ဇွန် ၃၀၊ ၂၀၂၆
The Kaladan Post
ဒေါ်နယ်ထရမ့် အစိုးရက အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) ကို ဖျက်သိမ်းခဲ့တာ တစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်ပေမယ့်၊ အမေရိကန်ပြည်သူအများစုကတော့ ပြည်ပနိုင်ငံတွေကို သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး၊ ကူးစက်ရောဂါ ကာကွယ်ရေးနဲ့ လုံခြုံရေးမြှင့်တင်ရေး အကူအညီပေးမှုတွေကို ဆက်လက်ထောက်ခံနေကြဆဲဖြစ်တယ်လို့ အင်္ဂါနေ့ (ဇွန်လ ၃၀ ရက်) တွင် ထုတ်ပြန်တဲ့ စစ်တမ်းအသစ်တစ်ခုအရ သိရပါတယ်။
ရော့ကဖဲလားဖောင်ဒေးရှင်း (Rockefeller Foundation) ရဲ့ ကမကထပြုမှုနဲ့ Echelon Insights အဖွဲ့က ဇွန်လ ၁၂ ရက်ကနေ ၁၆ ရက်နေ့အထိ မဲဆန္ဒရှင် ၂,၀၂၂ ဦးကို ကောက်ယူခဲ့တဲ့ ဒီစစ်တမ်းအရ ရီပတ်ဘလစ်ကန်ပါတီဝင်တွေနဲ့ သမ္မတထရမ့်ရဲ့ “MAGA (Make America Great Again)” အမာခံထောက်ခံသူတွေဟာ ပြည်ပအကူအညီပေးရေးနဲ့ ပတ်သက်လို့ အစပိုင်းမှာ သံသယရှိခဲ့ကြပါတယ်။ အမေရိကန်ပြည်သူ အများစုကလည်း ဒီအကူအညီပေးရေး အစီအစဉ်တွေအတွက် နှစ်စဉ် အမေရိကန်ဘတ်ဂျက်ရဲ့ ၂၀ ရာခိုင်နှုန်းလောက်အထိ အများအပြား သုံးစွဲနေရတယ်လို့ အထင်အမြင်လွဲမှားနေကြပါတယ်။
ဒါပေမဲ့ အမှန်တကယ်မှာ ၂၀၂၅ ခုနှစ် မတိုင်ခင်က ပြည်ပအကူအညီပေးရေးအတွက် အမေရိကန်ဘတ်ဂျက်ရဲ့ ၁ ရာခိုင်နှုန်းသာ သုံးစွဲခဲ့ပြီး၊ အဲဒီငွေတွေနဲ့ ဘာတွေလုပ်ဆောင်နိုင်ခဲ့လဲဆိုတဲ့ အချက်အလက်တွေကို ရှင်းပြလိုက်တဲ့အခါမှာတော့ ထောက်ခံမှုဟာ ၅၄ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့ပါတယ်။ ရီပတ်ဘလစ်ကန်တွေရဲ့ ထောက်ခံမှုက ၅၈ ရာခိုင်နှုန်းအထိ ရှိလာသလို၊ ထရမ့်ကို အမာခံထောက်ခံတဲ့ MAGA အုပ်စုတွေကတောင် ၅၀ ရာခိုင်နှုန်းအထိ ထောက်ခံလာကြတယ်လို့ ဖောင်ဒေးရှင်းက ဆိုပါတယ်။
သမ္မတ ထရမ့် ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ အာဏာရလာတာနဲ့ တပြိုင်နက် သူ့ရဲ့ “အမေရိကန် ပထမ (America First)” မူဝါဒကတိကဝတ်အတိုင်း USAID အဖွဲ့ကြီးကို ဖျက်သိမ်းပစ်ခဲ့ပါတယ်။ အဲဒီလုပ်ရပ်ကြောင့် USAID ဝန်ထမ်းနဲ့ ကန်ထရိုက်တာ ၁၀,၀၀၀ ကျော် အလုပ်ပြုတ်ခဲ့ရပြီး၊ စီမံကိန်း ထောင်ပေါင်းများစွာ ရပ်ဆိုင်းသွားခဲ့တဲ့အတွက် အမေရိကန်ရဲ့ အကူအညီတွေကို မှီခိုနေရတဲ့ ကမ္ဘာတစ်ဝန်းက အဆင်းရဲဆုံးလူဦးရေ သန်းပေါင်းများစွာ အတိဒုက္ခရောက်ခဲ့ရပါတယ်။ အမေရိကန်ရဲ့ ပြည်ပအကူအညီပေးငွေဟာလည်း ယခင်နှစ်က ဒေါ်လာ ၇၂ ဘီလီယံ ရှိခဲ့ရာကနေ ၂၀၂၅ ဘဏ္ဍာနှစ်မှာ ၄၇ ဘီလီယံအထိ ကျဆင်းသွားခဲ့ပါတယ်။ ဒီလို အကူအညီတွေ ဖြတ်တောက်လိုက်တဲ့အတွက် ၂၀၃၀ ပြည့်နှစ်အရောက်မှာ နောက်ထပ် လူ ၁၄ သန်းကျော် အပိုဆောင်း သေဆုံးနိုင်တယ်လို့ The Lancet ဆေးပညာဂျာနယ်က ပြီးခဲ့တဲ့နှစ်က သတိပေးခဲ့ဖူးပါတယ်။
ဒီစစ်တမ်းရလဒ်နဲ့ ပတ်သက်ပြီး ရော့ကဖဲလားဖောင်ဒေးရှင်းက စီမံကိန်းခေါင်းဆောင်နဲ့ ပင်တဂွန်စစ်ဌာနချုပ် မိန့်ခွန်းရေးဆရာဟောင်း ဂျွန်ဂန်းစ် (John Gans) က “ဒီအချက်အလက်တွေက အမေရိကန်ပြည်သူတွေဟာ ကမ္ဘာကြီးကို ကူညီဖို့ စိတ်ဝင်စားမှုမရှိတော့ဘူးလို့ ပြောနေသူတွေကို တိုက်ရိုက်ချေပလိုက်တာပါပဲ။ USAID ကို ဖျက်သိမ်းလိုက်တာ တစ်နှစ်ပြည့်သွားပေမယ့်၊ အမေရိကန်ပြည်သူ အများစုကတော့ ကမ္ဘာတစ်ဝန်းက ငတ်မွတ်နေသူတွေကို ကျွေးမွေးဖို့၊ ဖျားနာသူတွေကို ကုသပေးဖို့နဲ့ အကျပ်အတည်းတွေကို တုံ့ပြန်ဖို့ ဖက်ဒရယ်ရန်ပုံငွေတွေ ဆက်ထားချင်ရုံသာမကဘဲ၊ ရန်ပုံငွေတိုးပေးဖို့ပါ ခိုင်လုံတဲ့ အကြောင်းပြချက်တွေ မြင်တွေ့နေကြပါတယ်။” လို့ မှတ်ချက်ပြုပါတယ်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာ (Ebola) ကူးစက်ရောဂါကို တိုက်ဖျက်ဖို့အတွက် အမေရိကန်က ရန်ပုံငွေတွေ ဖြတ်တောက်လိုက်တာကြောင့် ရောဂါပိုမိုပြန့်ပွားလာရတယ်ဆိုတဲ့ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်ကို သိရှိပြီးနောက်မှာတော့ ရီပတ်ဘလစ်ကန်တွေရဲ့ ထောက်ခံမှုဟာ ၆၂ ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။ MAGA မဲဆန္ဒရှင်တွေကတောင် ၅၂ ရာခိုင်နှုန်းအထိ ထောက်ခံလာခဲ့ပါတယ်။ လတ်တလောမှာလည်း ထရမ့်အစိုးရဟာ အီဘိုလာရောဂါ တိုက်ဖျက်ရေးအတွက် ကွန်ဂရက်လွှတ်တော်ဆီကနေ ရန်ပုံငွေ ဒေါ်လာ ၁.၄ ဘီလီယံကျော် တောင်းခံထားတယ်လို့ ရိုက်တာသတင်းက ပြီးခဲ့တဲ့အပတ်က ဖော်ပြခဲ့ပါတယ်။
စစ်တမ်းဖြေဆိုသူ ၈၀ ရာခိုင်နှုန်းက အကူအညီပေးရေး အစီအစဉ်တွေကို လုံးဝဖျက်သိမ်းပစ်မယ့်အစား ပြုပြင်ပြောင်းလဲမှုတွေလုပ်ပြီး ပိုမိုကောင်းမွန်တဲ့ စောင့်ကြည့်ထိန်းကျောင်းမှုတွေနဲ့ လုပ်ဆောင်သင့်တယ်လို့ ဖြေဆိုခဲ့ကြပါတယ်။ အကျိုးသက်ရောက်မှုကို ထည့်မစဉ်းစားဘဲ အကူအညီပေးရေး အစီအစဉ်အားလုံးကို အလုံးစုံဖြတ်တောက်သင့်တယ်လို့ ဖြေဆိုသူကတော့ ၁၂ ရာခိုင်နှုန်းသာ ရှိပါတယ်။
သတင်း Source: Reuters