖြစ်ပွားရာဒေသ” အဖြစ် သတ်မှတ်ထားရပါတယ်။
Source – Al Jazeera