စက်တင် ၁၂၊ ၂၀၂၆

The Kaladan Post

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသော်လည်း မလေးရှားနိုင်ငံသည် UNHCR ၏ ပါဝင်မှု မပါဘဲ ရိုဟင်ဂျာ ဒုက္ခသည် ၁,၅၀၀ ဦးထက်မနည်းကို လာမည့် စက်တင်ဘာ ၂၉ ရက်တွင် နေရပ်ပြန်လည် ပို့ဆောင်ရန် ဆောင်ရွက်လျက် ရှိပါတယ်။

အဆိုပါ အစီအစဉ်သည် မလေးရှား၏ သဘောဆန္ဒအလျောက် နေရပ်ပြန်ပို့ရေး အစီအစဉ်၏ ပထမအဆင့် ဖြစ်ကြောင်း Al Jazeera သတင်းတွင် ဖော်ပြထားပါတယ်။ UNHCR ၏ စာရင်းများအရ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ မလေးရှားနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ရိုဟင်ဂျာ ဒုက္ခသည်နှင့် ခိုလှုံခွင့် တောင်းခံသူ ၁၂၅,၅၀၀ ဦး ရှိပြီး အမှန်တကယ် အရေအတွက်မှာ ယခုထက် ပိုမိုများပြားနိုင်တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ UNHCR ကိုယ်စားလှယ် အိုင်ဗို ဖရိုက်ဆင် (Ivo Freijsen) က မလေးရှား၏ နေရပ်ပြန်ပို့ရေး အစီအစဉ်တွင် ၎င်းတို့ ပါဝင်ခြင်း မရှိကြောင်း ပြောကြားခဲ့ပါတယ်။ ၎င်းက “ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အာဏာပိုင်တွေနဲ့ အာရက္ခတပ်တော် (AA) အကြား ထိတွေ့တိုက်ပွဲ သတင်းတွေ ထွက်ပေါ်နေပြီး ဒါဟာ နေရပ်ပြန်ဖို့ သင့်တော်တဲ့ အခြေအနေ မဟုတ်ပါဘူး” ဟု သုံးသပ်ပြောဆိုခဲ့ပါတယ်။

ဒုက္ခသည်များ နေရပ်ပြန်ရေးသည် ဘေးကင်းပြီး ဂုဏ်သိက္ခာရှိစွာ မိမိတို့ဆန္ဒအလျောက် ဖြစ်သင့်ပြီး ၎င်းတို့ဘက်မှ အခြေအနေများကို သေချာစွာ မသိရှိဘဲ မပြန်သင့်ကြောင်း UNHCR က ထောက်ပြထားပါတယ်။ ဖရိုက်ဆင် က “ဒုက္ခသည်တွေကို ပြန်သွားခိုင်းပြီးနောက် အခြေမချနိုင်ဘဲ နောက်ထပ် နေရပ်စွန့်ခွာရမယ့် အခြေအနေမျိုး မဖြစ်သင့်ပါဘူး၊ ဒုက္ခသည် အသိုက်အဝန်းကို တိုက်ရိုက် မပါဝင်စေဘဲ အဝေးကနေ ဆုံးဖြတ်ချက် မချသင့်ပါဘူး” ဟု ပြောကြားခဲ့ပါတယ်။

လက်ရှိတွင် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ရိုဟင်ဂျာ ဒုက္ခသည် ၁.၂ သန်းကျော်ကို လက်ခံထားရပြီး ၂၀၁၇ ခုနှစ် စစ်တပ်၏ နှိမ်နင်းမှုများကြောင့် နေရပ်စွန့်ခွာခဲ့ရသည်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့က ၉ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

Source – New Age